www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 17, 2016

စိုက်ပျိုးရေးလုပ်ငန်းတွင် ပြည်တွင်းလုပ်ငန်းရှင်များ အမည်ခံကာ ပြည်ပနိုင်ငံသားတချို့ ၀င်ရောက်လုပ်ကိုင် နေခြင်းကြောင့် တောင်သူများ ထိခိုက်မှုရှိလာ



ရန်ကုန် ၊ ၁၇-၆-၂၀၁၆

စိုက်ပျိုးရေး လုပ်ငန်းတွင် ပြည်တွင်း လုပ်ငန်းရှင်များ အမည်ခံကာ ပြည်ပနိုင်ငံသား တချို့ ဝင်ရောက်လုပ်ကိုင် နေမှုသည် ပြည်တွင်းရှိ တောင်သူများ အတွက် ထိခိုက်မှုများ ရှိလာကြောင်း သိရသည်။

ပြည်ပ နိုင်ငံသားများသည် ပြည်တွင်း လုပ်ငန်းရှင် အမည်ခံကာ တောင်သူများ ထံမှ လယ်ယာမြေများကို နှစ် အကန့်အသတ်ဖြင့် စာချုပ်ချုပ်ဆို ငှားရမ်း၍ ဖရဲ၊ ပြောင်းနှင့် သခွား စသည်တို့ကို စိုက်ပျိုးလျက် ရှိပြီး ယင်းတို့ 
စိုက်ပျိုးသွား ခဲ့သော လယ်ယာ မြေများမှာ စာချုပ်သက်တမ်း သုံးနှစ် သို့မဟုတ် ငါးနှစ်ပြည့်ပါက ပြန်လည် စိုက်ပျိုး၍ မရတော့ကြောင်း တောင်သူများ ထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ၂ဝ၁၄ ခုနှစ် အတွင်း ပဲခူးတိုင်း ဒေသကြီး ဒိုက်ဦးမြို့နယ် ၌ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ လယ်ယာမြေနှင့် ပတ်သက်သော ဥပဒေများတွင် စိုက်ပျိုးရေး လုပ်ငန်းနှင့် ပတ်သက်၍ ပြည်ပ နိုင်ငံသားများကို ယခုကဲ့သို့ စိုက်ပျိုးလုပ်ကိုင် ရန် ခွင့်ပြုပေးထားခြင်း မရှိသော်လည်း ၄င်းတို့မှာ အကျိုးဆောင် များမှတစ်ဆင့် လယ်တစ်ဧကလျှင် တစ်နှစ်အတွက် ငွေကျပ် သုံးသိန်းမှ လေးသိန်းအထိ ပေးကာ ငှားရမ်း လုပ်ကိုင်နေကြပြီး အဆိုပါ ငှားရမ်းစိုက်ပျိုး လုပ်ကိုင်နေကြ သူများတွင် တရုတ်နိုင်ငံမှ အများဆုံး ဖြစ်ကြောင်း သိရသည်။

''ဥပဒေမှာ ပြည်ပနိုင်ငံသား တွေကို ဒီလိုမျိုး စိုက်ပျိုးဖို့ ခွင့်ပြုထားတာ မရှိဘူး။ ဒါပေမဲ့ ပြည်တွင်း လုပ်ငန်းရှင် နာမည်ခံပြီးတော့ တခြားနိုင်ငံက တရုတ်လူမျိုးနဲ့ တခြား လူမျိုးတွေ လုပ်ကိုင် နေတာတော့ ရှိတယ်။ အဲဒီလိုမျိုး လုပ်ကိုင်တဲ့ အတွက် သူတို့က သီးနှံအထွက်နှုန်း ကောင်းအောင် နည်းစနစ်မမှန်တဲ့ ဓာတ်မြေသြဇာ တွေကျွေးတော့ မြေဆီလွှာတွေ ပျက်စီးပြီး ဘာမှ စိုက်ပျိုးလို့ မရတော့ဘူး'' ဟု စာရေးဆရာ ဦးဖိုးရာဇာ က ပြောသည်။

မူဆယ်ဒေသ၌ ပြောင်းစိုက်ပျိုးရေး လုပ်ကိုင်နေသည့် ဒေသခံများ အနေဖြင့် မြေနေရာ တစ်ခုတည်းကိုသာ အရင်းစိုက်ရပြီး ကျန်ရှိသည့် သွင်းအားစုများ အားလုံးကို တရုတ် ပြောင်းကုန်သည် များက ၄င်းတို့ စိုက်ပျိုးနည်း စနစ်များအတိုင်း စိုက်ပျိုးခိုင်းပြီး ပြောင်းပေါ်ချိန်တွင် ထွက်ရှိလာသော ပြောင်းခင်းများကို ပေါက်ဈေးပေး ဝယ်ယူကြသည်။

''ဒီမှာက မြေနေရာပဲ အရင်းစိုက်ရတယ်။ ကျန်တာ သူတို့ အကုန်လာစိုက် ပေးသွားတယ်။ ဘာမှလုပ်စရာ မလိုဘူး။ ပြောင်းပေါ်ချိန် ဆိုရင် ကျွန်မတို့ကို ပေါက်ဈေးအတိုင်း ပေးတယ်။ သူတို့ကားတွေနဲ့ လာသယ်ပြီးတော့ တရုတ်နိုင်ငံကို ပို့တယ်'' ဟု မူဆယ်မြို့ခံ တစ်ဦးက ပြောသည်။

တောင်သူများသည် ၄င်းတို့၏မိသားစု စားဝတ်နေရေး အဆင်ပြေစေရန် မြေငှားကာ လတ်တလော ပြဿနာကို ဖြေရှင်းနေကြခြင်း ဖြစ်ပြီး ထိုကဲ့သို့ ဆက်လက် လုပ်ဆောင်နေမည် ဆိုပါက လတ်တလော စားဝတ်နေရေးကို ဖြေရှင်းနိုင်ခဲ့ သော်လည်း ငှားရမ်းထားသော စာချုပ်သက်တမ်း ပြည့်ချိန်တွင် ယင်းမြေပေါ်၌ ပြန်လည် စိုက်ပျိုး၍ မရသောကြောင့် အခက်အခဲ ဖြစ်ပေါ်စေနိုင်သည့် အတွက် ယင်း ပြဿနာကို ထိန်းချုပ်ပေး စေလိုကြောင်း စိုက်ပျိုးရေး ပညာရှင်များက ပြောသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger