www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 15, 2016

သုံးရက်အတွင်း သံသယရှိသူ ၈၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်း ခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်


သုံးရက်အတွင်း သံသယရှိသူ ၈၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်း ခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်


( ရှိန်းထက် )

ဇွန် ၁ဝ ရက် သောကြာနေ့ တွင် စတင်ခဲ့သော ဘင်္ဂလားဒေ့ရှ် ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး တန်ပြန် အစီအစဉ်တွင် သုံးရက်အတွင်း လူပေါင်း ၈ဝဝဝ ကျော် ဖမ်းဆီးထိန်းသိမ်း ခဲ့သည်။ ထိုအထဲတွင် ISIS နှင့် အယ်လ်ကေးဒါး အကြမ်းဖက် သမားပေါင်း ရာချီလည်း ပါဝင်ခဲ့ပြီး ပိတ်ပင်ခံထား ရသော JMB ပါတီမှ အစွန်းရောက် အစ္စလာမ်မစ် များလည်း ပါဝင်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ၌ လွန်ခဲ့သော လများက လူသတ်မှုများ ဆက်တိုက်ဖြစ်ပွား ခဲ့ပြီး ဟိန္ဒူ ဘုန်းတော်ကြီး တစ်ပါး၊ ဘုန်းကြီးကျောင်း အလုပ်သမား တစ်ဦး၊ ခရစ်ယာန် ဆိုင်ရှင်တစ်ဦး အကြမ်းဖက်မှု တိုက်ဖျက်ရေး အရာရှိ၏ ဇနီး အပါအဝင် တက္ကသိုလ် ပါမောက္ခတစ်ဦး တို့ ဆက်တိုက် ဆိုသလို အသတ်ခံခဲ့ ရသည်။ ယင်းမတိုင်မီ ကလည်း ဘလော့ဂါများ၊ လိင်တူချစ်သူများ၊ နိုင်ငံခြား အကူအညီပေး နေသူများနှင့် အစ္စလာမ် ဘာသာ မယုံကြည်သူ များကို အကြမ်းဖက် အစွန်းရောက် တို့က အိမ်တိုင်ရာရောက် သေဒဏ်ပေးခဲ့ ကြသည်။

ဘင်္ဂလားဒေ့ရှ် ၏မြို့တော် ဒါကာ သည်ပင် အကြမ်းဖက် မြို့တော်ကြီး တစ်ခုကဲ့သို့ ဒုစရိုက်မှုများနှင့် အချိန်ပြည့် ဖုံးလွှမ်းနေခဲ့ပြီး ဘာသာရေး အစွန်းရောက် များကြောင့် နေ့တိုင်းလိုလို လူသတ်မှု များနှင့် သွေးစွန်းနေသော နေရာဖြစ်သည်။ ISIS တို့ကလည်း စိမ့်ဝင်လျက် ရှိနေချိန် အယ်လ်ကေးဒါး တို့ကလည်း ခြေကုပ် ယူထားသည်။ ထိုသူများနှင့် ဘင်္ဂလားဒေ့ရှ် ပြည်တွင်း အစ္စလာမ်မစ် တို့နှင့် ပေါင်းမိသွား ချိန်တွင် မြို့တော် ဒါကာ သည် အကြမ်းဖက်မြို့တော် အဖြစ် ပြောင်းလဲ သွားခဲ့သည်။

ယခု သုံးရက်အတွင်း ဖမ်းဆီးခံထား ရသောလူ ၈၅၅၉ ဦးလုံးသည် ပြစ်မှု ကျူးလွန်သူများ ဖြစ်ကာ ISIS ၊ အယ်လ်ကေးဒါး တို့နှင့် မသက်ဆိုင် သော်လည်း တခြား လူသတ်မှုများ၊ တရားမဝင် လက်နက် ကိုင်ဆောင်မှုများ၊ မူးယစ်ဆေး အမှုများကို ကျူးလွန်သူများ ဖြစ်သည်။ ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဘင်္ဂလားဒေ့ရှ်ကို မကောင်းမှုများ အားလုံး ပျောက်ကွယ်ပြီး တရားဥပဒေ စိုးမိုးရေး ရရှိအောင် ပြုလုပ်မည်ဟု ဇွန် ၁၁ ရက်က ကြွေးကြော်ခဲ့ပြီး ဒါကာ ၏ ဆင်ခြေဖုံးနှင့် လမ်းကြိုလမ်းကြား ပါမကျန် အကြမ်းဖက်မှု ကျူးလွန်သူများကို လိုက်လံ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးပြုလုပ်ခွင့် ပိတ်ပင်ခံထား ရသော JMB ဂျမားမူဂျာဟစ်ဒင် အစ္စလာမ်မစ် အုပ်စုသည် အကြမ်းဖက်မှု များတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက် နေသည်ဟု ရှိတ်ဟာစီနာ အစိုးရက ပြောသည်။ အဖွဲ့၏ ရန်ပုံငွေအတွက် မူးယစ်ဆေးဝါးများ ရောင်းသူ လက်နက်မှောင်ခို သွင်းသူ အကြမ်းဖက် အုပ်စုများနှင့် ပေါင်းပြီး သူတို့ အဖွဲ့ကို ဖိနှိပ်သော လက်ရှိအစိုးရကို တိုက်ခိုက်သည်။ သူတို့၏ အာဏာရ လက်ရှိအစိုးရ ကို တိုက်ခိုက်သော နည်းသည် ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်ပြီး အစိုးရကို အယုံအကြည် နည်းအောင် လုပ်သည့်နည်း ဖြစ်သည်။ အကြမ်းဖက်မှု များကို မကိုင်တွယ် နိုင်သော အစိုးရကို ပြည်သူက ယုံကြည်မှု ကင်းမဲ့ပြီး နောက်ဆုံး ရာထူးမှဆင်းရ စေမည့် ရည်ရွယ်ချက် ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်ကြောင့် ကြားထဲက ပြည်သူများမှာ မြေစာပင် ဖြစ်ခဲ့ရပြီး အပြစ်မဲ့ပြည်သူ တို့၏ အသက်ပေါင်း များစွာကို စတေးပေး ခဲ့ရသည်။

ISIS အကြမ်းဖက် အဖွဲ့သည် သူတို့ အခြေစိုက်သည့် ဆီးရီးယားနှင့် အီရတ်၌ ယခင်ကကဲ့သို့ အစစအရာရာ မပြည့်စုံနိုင် တော့ဘဲ ရန်ပုံငွေရရှိရန် အသည်းအသန် ကြိုးပမ်းနေ ရသည်။ ယခင်က ရရှိခဲ့သော မှောင်ခို ရေနံဈေးကွက် သည်လည်း အမေရိကန် နှင့် ရုရှားတို့ကြောင့် ပျက်စီး ခဲ့ရသည်။ ထို့ပြင် သူတို့၏ မှောင်ခို လမ်းကြောင်းများ အားလုံးကိုလည်း အမေရိကန်နှင့် ရုရှားတို့က အချိန်ပြည့် စောင့်ကြည့်ပြီး ဗုံးကြဲနေသည်။ သူ၏တပ်ဖွဲ့ဝင် များကို လစာပေးရန် ISIS တို့ စဉ်းစား နေရသည့်အချိန်ကို ရောက်နေပြီး ရန်ပုံငွေ အင်အားကို ချွေတာသည့် အနေဖြင့် စည်းကမ်း မလိုက်နာသည့် ISIS အဖွဲ့ဝင်များကို ဒဏ်ငွေရိုက် နေရသည်။ ထို့ကြောင့် အာရုံလွှဲသည့် စနစ်တစ်ခု အနေဖြင့် တခြားနိုင်ငံများ၌ အကြမ်းဖက်မှု များကို ISIS တို့ ဖြစ်သည့်နည်းနှင့် ဆောင်ရွက်လိမ့် မည်ဟု အမေရိကန် တို့က အစောပိုင်း ကတည်းက ဟောကိန်းထုတ် ခဲ့ကြသည်။

ISIS ကို ထိပ်ဆုံးမှ ချေမှုန်းနေသော ရုရှားနှင့် အမေရိကန် နှစ်နိုင်ငံစလုံးသည် ယခုဆိုလျှင် ISIS ၏ အကြမ်းဖက်မှု များကို အသီးသီးခံ ခဲ့ရပြီဖြစ်သည်။ ရုရှား ၌ ISIS အချိတ်အဆက် ချေချင်းညာတို့၏ တိုက်ခိုက်မှုများကို ခံခဲ့ရပြီး အမေရိကန်၌လည်း လူ ၄၉ ဦးသေဆုံး ခဲ့သော အော်လန်ဒို လူသတ်မှုကြီး ဖြစ်ပွားခဲ့သည်။ အမေရိကန် သမိုင်းကြောင်း တစ်လျှောက် အကြီးမားဆုံး အကြမ်းဖက်မှုကြီး ဖြစ်ခဲ့ပြီး ISIS တို့၏ အမေရိကန် အပေါ် အောင်ပွဲ တစ်ခုလည်း ဖြစ်ခဲ့သည်။

အထိနာနေသော ISIS တို့သည် အကြမ်းဖက်မှု များကို အယောင်ပြ ပြုလုပ်နေပြီး ISIS တို့၏ အာရှ၌ အားအထားရဆုံး နှစ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ် နှင့် အင်ဒိုနီးရှား ဖြစ်သည်။ အင်ဒိုနီးရှားမှ ဆီးရီးယားနှင့် အီရတ်သို့ ထွက်ခွာပြီး ISIS တို့နှင့် သွားရောက် ပူးပေါင်းသူ ၅ဝဝ ကျော်အထိ ရှိသော်လည်း အစိုးရ၏ လုံခြုံရေး ကိုင်တွယ်ပုံ ကောင်းမွန် ခဲ့သောကြောင့် အကြမ်းဖက်မှု အနည်းငယ် သာရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ကတော့ ဆီးရီးယားနှင့် အီရတ်သို့ သွားရောက် ပူးပေါင်းသူ အနည်းငယ်သာ ရှိပြီး ISIS ကနည်းနည်း ပြည်တွင်း အကြမ်းဖက် အခြေခံမူဝါဒ လက်ကိုင်ထားသူ များနေသောကြောင့် အကြမ်းဖက်မှု အများဆုံး ဖြစ်နေရခြင်း ဖြစ်သည်။ ISIS က ခင်းပေးလိုက်သည့် အကြမ်းဖက် လမ်းပေါ်၌ ဘင်္ဂလားဒေ့ရှ် ပြည်တွင်းဖြစ် အစ္စလာမ်မစ် များက သူ့ပြည်သူကို သူသတ်ပြီး လမ်းလျှောက် ခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ် ၌ အကြမ်းဖက် အန္တရာယ် ပပျောက်ချင်လျှင် ပြည်တွင်းဖြစ် အစ္စလာမ်မစ် အစွန်းရောက် များကို အရင်ဆုံး ရှင်းပစ်ရမည် ဟု အကြမ်းဖက်မှု တိုက်ဖျက်ရေး ကျွမ်းကျင်သူ များက အကြံပေး ထားခြင်းဖြစ်သည်။ ယခု ရှိတ်ဟာစီနာ ၏ လမ်းစဉ်သည် ထိုအကြံ ပြုချက်၏ လမ်းစဉ်အတိုင်း လိုက်နေခြင်း ဖြစ်သည်။ ပြည်တွင်းဖြစ် အကြမ်းဖက် သမားရော ပြည်ပ အကြမ်းဖက် သမားပါမကျန် အားလုံးကို လိုက်ဖမ်းနေခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် သည် လောကုတ္တရာ ရေးရာများ အကြောင်းကို ရေးသားသော ဘလော့ဂါ များကို သတ်မှုဖြင့် ကမ္ဘာပေါ်၌ နာမည်ကြီးသော နိုင်ငံဖြစ်သည်။ ထို ဘလော့ဂါများကို သတ်သည့် သူများသည် ISIS လည်းမဟုတ်၊ အယ်လ်ကေးဒါး လည်းမဟုတ် သာမန်ပြည်သူ ထဲက ဘာသာရေး အစွန်းရောက် များသာလျှင် ဖြစ်သည်။ အီဂျစ်ကဲ့သို့ တခြား အစ္စလာမ်မစ် နိုင်ငံများ၌ ဘာသာရေး ဥပဒေနှင့် နိုင်ငံကို အုပ်ချုပ်မှု ဆန့်ကျင်နေ ချိန်တွင် ဘင်္ဂလားဒေ့ရှ် တွင်တော့ နိုင်ငံကို ဘာသာရေး ဥပဒေနှင့် အုပ်ချုပ်ရန် အစွန်းရောက် မွတ်စလင် တို့က ကြိုးစားနေသည်။

ဘင်္ဂလားဒေ့ရှ်၌ အကြမ်းဖက်မှု လုံးဝ ပပျောက်ရန် ယင်းကဲ့သို့ ဘာသာရေး အစွန်းရောက် မူဝါဒများကို ခွာချပစ်ဖို့ လိုသည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ် တွင်တော့ အစွန်းရောက် ဘာသာရေး မူဝါဒက ကြီးသည်ထက် ကြီးလာနေသည်။ ထို အခြေအနေကို ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ထိန်းချုပ် နိုင်မှသာ ဘင်္ဂလားဒေ့ရှ် ကို အကြမ်းဖက်မှု ကင်းစင်နိုင်ငံ အဖြစ် ကြွေးကြော် နိုင်မည် ဖြစ်သည်။ ထိုသို့ မဟုတ်ဘဲ ရှိတ်ဟာစီနာ သာ လက်ရှိ အခြေအနေ ကို မထိန်းချုပ် နိုင်လျှင် ဘာသာရေး အစွန်းရောက် ဓာတ်ခံရှိသည့် သာမန်ပြည်သူ များကိုသာ အကြမ်းဖက် သမားများက ပစ်မှတ်ထားပြီး ဘာသာရေး နှင့် မှိုင်းတိုက် လိုက်လျှင် ထိုသူများသည် အကြမ်းဖက် သမား ချက်ချင်း ဖြစ်သွားပြီး အကြမ်းဖက်မှု များလည်း ယခုကဲ့သို့ ဆက်ဖြစ်နေပါက ဘင်္ဂလားဒေ့ရှ် ထောင်များ၌ အဖမ်းခံ ရသည့် လူများကြောင့် မကြာမီ ပြည့်ကျပ် သွားမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

Bangladesh arrests more than 8,000 in anti-militant drive
PHOTO: Many of those arrested were suspected criminals with existing warrants against them (AFP)

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger