www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 23, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး အား ရင်းနှီးစွာလက်ခံ တွေ့ဆုံဆွေးနွေး



နေပြည်တော် ၊ ၂၃-၅-၂၀၁၆

၂၀၁၀ ခုနှစ် ၊ ရွေးကောက်ပွဲမှ စတင်လျှောက်လှမ်း နေသည့် ပြည်သူ ရွေးချယ်သော ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် တည်တည်ငြိမ်ငြိမ် ခိုင်ခိုင်မာမာ လျှောက်လှမ်း နိုင်ရေးနှင့် လွန်စွာ ရှည်လျား ရှုပ်ထွေးသည့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး တို့အတွက် တပ်မတော် အနေဖြင့် ထိန်းထိန်း သိမ်းသိမ်း ပါဝင်လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း ၊ ထိုသို့ နိုင်ငံရေး လမ်းကြောင်း တည်ငြိမ်စွာ လျှောက်လှမ်း နိုင်မှုနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များ ခိုင်ခိုင်မာမာ ဖြစ်ပေါ်မှုများ အပေါ် မူတည်၍ တပ်မတော် အနေဖြင့် နိုင်ငံရေး အခင်းအကျင်း များတွင် ပါဝင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အမေရိကန် ပြည်ထောင်စု ၊ နိုင်ငံခြားရေး ၀န်ကြီး H.E. Mr John Kerry အား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော် ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင် ၌ လက်ခံ တွေ့ဆုံစဉ် ထည့်သွင်း ပြောကြား ခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က မိမိနိုင်ငံ လွတ်လပ်ရေး မရရှိမီကပင် နှစ်နိုင်ငံ ဆက်ဆံရေး စတင်သည့် မိတ်ဆွေဟောင်း နိုင်ငံများ ဖြစ်ကြောင်းနှင့် ၂ဝ၁ဝ ခုနှစ်မှ စတင်  လျှောက်လှမ်းခဲ့သည့် ပါတီစုံ ဒီမိုကရေစီ စနစ် လျှောက်လှမ်း နိုင်ရေးအတွက် တပ်မတော်မှ ပါဝင် ဆောင်ရွက်ခဲ့မှု အခြေအနေ များ၊ ယင်း နိုင်ငံရေး လမ်းကြောင်းတွင် တည်တည် ငြိမ်ငြိမ်ဖြင့် ခိုင်မာစွာ ဆက်လက် လျှောက်လှမ်း နိုင်ရေးအတွက် ထိန်းသိမ်း လုပ်ဆောင်နေမှု အခြေအနေ များကို ဦးစွာရှင်းလင်း ပြောကြားသည်။

ဧည့်သည်တော် ဝန်ကြီးက မြန်မာနိုင်ငံ၏ သမိုင်းဝင် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ၌ တပ်မတော် အနေဖြင့် လွတ်လပ်ပြီး တရားမျှတမှု ရှိသည့် ရွေးကောက်ပွဲ ဖြစ်စေရေး၊ အသွင် ကူးပြောင်းရေး လုပ်ငန်းများ ငြိမ်းငြိမ်းချမ်းချမ်း ဖြင့် ပြီးမြောက် စေရေးတို့အား ကြိုတင် ပြောကြားခဲ့သည့် အတိုင်း အောင်မြင်စွာ လုပ်ဆောင် နိုင်သည့် အတွက် ချီးကျူး ဂုဏ်ပြုပါကြောင်း၊ ယင်းသို့ ဆုံးဖြတ် လုပ်ဆောင်ခြင်း ဖြင့် နိုင်ငံတကာ၏ ယုံကြည်မှု လမ်းကြောင်း ပေါ်သို့လည်း မြန်မာနိုင်ငံကို ပို့ဆောင် နိုင်ခဲ့ပါကြောင်း၊ လက်ရှိ အစိုးရ လက်ထက်ပြုမူ လုပ်ဆောင်မှု ကိစ္စအဝဝ တွင်လည်း ကမ္ဘာ့နိုင်ငံအသီးသီးက လေးစားရ သည့် အနေအထား ဖြစ်ပါကြောင်း၊ အမေရိကန် နိုင်ငံအနေဖြင့် ယင်းသို့ ပြောင်းလဲ ဖြစ်ပေါ် တိုးတက်မှု အခြေအနေများ အပေါ် မူတည်၍ မြန်မာနိုင်ငံ၏ တိုးတက်မှုများ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း ပြန်လည် ပြောကြား၍ နိုင်ငံ ငြိမ်းချမ်းရေး အတွက် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး ဆောင်ရွက်မှု အခြေအနေများ၊ လက်ရှိ နိုင်ငံတော် အစိုးရနှင့် တပ်မတော် ဆက်ဆံရေး အခြေအနေများ၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် တပ်မတော် နှစ်ရပ်ကြား စစ်ဘက် ဆက်ဆံရေး အခြေအနေများ၊ အာဆီယံနှင့် ပတ်သက်သည့် ဒေသတွင်း ဆက်ဆံရေး အခြေအနေ များကို အပြန်အလှန် အမြင်ချင်း ဖလှယ်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က ငြိမ်းချမ်းရေး အတွက် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး အခြေအနေ များနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ငြိမ်းချမ်းရေး နှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ များအား သတိကြီးစွာ ဆောင်ရွက် ရကြောင်း၊ မိမိနိုင်ငံ တွင် တိုင်းရင်းသား လူမျိုးများစွာဖြင့် စုစည်းထား၍ တိုင်းရင်းသား လူမျိုးတစ်မျိုး တည်းကြည့်၍ မရဘဲ အားလုံးအတွက် ထည့်သွင်း စဉ်းစားရ ကြောင်း၊ ပြီးခဲ့သည့် အစိုးရ သက်တမ်း အတွင်း NCA လက်မှတ်ရေးထိုး နိုင်ရေးအတွက် အကြိမ်ပေါင်း များစွာ ဆွေးနွေး၍ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ယုံကြည်မှု ရရှိအောင် တည်ဆောက်ခဲ့ပြီး လက်မှတ် ရေးထိုး နိုင်ခဲ့ခြင်းဖြစ်၍ ငြိမ်းချမ်းရေး ရရှိအောင် NCA ကို အလေးထား အခြေခံပြီး ဆက်လက် လုပ်ဆောင် သွားရမည် ဖြစ်ကြောင်း၊ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး အတွက်လည်း အောင်မြင်အောင် ထောက်ခံ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ လက်ရှိ တွင်လည်း တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး များအဖွဲ့ဝင် အဖြစ် ပါဝင်၍ ကြိုတင် ပြင်ဆင်မှု လုပ်ငန်းများ လုပ်ဆောင် နေကြောင်း၊ ယင်းအပေါ် လိုအပ်ချက်များ အကြံပြု ဆွေးနွေးခြင်း၊ နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ သဘောတူညီ ထားသည့် အချက်များ မယိမ်းယိုင် အောင် ထိန်းသိမ်း လုပ်ဆောင်ခြင်းဖြင့် လုပ်ငန်း အောင်မြင်အောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ 

ထို့ပြင် လက်ရှိ နိုင်ငံတော် အစိုးရနှင့် တပ်မတော် ဆက်ဆံရေး အခြေအနေ နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော် ၏ ခေါင်းဆောင်မှု အောက်တွင် တပ်မတော် အနေဖြင့် လုပ်ဆောင် နေကြောင်း၊ ရင်းရင်း နှီးနှီးဖြင့် လုပ်ငန်းများ အောင်မြင်အောင် ကူညီ ဆောင်ရွက် နေကြောင်း၊ ဥပမာ အားဖြင့် လတ်တလော ဆိုင်ကလုန်း မုန်တိုင်း တစ်ခုနှင့် ပတ်သက်၍ အစိုးရ၊ ဌာနဆိုင်ရာ အဖွဲ့အစည်း များနှင့် တပ်မတော်တို့ ပူးပေါင်း၍ မုန်တိုင်း ဒဏ် ကာကွယ်ရေး၊ ကယ်ဆယ်ရေး လုပ်ငန်း များအား ကြိုတင်ညှိနှိုင်း လုပ်ဆောင် ကြကြောင်း၊ အစိုးရ၏ ဦးဆောင်မှုဖြင့် လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် တပ်မတော် နှစ်ရပ်အကြား စစ်ဘက် ဆက်ဆံရေး အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ဧည့်သည်တော် ဝန်ကြီးက နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေး တိုးမြှင့် လိုပါကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်များ၊ ပြုပြင် ပြောင်းလဲမှု အခြေအနေ များနှင့်လည်း သက်ဆိုင် ပါကြောင်း ပြောကြားသည်။ 

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မိမိနိုင်ငံ၏ နိုင်ငံရေး ဖော်ဆောင်မှု အား မိမိနိုင်ငံနှင့် ကိုက်ညီသည့် အခြေအနေ များပေါ်တွင် မူတည်၍ များစွာ စဉ်းစား လုပ်ဆောင် ရကြောင်း၊ နိုင်ငံ၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာ၊ ပထဝီ နိုင်ငံရေး အနေအထား များနှင့် ကိုက်ညီသည့် နိုင်ငံရေးပုံစံဖြင့် လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေး ဆိုင်ရာ၊ ဘာသာရေး ဆိုင်ရာ၊ တိုင်းရင်းသား လူနည်းစု ရေးရာ ကိစ္စရပ် များနှင့် ပတ်သက်၍ လည်း မိမိနိုင်ငံတွင် ခွဲခြား ဆက်ဆံမှု၊ ဖိနှိပ် ဆက်ဆံမှုများ မရှိဘဲ တစ်ပြေးညီ အခွင့်အရေးများ ပေးထားပြီး တန်းတူညီတူပင် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တွင် လူဦးရေ ၅၁ သန်းကျော်ရှိပြီး ၈၅ ရာခိုင်နှုန်း သည် ဗုဒ္ဓဘာသာဝင် များ ဖြစ်ကြောင်း၊ အစ္စလာမ်၊ ခရစ်ယာန် အစရှိသည့် အခြား ဘာသာဝင် များကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြု ထားကြောင်း၊ ဘာသာရေး ခွဲခြားမှု မရှိကြောင်း၊ လူအများစု ကိုးကွယ်သည့် ဗုဒ္ဓဘာသာ ကိုလည်း လေးစားရမည် ဖြစ်ကြောင်း၊ တချို့ နိုင်ငံတကာတွင် ပြောဆို နေကြသည့် အခြေ အနေများနှင့် မြန်မာနိုင်ငံ၏ ပကတိ အခြေအနေ သည် ကွဲပြား ခြားနားမှုများ ရှိကြောင်း၊ ယခု အမေရိကန် နိုင်ငံ၏ ပိတ်ဆို့မှု တချို့ဖယ်ရှား ပေးခဲ့သည့် အတွက်လည်း ကျေးဇူးတင် ရှိကြောင်း၊ နှစ်ဦးနှစ်ဖက် အကျိုးရှိမည် ဟုလည်း ယုံကြည်ကြောင်း၊ မိမိနိုင်ငံ၏ ပြုပြင်ေ ပြာင်းလဲမှု အခြေအနေများ ပေါ်မူတည်၍ ပေးလာမည့် အခွင့်အရေး များနှင့် ပတ်သက်၍ အဆွေတော် နိုင်ငံ၏ ဆုံးဖြတ်ချက် အတိုင်း ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် ၁၉၈၉ ခုနှစ်တွင် ဒီမိုကရေစီ လမ်းကြောင်းကို သွားမည်ဟု ပြောကြားခဲ့သည် နှင့်အညီ လုပ်ဆောင် ခဲ့ကြောင်း၊ အကြောင်း ကြောင်းကြောင့် အချိန်ကြန့်ကြာ ခဲ့သည်သာ ဖြစ်ကြောင်း၊ ဆက်လက်၍ လည်း ယင်း လမ်းကြောင်း အတိုင်း လျှောက်လှမ်း သွားမည် ဖြစ်ကြောင်း၊ တပ်မတော်သည် စည်းကမ်း ဥပဒေနှင့် အညီ လုပ်ဆောင်ရသည့် အဖွဲ့အစည်း ဖြစ်သည့် အပြင် ပေးထားသည့် ကတိအတိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

အာဆီယံ အဖွဲ့အစည်းနှင့် ဆက်စပ်၍ ဒေသတွင်း ဆက်ဆံရေး အခြေအနေ များနှင့် ပတ်သက်၍ လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က နျူကလီးယားနှင့် ပတ်သက်၍ မိမိတို့ အနေဖြင့် လက်မခံကြောင်း၊ မိမိတို့ ဆန္ဒသည် ဖြစ်နိုင်ပါက တစ်ကမ္ဘာလုံး နျူကလီးယား ကင်းမဲ့ဇုန် ဖြစ်စေလိုကြောင်း၊ သို့ဖြစ်၍လည်း သတိကြီးစွာ ထား၍ လုပ်ဆောင် နေကြောင်း၊ ယင်းသည် နိုင်ငံအစိုးရ၏ မူဝါဒ အပေါ်တွင် မူတည် ပါကြောင်း ရှင်းလင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိများ တက်ရောက်ကြပြီး အမေရိကန် ပြည်ထောင်စု  နိုင်ငံခြားရေးဝန်ကြီးနှင့် အတူ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး H.E.Mr. Daniel Russel ၊ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E.Mr. Scot Marciel ၊ စစ်သံမှူး Col.James McAden နှင့်တာဝန်ရှိသူများ တက်ရောက် ကြကာ တွေ့ဆုံပွဲ အပြီးတွင် အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger