www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 24, 2016

ISIS ကို ချေမှုန်းနိုင်တော့မည်ဟု ဆိုနေသော်လည်း အီရတ်သို့ အထူးတပ်ဖွဲ့များ ထပ်မံစေလွှတ်နေရသည့် အမေရိကန်



( ရှိန်းထက် )

၂ဝ၁၆ ခုနှစ်သည် ISIS တို့ကိုအောင်ပွဲ ခံနိုင်သည့်နှစ် ဟု အမေရိကန် တို့က အသိအမှတ်ပြု ကြသည်။ အီရတ်နှင့် ဆီးရီးယားရှိ ISIS တို့ သိမ်းပိုက်ထားရာ နေရာ တော်တော် များများကို ပြန်လည် သိမ်းပိုက်နိုင် ခဲ့သည်။ ထို့ကြောင့် အမေရိကန်တို့က ISIS တို့ကို မကြာမီ အမြစ်ဖြတ် ချေမှုန်းနိုင် တော့မည်ဟုပင် ဆိုခဲ့သည်။

ဘယ်လ်ဂျီယံတွင် ISIS တို့ကဗုံးခွဲသည်။ အီရတ်ရှိ အမေရိကန် စစ်စခန်းကို တိုက်ခိုက်သည်။ ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့ ၌ ဗုံးဖောက်ခွဲ မှုကြောင့် လူ ၃၄ ဦးသေဆုံးပြီး ၂ဝဝ ကျော် ဒဏ်ရာရရှိ ခဲ့သည်။ အမေရိကန် စစ်စခန်း တိုက်ခိုက်ခံ ရမှုကြောင့် မရိန်းတပ်သားတစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိ ခဲ့သည်။

ISIS တို့ ရန်ပုံငွေအဓိက ရသည့် ရေနံလုပ်ငန်း ကို အမေရိကန်၊ ရုရှားနှင့် မဟာမိတ် တို့က မပြတ်ဗုံးကြဲ သောကြောင့် ISIS တို့ အားနည်း နေသည် မှန်သော်လည်း သူတို့၏ နိုင်ငံရပ်ခြား တိုက်ခိုက်ရေး ဗျူဟာများမှာ ပိုမို အားကောင်း လာသည်။ စစ်လက်နက် ပစ္စည်း များလည်း ပိုမိုခေတ်မီ လာသည်။ ဒုံးပျံများနှင့်ပင် ပစ်ခတ် တိုက်ခိုက် လာနိုင်ပြီး မကြာမီ ဓာတုလက်နက် ထိပ်ဖူးများပင် တပ်ဆင်နိုင်သည့် အခြေအနေသို့ ရောက်ရှိရန် အနည်းငယ်သာ လိုတော့သည်။

နောက်ပိုင်း အတွဲလိုက် ဗုံးခွဲမှုများကို ISIS တို့က ချိန်ကိုက်ပြီး စနစ်တကျ လုပ်ဆောင် လာသည်။ အာရုံလွှဲသည့် ဗျူဟာများကို အသုံးများ လာသည်။ ဘရပ်ဆဲလ် တိုက်ခိုက်မှုတွင် လေဆိပ်ကို အရင်ဆုံး ဗုံးနှစ်လုံး ခွဲသည်။ 

ထို့နောက် ၁ နာရီခွဲ အကြာတွင် မြို့လယ် မြေအောက် ဘူတာရုံ၌ ဗုံးတစ်လုံး ထပ်ခွဲသည်။ ၂ဝ၁၅ ခုနှစ်က တိုက်ခိုက်ခံ ရသည့် ပဲရစ် အကြမ်းဖက်မှုနှင့် ဆင်တူနေသည်။ ပဲရစ်ရှိ ဘောလုံးကွင်း၊ ကော်ဖီဆိုင်နှင့် စားသောက်ဆိုင် တို့၌ ဗုံးခွဲ တိုက်ခိုက်မှု ကြောင့် အပြစ်မဲ့ ပြည်သူ ၁၃၇ ဦးေ သဆုံးခဲ့ ရသည်။

ယခု ဘရပ်ဆဲလ်ကို ပဲရစ် အကြမ်းဖက်နည်း နှင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယခု တစ်ပတ်အတွင်း ISIS တို့က အမေရိကန် စစ်စခန်းကို နှစ်ကြိမ် ဝင်ရောက် တိုက်ခိုက်သည်။ ဒုံးကျည်များဖြင့် အဆက်မပြတ် ပစ်သည်။ ထို့ကြောင့် အမေရိကန်တို့ ISIS ကို အောင်နိုင် နေသည်ဟု ပြောနေရင်းကပင် ယခု သူ၏ အထူး တပ်ဖွဲ့ဝင် များကို အီရတ်သို့ ထပ်မံစေလွှတ် ရတော့မည် ဖြစ်သည်။

အီရတ်၌ အမေရိကန် မြေပြင်တပ်ဖွဲ့ဝင် အင်အား ၂ဝဝဝ ကျော် ရှိသည်။ သို့သော် ထိုအင်အားသည် ISIS ကို ချေမှုန်းရန် မလုံလောက်ပေ။ တစ်ဖန် အီရတ်ရှိ ISIS တို့ကို တိုက်ခိုက်နေသည့် အီရန် ကျောထောက် နောက်ခံ ရှီးယိုက်တပ်ဖွဲ့ များကလည်း ရောက်လာသည့် အမေရိကန် တပ်ဖွဲ့များနှင့် ရှိနေသည့် အမေရိကန် တပ်ဖွဲ့များကို တိုက်ခိုက်မည်ဟု ဆိုသောကြောင့် အမေရိကန်တို့ အတွက် ရန်သူက နှစ်ဖက် ဖြစ်နေပြန်သည်။ ထို့အတူ အီရတ်အစိုးရ ကလည်း နောက်ထပ် ရောက်လာမည့် အမေရိကန် အထူးတပ်ဖွဲ့ များကို သဘောမတူပေ။

ထို့ကြောင့် အမေရိကန်၏ နိုင်ငံခြား တိုက်ခိုက်ရေး ဗျူဟာများသည် အီရတ်တွင် အလုပ်မဖြစ်ဟု နိုင်ငံရေး သုတေသီတို့က ဆိုကြသည်။ အီရတ်စစ်သား များကို လေ့ကျင့်ပေးရေး၊ စစ်လက်နက် ထောက်ပံ့ ပေးရေးနှင့် အီရတ်ရှိ အမေရိကန် စစ်တပ်အတွက် အသုံးစရိတ်သည် တစ်နေ့လျှင် အမေရိကန် ဒေါ်လာ သန်းနှင့်ချီ ကုန်ကျနေသည်။ ထို့ကြောင့် အမေရိကန် နိုင်ငံရေးသမား တချို့က အမေရိကန် သည် အပိုငွေကြေး သန်းပေါင်း များစွာကို အီရတ်၌ အလွဲသုံးစား လုပ်နေသည်ဟု စွပ်စွဲကြသည်။

ယခု ISIS ၏ အကြမ်းဖက်မှု များသည် ပို၍ ဆိုးရွားလာသည်။ ထို အကြမ်းဖက် တိုက်ခိုက်မှု များကို အမြစ်ဖြတ် နိုင်ရန် ဆီးရီးယားနှင့် အီရတ်ရှိ ISIS တို့၏ အမာခံ ခြေကုပ်နေရာ များကို မြေလှန်ပစ်ရန် လိုသည်။ ထိုသို့ မဟုတ်ပါက ပဲရစ်နှင့် ဘရပ်ဆဲလ် ကဲ့သို့ အကြမ်းဖက်မှု များသည် ဆက်လက် ဖြစ်ပွား နေဦးမည် ဖြစ်သည်။ ယခုနောက်ပိုင်း ISIS တို့က ၄င်းတို့၏ အကြမ်းဖက် သမားများကို အထူးစစ်ရေး လေ့ကျင့်မှု များနှင့် စစ်နည်း ဗျူဟာ များကို စနစ်တကျ လေ့ကျင့်ပေး နေသည်။ 

အမေရိကန် တို့သည် ဆီးရီးယားသူပုန် များကို စနစ်တကျ ရန်ပုံငွေ ထောက်ပံ့ကာ သင်ကြားပေး သကဲ့သို့ ISIS တို့ကလည်း ရန်ပုံငွေ ထောက်ပံ့ကာ သင်ပေးနေခြင်း ဖြစ်သည်။ ပို့ချသူများ ကလည်း အမေရိကန် CIA လက်ထွက်များ ဖြစ်သောကြောင့် အမေရိကန်တို့ သူမွေးသည့်မျောက် သူ့ပြန်ခြောက်သည့် အဖြစ်မျိုး ကြုံတွေ့နေရခြင်း ဖြစ်သည်။

အမေရိကန်သည် ဆီးရီးယား သူပုန်များကို လေ့ကျင့်ရေးနှင့် ထောက်ပံ့ရေး အတွက် အမေရိကန်ဒေါ်လာ သန်းရာနှင့်ချီ အသုံးပြု ခဲ့သည်။ ထိုသူပုန်များ ထဲမှ လူရာနှင့်ချီ သူများမှာ ISIS များ ဖြစ်သွားခဲ့ သောကြောင့် အမေရိကန် အတွက် အကြီးမားဆုံး နစ်နာခဲ့ရခြင်း ဖြစ်သည်။

ဘရပ်ဆဲလ် အကြမ်းဖက် တိုက်ခိုက်ခံရမှု ပြီးနောက် ISIS တို့က ဆီးရီးယားရှိ သူတို့ ထိန်းချုပ်ထားသည့် မြို့များ၌ အောင်ပွဲခံ ခဲ့သည်။ ဥရောပအတွက် သူတို့ကို တိုက်ခိုက် သည့် သင်ခန်းစာဟု ISIS တို့က ဘရပ်ဆဲလ် တိုက်ခိုက်မှုကို ခေါင်းစဉ်တပ် ခဲ့သည်။ နောက်ထပ်လည်း အကြမ်းဖက်မှုများ အနောက် ကမ္ဘာခြမ်း၌ မကြာမီ ထပ်ရောက် လာမည်ဟု ISIS တို့က ခြိမ်းခြောက် ထားသေးသည်။ နောက်တစ်ကြိမ် အကြမ်းဖက်မှုသည် ISIS ကို ဦးဆောင် ချေမှုန်းနေသည့် ဗြိတိန် သို့မဟုတ် အမေရိကန်ကို ဦးတည်နိုင်သည် ဟု ကြိုတင်ခန့်မှန်း မှုများကလည်း ရှိနေပြန်သည်။ ဗြိတိန်သည် အမေရိကန်ထက် လုံခြုံရေး အင်အား နည်းသည်ဟု ယူဆရသည်။

ပဲရစ်နှင့် ဘရပ်ဆဲလ် တို့သည် အမေရိကန် နှင့် ဗြိတိန်တို့၏ အောက်အဆင့် လုံခြုံရေးရှိသော နိုင်ငံများ ဖြစ်သည်။ ထို့ကြောင့် ဖြစ်ခဲ့သည့် အကြမ်းဖက် သီအိုရီအတိုင်း သွားလျှင် အမေရိကန်ထက်  လုံခြုံရေး အားနည်းသော ဗြိတိန်ကို ပိုမိုလွယ်ကူသည့် ပစ်မှတ်အဖြစ် ISIS တို့က သတ်မှတ်နေခြင်း ဖြစ်သည်။ သို့သော်လည်း ISIS တို့၏ နောက်ဆုံး ပစ်မှတ်သည် အမေရိကန် ဖြစ်သည်။ ISIS မသေဆုံးမချင်း အမေရိကန်ကို အကြမ်းဖက်မည့် ISIS တို့၏ ကြိုးပမ်းမှုသည် ဆက်လက် ရှိနေဦးမည် ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်သည် အမေရိကန်မြေ ၌ အိုစမာ ဘင်လာဒင် ပြုလုပ်ခဲ့သည့် ၉/၁၁ ကဲ့သို့ သမိုင်း၏ အကြီးကျယ်ဆုံး အကြမ်းဖက်မှုကြီး ပြုလုပ်နိုင်ရေး ဖြစ်သည်။ 

ထို့ကြောင့် ပဲရစ်အပြီး ယခု ဘရပ်ဆဲလ် အကြမ်းဖက်မှု ကလည်း အမေရိကန်ကို နောက်တစ်ကြိမ် တပ်လှန့်လိုက် သကဲ့သို့ ဖြစ်သွားရ ပြန်သည်။

ယခု အီရတ်ကို အမေရိကန် တပ်များ ထပ်မံစေလွှတ် သကဲ့သို့ ဆီးရီးယား သို့လည်း ထပ်မံစေလွှတ်ရန် အမေရိကန်တို့ ကြိုးပမ်း နေပြန်သည်။ အနိုင်ရနေသည့် အနေအထားကို အရှိန်မမြှင့်နိုင် ပါက အမေရိကန်၏ လုံခြုံရေး သည်လည်း တစ်နေ့တခြား ပိုမိုစိုးရိမ် နေရသည်။ အမေရိကန် နွယ်ဖွား မွတ်စလင် ရာနှင့်ချီ သူများသည် ISIS လက်သစ်များ ဖြစ်နေသော ကြောင့် ဖြစ်သည်။ ထို့ကြောင့် ISIS အမြစ်ဖြတ် ချေမှုန်းရေး အတွက် အမေရိကန်သည် အီရတ်သို့ သာမက ဆီးရီးယား သို့လည်း သူတို့၏ အောင်ပွဲများကို အရှိန်မြှင့်ရန် နောက်ထပ် အထူးတပ်ဖွဲ့များ ထပ်မံစေလွှတ် နိုင်သေးကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger