www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 3, 2016

လူတိုင်းပါဝင်သော ကျန်းမာရေး စောင့်ရှောက်မှု


လူတိုင်းပါဝင်သော ကျန်းမာရေး စောင့်ရှောက်မှု

ယခုရက်ပိုင်း အတွင်း မြစ်ရေကြီးခြင်း သတိပေးချက် များနှင့်အတူ သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်ရေး ဆောင်ရွက်မှု သတင်း၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ ကာကွယ်ရေး သတိပေး နှိုးဆော်ချက် သတင်းနှင့် တခြား ကျန်းမာရေး သတင်းများ တွေ့ရသည်။

ကျန်းမာရေး သတင်းများတွင် စစ်ကိုင်းတိုင်း ဒေသကြီး နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်မြို့နယ် ထန်ခေါ်လန် ကျေးရွာ၌ ဇွန်ပထမ ရက်သတ္တပတ် မှစ၍ ပြည်သူများ ဖျားနာခြင်း၊ မျက်စိနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူ လမ်းကြောင်း ပိုးဝင်ခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်း စသော ရောဂါများနှင့် တခြားရောဂါ များကြောင့် ကလေးငယ်များ နှင့် လူကြီးတချို့ သေဆုံးလျက် ရှိကြောင်း သိရသဖြင့် ကျေးလက် ကျန်းမာရေး ဌာနမှ သားဖွားဆရာမ တစ်ဦးက သွားရောက် ကွင်းဆင်းကုသ ပေးခဲ့သည်။

သို့သော် လူနာ များပြားခြင်းနှင့် အပူဖုထွက်သော ရောဂါ လက္ခဏာများ ဖြစ်ပွား၍ သေဆုံးသူ များပြား နေကြောင်း သိရသဖြင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဝင် ဦးဆောင်သော လဟယ်မြို့နယ် မှ တိုက်နယ် ဆရာဝန် တစ်ဦး၊ ကျန်းမာရေးမှူး တစ်ဦးနှင့် ဓာတ်ခွဲခန်းမှူး တစ်ဦးတို့ ဇူလိုင် ၂၄ ရက်တွင် သွားရောက်ပြီး လူနာ ၁၆၂ ဦးကို ကုသပေး ခဲ့ကြသည်။ ၄င်းရက်များ တွင် သေဆုံးသူ ၁၈ ဦးရှိရာ အသက် ၂၂ နှစ်မှ ၉၄ နှစ်ကြားရှိသူ ငါးဦး၊ ကလေးငယ် တစ်နှစ်မှ ၁၂ နှစ်ကြားရှိသူ ၁၃ ဦးဖြစ်ကြောင်း လဟယ်မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

နိုင်ငံတော်တွင် ပြည်သူများအတွက် ထိရောက်သော ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး တတိယနေ့ တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များ ဆွေးနွေးသွား ကြသည်။ ရှမ်းပြည်နယ် လားရှိုး မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုင်းမောက်ခမ်း က ဆွေးနွေးရာ၌ ကျန်းမာရေး ဝန်ကြီးဌာန၏ ယခင် ဖွဲ့စည်းပုံအရ ကျန်းမာရေး ဦးစီးဌာနသည် လုပ်ငန်းပမာဏ ကြီးမားပြီး ဝန်ထမ်း အများဆုံး၊ လုပ်ငန်း အရှုပ်ထွေး ဆုံးနှင့် မနိုင်ဝန် ထမ်းခဲ့ရသည့် ဦးစီးဌာန တစ်ခုဖြစ်ခဲ့ ရပါကြောင်း၊ ကုသရေး ကဲ့သို့ပင် ပြည်သူ့ ကျန်းမာရေး ဖြစ်သည့် ကာကွယ်ရေး အပိုင်းသည် ကူးစက်ရောဂါ များဖြစ်သည့် ငှက်ဖျား၊ တီဘီ၊ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်၊ အနာကြီး၊ ဆင်ခြေထောက်၊ မျက်ခမ်းစပ်၊ ကာလဝမ်း၊ သွေးလွန်တုပ်ကွေး၊ ကြက်ငှက် တုပ်ကွေး၊ ဆားစ်၊ မားစ်၊ ဇီကာ၊ အီဘိုလာ စသည်တို့ကို အခါမလပ် စောင့်ကြပ် ကုသရသည့် အပြင် တစ်နိုင်ငံလုံး ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များတွင် လုပ်ဆောင် နေရ ပါကြောင်း၊ ယင်းလုပ်ငန်း များအတွက် အဆောက်အအုံ၊ ဆေးဝါး၊ စက်ကိရိယာ၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ ကျွမ်းကျင် ဝန်ထမ်းနှင့် လုံလောက်သည့် ရန်ပုံငွေများ လိုအပ်သည့်အပြင် ပြည်သူတစ်ရပ်လုံး ပါဝင်လာအောင် ပညာပေးစည်းရုံး နိုင်ပါမှ အောင်မြင်မည့် လုပ်ငန်း ဖြစ်ပါကြောင်း ဆွေးနွေးသည်။

ထို့ပြင် ပြည်သူများကို ထိရောက် လုံလောက်သည့် ကျန်းမာရေး ဝန်ဆောင်မှုများ ပေးနိုင်ရန် ဆိုပါက ကျွမ်းကျင်လူသား အရင်းအမြစ် ပြည့်စုံမှု၊ ပြည်သူလူထု  ကျန်းမာရေး အသိဖြင့် ပူးပေါင်း ပါဝင်လာမှု၊ နိုင်ငံတော်၏ စီးပွားရေး တောင့်တင်း ခိုင်မာမှု၊ မခိုင်မာမှု၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိမှု၊ မရရှိမှု၊ ကျေးလက်ဒေသ အထိ လွှမ်းခြုံနိုင်မည့် ကျန်းမာရေး စောင့်ရှောက်မှု၊ ပုဂ္ဂလိကကဏ္ဍ တိုးမြှင့် ပါဝင်လာမှု၊ လူတိုင်း ကျန်းမာရေး လွှမ်းခြုံမှုစနစ် ရရှိမှု၊ မရရှိမှု စသည်တို့နှင့် များစွာ သက်ဆိုင်ပါကြောင်း ဆွေးနွေးသည်ကို ကြားလိုက်ရသည်။

သို့ဖြစ်၍ ထိရောက် လုံလောက်သည့် ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်ရန် လိုအပ်ချက် များမှ ပြည်သူလူထု ကျန်းမာရေး အသိဖြင့် ပူးပေါင်းပါဝင်မှု ဆိုသည်မှာ ပြည်သူ တစ်ဦးချင်း က ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်  စားသောက်မှု ပုံစံကို အလေးထား လိုက်နာ ကြခြင်းဖြင့် ပူးပေါင်းပါဝင် ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။

(အယ်ဒီတာ့အာဘော်)

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger