www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 6, 2016

ဆိုးဆေးကင်းသော ဈေးချိုအဖြစ် ပြုလုပ်မည်ဖြစ်ပြီး လိုက်နာမှုမရှိလျှင် အမျိုးသားအစားအသောက် ဥပဒေအရ အရေးယူမည်



မန္တလေး ၊ ၆-၅-၂၀၁၆

မန္တလေးမြို့ ဈေးချိုတော် ဈေးကို ဆိုးဆေး ကင်းသောဈေး ဖြစ်အောင် လုပ်ဆောင် သွားမည် ဖြစ်ကာ ရက် ၁ဝဝ စီမံချက်တွင် လည်း ထည့်သွင်းထားပြီး ရေရှည် ဆိုးဆေး ကင်းသော ဈေးအဖြစ် တည်တံ့ သွားအောင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဇင်ဇင်နွယ် က ပြောကြားသည်။

အဆိုပါ အဖွဲ့အစည်း အနေဖြင့် မန္တလေး မြို့ပေါ်ရှိ ဈေးချိုနှင့် အခြားဈေး များသို့ သွားရောက်ကာ ဆိုးဆေးနှင့် သိကောင်းစရာ များကို ဟောပြောပွဲများ ပြုလုပ်ခြင်း၊ စစ်ဆေးခြင်း များကို ပြုလုပ်မည် ဖြစ်ပြီး အစားအသောက် ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသူ များအား အစားအသောက် တွင် သုံးစွဲရန် ခွင့်မပြုသော ဓာတုဆိုးဆေး များကို လုံးဝ အသုံးမပြုရန် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက အမျိုးသား အစားအသောက် ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်သည်။

''ဘာဖြစ်လို့လဲ ဆိုတော့ ဆိုးဆေးပါတဲ့ အစားအသောက် ကို စားမိလိုက်ရင် ရေရှည်မှာ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုကို ထိခိုက်စေတယ်။ ဦးနှောက် မှတ်ဉာဏ်ချို့ယွင်း မှုနဲ့ ကင်ဆာကိုလဲ ဖြစ်စေနိုင် ပါတယ်။ ဈေးချိုက မန္တလေးမြို့ရဲ့ အဓိကဈေး ဖြစ်နေတော့ တခြားမြို့နယ်တွေ ၊ ရပ်ကွက်တွေနဲ့ စာသင်ကျောင်း ဈေးတွေက ဒီဈေးမှာရှိတဲ့ လက်လီ၊ လက်ကား ဆိုင်တွေကနေ တစ်ဆင့် ဝယ်ယူပြီး ပြန်ရောင်းတယ်။ ဒီဈေးမှာ ဆိုးဆေးကင်းပြီ ဆိုရင် တခြားမှာလဲ ကင်းသွား နိုင်တယ်။ ဈေးချိုကြီး တစ်ခုလုံး အစားအသောက် တွေမှာ ဆိုးဆေးကင်းတဲ့ ဈေးကြီး ဖြစ်စေချင် ပါတယ်။ ဈေးသူ၊ ဈေးသားတွေ အနေနဲ့လဲ ဝိုင်းဝန်းကူညီ စေချင်ပါတယ်'' ဟု ၄င်းက ပြောပြသည်။

အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန အနေဖြင့် အစားအသောက် စစ်ဆေးမှုကို တစ်လနှစ်ကြိမ်၊ ဆေးဝါး စစ်ဆေးမှုကို တစ်လတစ်ကြိမ် စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ယခုအခါ ရက် ၁ဝဝ စီမံချက် အတွင်း အရှိန်မြှင့် ဆောင်ရွက် သွားမည်ဖြစ်ပြီး ပစ္စည်းများကို နမူနာယူ စစ်ဆေးမှုများ ပြုလုပ် သွားမည်ဖြစ်ကာ အစားအသောက် ထုတ်လုပ်ရန် လျှောက်ထားသည့် စက်ရုံများ ကိုလည်း လိုက်လံ စစ်ဆေးပြီး လိုက်နာမှု မရှိပါက တည်ဆဲ ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ဆိုးဆေးမှာ နှစ်မျိုးရှိပြီး သဘာဝ ဆိုးဆေးနှင့် ဓာတုဆိုးဆေးတို့ ဖြစ်ကာ သဘာဝ ဆိုးဆေးသည် သဘာဝ အပင် အသီး အပွင့်တို့မှ ထုတ်လုပ် ထားသဖြင့် အန္တရာယ် ဖြစ်စေနိုင်မှု နည်းပါးကြောင်း ဓာတုဆိုးဆေး များ၌ အစားအသောက် တွင် သုံးစွဲရန် ခွင့်ပြုထားသော ဆိုးဆေးများ ရှိသကဲ့သို့ အစား အသောက်တွင် သုံးစွဲရန် ခွင့်ပြုမထားသော ဆိုးဆေး များလည်း ရှိကြောင်း သိရသည်။

ဇင် (ကောလင်း)

ရတနာပုံနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger