www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 24, 2016

တန်ဖိုးကြီး ကျောက်စိမ်းတွေ့ရှိမှု နည်းပါးလာ၍ ရေမဆေးကျောက် ရှာဖွေသူများ စားဝတ်နေရေး ခက်ခဲလာ



ဖားကန့် ၊ ၂၄-၃-၂၀၁၆

ကျောက်စိမ်း ထွက်ရှိသော ကချင်ပြည်နယ် အတွင်းရှိ ကံဆီး၊ လုံးခင်း၊ ဖားကန့်၊ ဆိပ်မူ (ဆိုင်းတောင်)၊ ဟောင်ပါး၊ တာမခံ စသည်တို့မှ ရေမဆေးကျောက် ရှာဖွေသူများ မှာ တန်ဖိုးကြီး ကျောက်စိမ်း တွေ့ရှိမှု နည်းပါးလာခြင်း ကြောင့် စားဝတ်နေရေး အခက်အခဲများ ရှိနေကြကြောင်း ရေမဆေးကျောက် ရှာဖွေသူ တစ်ဦးထံမှ သိရသည်။

၂ဝ၁၂ ခုနှစ် သတ္တုတွင်း ဝန်ကြီးဌာန၏ စာရင်းများအရ ကချင်ပြည်နယ် ဖားကန့်ဒေသ၌ ကျောက်စိမ်းတူးဖော် နေသော ကုမ္ပဏီ ပေါင်း ၈ဝ၈ ခုရှိသည့်အနက် ယခုအခါ ကုမ္ပဏီကြီး အချို့သာ ဆက်လက် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီများ တူးဖော်၍ ကျောက်စိမ်း ရှာဖွေပြီးသော စွန့်ပစ်မြေစာများ ထဲမှ ရေမဆေးကျောက် ရှာဖွေသူများက ဆက်လက် ရှာဖွေခြင်း ဖြစ်သည်။ ၄င်းဒေသရှိ စွန့်ပစ်မြေစာပုံ အသီးသီးမှ ရေမဆေးကျောက် ရှာဖွေသူများသည် နေ့စဉ် ဦးရေ ၁၅ဝဝဝ ခန့်ရှိပြီး ယခုအခါ တန်ဖိုးကြီး ကျောက်စိမ်း တွေ့ရှိမှု နည်းပါး လာကြောင်း သိရသည်။

ယခင်က ကျောက်စိမ်း တူးဖော်ရာတွင် အနက်ပေ ၁ဝဝ ခန့်၌ တန်ဖိုးကြီး ကျောက်စိမ်းရရှိ နိုင်သော်လည်း ယခုအခါ အနက်ပေ ၃ဝဝ ခန့်ထိ တူးရကြောင်း ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီတစ်ခု ထံမှ သိရသည်။ ထို့ကြောင့် တူးဖော် ရရှိသော မြေစာများကို အထပ်ထပ် စစ်ဆေးပြီးမှသာ စွန့်ပစ်ကြောင်း၊ ထို့ကြောင့် စွန့်ပစ်မြေစာ ထဲမှ ရေမဆေးကျောက် ရှာဖွေသူများ တန်ဖိုးကြီး ကျောက်ရရှိမှု နည်းပါးသွားကြောင်း သိရသည်။

ယခင်က ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီများသည် တူးဖော်ပြီး မြေစာများထဲမှ အရွယ်အစား ကြီးမားသော ကျောက်နှင့် အရည်အသွေး ကောင်းသော ကျောက်များကိုသာ ရွေးယူသော်လည်း ယခုအခါ အဘက်ဘက်မှ စရိတ်ကြီးမြင့် ခြင်းများနှင့် ကျောက်ကောင်း ထွက်ရှိမှု နည်းပါးလာခြင်း တို့ကြောင့် ရေမဆေးကျောက် မှန်သမျှကို ရွေးယူပြီးမှသာ မြေစာများကို စွန့်ပစ်တော့ကြောင်း ရေမဆေးကျောက် ရှာဖွေသူ တစ်ဦးထံမှ သိရသည်။ (ရဲရဲ)

ရတနာပုံနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger