www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 7, 2016

ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များကို နေ့ညမပြတ် လွှမ်းခြုံကြည့်ရှုနိုင်ရန် e-Watching Tower စနစ်သုံး ကင်မရာ ၇ လုံးထပ်မံတပ်ဆင်ရန် လိုအပ်မည်



ရန်ကုန် ၊ ၇-၇-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မီးဘေး အန္တရာယ်နှင့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်လာပါက အချိန်နှင့် တစ်ပြေးညီ လွှမ်းခြုံကြည့်ရှု နိုင်ရန် e-Watching Tower စနစ် အသုံးပြုသည့် ကင်မရာ ခုနစ်လုံးထပ်မံ တိုးချဲ့ တပ်ဆင်ရန် လိုအပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ သိရသည်။

ထိုသို့ ထပ်မံ တပ်ဆင်ရန် လိုအပ်သည့် နေရာခုနစ်ခုမှာ ရွှေပြည်သာ တံတားအနီးရှိ တာဝါတိုင် သို့မဟုတ် အထပ်မြင့် အဆောက်အအုံ၊ မင်္ဂလာဒုံမြို့နယ် မီးသတ်စခန်း အနီးရှိ တာဝါတိုင် သို့မဟုတ် အထပ်မြင့် အဆောက်အအုံ၊ ရွှေပေါက်ကံ မီးသတ်စခန်း အနီးရှိ တာဝါတိုင် သို့မဟုတ် အထပ်မြင့် အဆောက်အအုံ၊ ဒဂုံ(မြောက်ပိုင်း) မြို့နယ် မီးသတ်စခန်း အနီးရှိ တာဝါတိုင် သို့မဟုတ် အထပ်မြင့် အဆောက်အအုံ၊ ဒဂုံ(ဆိပ်ကမ်း) မြို့နယ် မီးသတ်စခန်း အနီးရှိ တာဝါတိုင် သို့မဟုတ် အထပ်မြင့် အဆောက်အအုံ၊ သီလဝါ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းရှိ တာဝါတိုင် သို့မဟုတ် အထပ်မြင့် အဆောက်အအုံ နှင့် သာကေတမြို့နယ် မီးသတ်စခန်း အနီးရှိ တာဝါတိုင် သို့မဟုတ် အထပ်မြင့် အဆောက်အအုံတို့ ဖြစ်သည်။

e-Watching Tower စနစ်သုံး ကင်မရာများအား လက်ရှိတွင် ဆာကူရာတာဝါ ၌ တစ်လုံး၊ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ တစ်လုံး၊ မြဝတီ အသံလွှင့် တာဝါ၌ နှစ်လုံး၊ (၈)မိုင်အိတ်ချိန်း တာဝါ၌ နှစ်လုံးနှင့် ဘုရင့်နောင် အိတ်ချိန်းတာဝါ ၌ နှစ်လုံး တပ်ဆင် အသုံးပြုလျက် ရှိကာ ၂၄ နာရီပတ်လုံး နေ့အချိန်တွင် မီးခိုး၊ ညအချိန်တွင် မီးရောင်တို့ကို စောင့်ကြည့်၍ မီးဘေး လုံခြုံရေးလုပ်ငန်း အား ဆောင်ရွက်လျက် ရှိသည်။ သို့သော် လက်ရှိ တပ်ဆင် အသုံးပြုလျက် ရှိသည့် ကင်မရာ ရှစ်လုံးသည် ရန်ကုန်မြို့တော် ၏ ဧရိယာသုံးပုံနှစ်ပုံ ကိုသာ လွှမ်းခြုံကြည့်ရှု နိုင်ပြီး ကင်မရာခုနစ်လုံး ထပ်မံ တပ်ဆင်နိုင်မှသာ ရန်ကုန်တစ်မြို့လုံး အပြင် သီလဝါ ဆိပ်ကမ်းကိုပါ လွှမ်းခြုံကြည့်ရှု နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်သည် ရန်ကုန်တိုင်း ဒေသကြီးအတွင်း မီးဘေးနှင့် သဘာဝ ဘေးအန္တရာယ် ကျရောက် လာပါက လျင်မြန်စွာတုံ့ပြန် ဆောင်ရွက်နိုင်ရေး အတွက်  ICT နည်းပညာသုံး Command & Control Center ကို ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် အတွင်း စုစုပေါင်း ခွင့်ပြုငွေ ၁၉၄ ဒသမ ၉၂၇ သန်းဖြင့် စတင်ဆောင်ရွက် ခဲ့သည်။ Command & Control Center တွင် e-Watching Tower System ၊ Vehicle Tracking System နှင့် IP-Camera System စသည့် စနစ် သုံးမျိုးအား အသုံးပြုထားသည်။ IP ကင်မရာ စနစ်သည် မီးလောင်မှု ဖြစ်ပွားသည့် နေရာကို တိုက်ရိုက်မြင်တွေ့ နိုင်သည့်အတွက် မီးသတ်ယာဉ် များ၌ တပ်ဆင် ထားကြောင်း သိရသည်။

အဆိုပါ IP ကင်မရာအား ရန်ကုန်တိုင်း ဒေသကြီး၌ အလုံး ၂ဝ၊ မကွေးတိုင်းေ ဒသကြီး၌ ၁ဝ လုံး၊ နေပြည်တော်၌ ၁ဝ လုံး၊ မန္တလေးတိုင်း ဒေသကြီး၌ ၁ဝ လုံး၊ ရှမ်းပြည်နယ်၌ အလုံး ၂ဝ၊ ဧရာဝတီတိုင်း ဒေသကြီး၌ သုံးလုံးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး၌ တစ်လုံး တပ်ဆင်ထားသည်။

ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မီးသတ်စခန်း ၃၁ ခု၏ မီးသတ်ယာဉ် ၁၄ဝ စီးတွင် GPS Device များ တပ်ဆင်ထားပြီး Real Time ရရှိရန် ကိုယ်ပိုင် GPS Network တည်ဆောက် ထားသည်။ Online Tracking စနစ်ဖြစ်သည့် အတွက် မီးသတ်ယာဉ်များ ရောက်ရှိသည့် တည်နေရာအား အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ပြီး Command & Control Center  မှ တိုက်ရိုက်ကြည့်ရှု နိုင်သည့်အတွက် တာဝန်ရှိသူများ အနေဖြင့် တိုက်ရိုက် ကြပ်မတ် ကွပ်ကဲနိုင်ကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger