www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 13, 2018

မြို့သာစက်မှုဥယျာဉ် မြို့တော်စီမံကိန်း လုပ်ငန်းများကို ၂ဝ၁၈ ခုနှစ်တွင်လုပ်ငန်း ၁၁ ခု ဆက်လက်အကောင်အထည် ဖော်သွားမည်



မန္တလေး ၁၃-၂-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီးမြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ရှိ မြို့သာစက်မှု ဥယျာဉ်မြို့တော် စီမံကိန်း လုပ်ငန်းများကို ၂ဝ၁၈ခုနှစ်တွင် လုပ်ငန်း ၁၁ခု ဆက်လက် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း MMID ဥက္ကဋ္ဌ
ဦးအောင်ဝင်းခိုင်ထံမှ သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း ၁၉၉ဝ ပြည့်နှစ်က မန္တလေးစက်မှုဇုန်၊ ၁၉၉၇ ခုနှစ်က မိတ္ထီလာစက်မှုဇုန်၊ ၁၉၉၈ ခုနှစ်က မြင်းခြံစက်မှုဇုန်၊ အကောင်အထည် ဖော်ဆောင်ရွက်ဆဲ ရတနာပုံစက်မှုဇုန်နှင့် မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာဒေသ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့က မြေဧက ၁ဝဝဝဝ ဖော်ထုတ်ပေးခဲ့ပြီး MMID အများပိုင်ကုမ္ပဏီ လုပ်ငန်းများကို ၂ဝ၁၃ ခုနှစ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် လုပ်ငန်း ၁၁ခုကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် မြေယာပြုပြင်ခြင်း လုပ်ငန်းနှင့် မြေသားလမ်းများ ဆောင်ရွက်ခြင်း၊ မတ်လတွင် ကွန်ကရစ်လမ်းများ စတင်တည်ဆောက်ခြင်း၊ မေလတွင် 66KVA Transmission Line စတင်တည်ဆောက်ခြင်းနှင့် ရေနုတ်မြောင်း စနစ်များ စတင်အကောင်အထည် ဖော်ခြင်း၊ ဇွန်လတွင် အပိုင်း (၂)အတွင်း လူနေအိမ်နှင့် ဆိုင်ခန်းများ တည်ဆောက်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ Golf Course and Golf Estate Hotel များ တည်ဆောက်ခြင်း၊သြဂုတ်လတွင် ရေဆိုးထုတ်စက်ရုံ Waste Water Treatment များတည်ဆောက်ခြင်း၊ စက်တင်ဘာလတွင် ဂေါက်ကလပ် အပြည်ပြည်ဆိုင်ရာ အိမ်ရာစီမံကိန်း တည်ဆောက်အကောင်အထည် ဖော်ခြင်းနှင့် 11KVA Line ကို တည်ဆောက်ခြင်း၊အောက်တိုဘာလတွင် 20 MVA Sub Station များတည်ဆောက်ခြင်းနှင့် ၂ဝ၁၉ခုနှစ် ဇန်နဝါရီလတွင် 400 Low Tension Line ဓာတ်အားရုံ တည်ဆောက်ခြင်းများ အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်သည်။

MMID အများပိုင်ကုမ္ပဏီသည် စီမံကိန်းအတွက် လိုအပ်သည့် အခြေခံများ ဖြစ်သည့် မြေသားလမ်း၊ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း၊ လျှပ်စစ်စွမ်းအင်ရရှိရေး၊ ဓာတ်အားလိုင်းများ သွယ်တန်းခြင်းလုပ်ငန်းနှင့် မရှိမဖြစ် ရေရရှိ ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခြင်း၊ စီမံကိန်းနှင့် ဆက်စပ်လျက် ဆီမီးခုံဆိပ်ကမ်း (ဧရာဝတီ) တွင် တန် ၅ဝ ကရိန်းတပ်ဆင်ထားပြီး ပေ ၄ဝ ကွန်တိန်နာများ အတင်အချပြုလုပ်နိုင်သည့် ပွန်တွန်းများ တပ်ဆင်ခြင်းလုပ်ငန်း၊ အင်ဒိုနီးရှားနိုင်ငံ Japfa အစာစပ်စက်ရုံ၊ ပြည်ပပို့ကုန်သစ် ပါးလွှာစက်ရုံ၊ ဘီစကွတ်မုန့်စက်ရုံ၊ ကွန်ကရစ်စက်ရုံနှင့် ဖိနပ်စက်ရုံလုပ်ငန်းပေါင်း ငါးခုထိ ရင်းနှီးမြှုပ်နှံ လည်ပတ်နေပြီ ဖြစ်ကြောင်း၊ မကြာမီ ဖွင့်လှစ်တော့မည့် နိုင်ငံတကာ အဆင့်မီဂေါက်ကွင်း တစ်ကွင်းနှင့် ယူနန်ပြည်နယ်ခွဲမှ အဆောက်အအုံများ တည်ဆောက်နေခြင်း၊ ပြည်တွင်းပြည်ပ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံ လာခြင်းနှင့်အတူ ဆိပ်ကမ်းစီမံကိန်း လုပ်သားဦးရေ ၄ဝ၊ စက်မှုဥယျာဉ် စီမံကိန်းတွင် ၁ဝဝ၃ဦး၊ ဂေါက်ကွင်းဧရိယာ စီမံကိန်းတွင် ၃၃၉ ဦး၊ စုစုပေါင်း ၁၃၈၂ဦးကို ဝန်ထမ်းလုပ်သားများအဖြစ် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေခြင်း၊ စီမံကိန်းဧရိယာအတွင်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လာခြင်းကြောင့် ကျေးရွာသုံးယာဉ်များ၊ ပုဂ္ဂလိကယာဉ်များ၊ ယာဉ်လိုင်းများမှ နေ့၊ညယာဉ်အစီးရေ ၁ဝဝကျော် သွားလာအသုံးပြု နေခြင်း၊ သောက်သုံးရေ ပေါများစွာရရှိလာခြင်း၊ ပတ်ဝန်းကျင်ကျေးရွာများ၏ ပညာရေး၊ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် လူနေမှုဘဝများ မြင့်မားလာပြီး မကြာမီကာလအတွင်း အဆင့်မြင့်လမ်းများ၊ မီးများ၊အိမ်ရာများ၊ အပန်းဖြေဥယျာဉ်များ၊ နိုင်ငံတကာဂေါက်ကွင်းတို့ ပြီးစီးပါက အပန်း ဖြေစရာနေရာတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်းMMID ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်ထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger