www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 14, 2016

ဗဟိုအမျိုးသမီးဆေးရုံကြီး ရင်သားကင်ဆာကြိုတင်ကာကွယ်ရေးဆေးခန်းတွင် ရင်သားကင်ဆာနှင့် ပတ်သက်၍ နေ့စဉ်အခမဲ့စစ်ဆေးနိုင်ပြီ



ရန်ကုန် ၊ ၁၄-၃-၂၀၁၆

ဗဟိုအမျိုးသမီး ဆေးရုံကြီးတွင် ရင်သားကင်ဆာ နှင့် ပတ်သက်၍ နေ့စဉ် အခမဲ့စစ်ဆေး နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ ရင်သားကင်ဆာ ကြိုတင် ကာကွယ်ရေး ဆေးခန်းကို ဗဟို အမျိုးသမီး ဆေးရုံကြီး၏ ပြင်ပလူနာ ဌာန (E အဆောင်) ၌ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအတွင်း အခမဲ့ လာရောက် စမ်းသပ်စစ်ဆေး နိုင်ကြောင်း ဗဟိုအမျိုးသမီး ဆေးရုံ၊ မီးယပ်ကင်ဆာ ရောဂါ ကုဌာန သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး ဒေါက်တာ မြင့်မြင့်သင်း က ပြောသည်။

‘‘နေ့တိုင်း လာစစ်ဆေးလို့ ရပါတယ်။ စစ်ဆေးလို့ မတွေ့ရင် မိမိဘာသာ လက်နဲ့စမ်းနည်း တွေကို သင်ပြ ပေးလိုက်တယ်။ လိုအပ်ရင်တော့ ရင်သားကို  ဓာတ်မှန်ရိုက်ပေးလိုက်တယ်။ ကုသဖို့ လိုအပ်တယ် ဆိုရင်တော့ ခွဲစိတ်ဌာနတွေ ဘက်ကို လွှဲပေးတာမျိုး ရှိပါတယ်’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထိုသို့ စစ်ဆေးပေးရာ၌ လက်ဖြင့် စမ်းသပ် စစ်ဆေးခြင်းနှင့် မျိုးရိုးထဲတွင် ရင်သားကင်ဆာ နှင့်သားဥအိမ် ကင်ဆာရှိသူများ၊ အသက်(၅၀)ကျော် အဝလွန်သူ များနှင့် ကလေးမမွေးဖူး သူများ၊ ရင်သား တစ်ဖက်တွင် ကင်ဆာရောဂါ ဖြစ်ပွားနေသူ များကို လိုအပ်ပါက ရင်သားဓာတ်မှန် ရိုက်ပေးခြင်း တို့ကို အခမဲ့ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ရောဂါလက္ခဏာ များသည် ချိုင်းကြား အောက်တွင် လည်းကောင်း၊ ရင်သားနှင့် အနီးတစ်ဝိုက်တွင် လည်းကောင်း အလုံးအဖုများ ရှိခြင်း၊ ရင်သား အရေပြား ထူလာခြင်း၊ ရင်သားရှိ အပေါ်ယံ အရေပြားတွင် အချိုင့်အခွက်များ ရှိခြင်း၊ နို့သီးခေါင်းမှ သွေးရည်ကဲ့သို့ အရည်များ ထွက်လာတတ်ခြင်း နှင့် နီရဲ၍ရောင်ရမ်း နေခြင်း စသည်တို့ ဖြစ်ပေါ် တတ်ကြောင်း ဆေးသုတေသန စာတမ်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် ရင်သားကင်ဆာ သည် အမျိုးသမီး များ၌ အဖြစ် အများဆုံးနှင့် အသက်ဆုံးရှုံးမှု အများဆုံး ရောဂါတစ်ခု ဖြစ်ပြီး ၂၀၁၃ အထိ အမျိုးသမီးဦးရေ တစ်သိန်းလျှင် ၁၂၅ ဦးနှုန်းခန့် ရင်သားကင်ဆာ ဖြစ်ပွား လျက် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။ ကမ္ဘာပေါ်ရှိ ကင်ဆာ ဖြစ်ပွားနှုန်း မြင့်မားသော ၂၂ နိုင်ငံ၌ မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်ကာ ဖွံ့ဖြိုးဆဲ နိုင်ငံများ၌ ကင်ဆာကြောင့် သေဆုံးသူ ဦးရေသည် WHO ၏ ခန့်မှန်းများ အရ နှစ်စဉ်လူဦးရေ သုံးသန်း အထက်၌ ရှိနေကြောင်း သိရသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger