www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 3, 2016

ကမ္ဘာ့ အလျှို့ဝှက်ဆုံး လူသူ အရောက်အပေါက် အနည်းဆုံး နေရာများ


ကမ္ဘာ့ အလျှို့ဝှက်ဆုံး လူသူ အရောက်အပေါက် အနည်းဆုံး နေရာများ

မစားရတဲ့အသီး၊ ပိုချိုတယ်။ မကြည့်နဲ့ပြောရင် ပိုကြည့်ချင်တယ်။ မရောက်ဖူးတဲ့ နေရာကို ပိုရောက်ဖူး ချင်တယ်ဆိုတဲ့ လူသား သဘာဝကို စိန်ခေါ်နေတဲ့ ကမ္ဘာ့ အလျှို့ဝှက်ဆုံး၊ လူသူ အရောက်အပေါက် အနည်းဆုံး နေရာတွေ အကြောင်းကို ဖော်ပြသွား ပါမယ်။ သင်ဟာ ငွေကြေးလဲ တတ်နိုင်တယ်။ ကျန်းမာရေးလဲ ကောင်းတယ်။ စွန့်စားရတာလဲ ဝါသနာပါတယ် ဆိုရင် အခု ဖော်ပြသွားမယ့် နေရာတွေကို ရောက်ဖူးအောင် သွားကြည့်ပါဦးလို့ အကြံပြုချင် ပါတယ်။

svalbard seed bank, Norway

နော်ဝေနိုင်ငံ Svalbard ကမ္ဘာ့မျိုးစေ့ဘဏ် ကမ္ဘာကြီး ဘယ်လို စတင်ဖြစ်ပေါ်လာပြီး သက်ရှိ သတ္တဝါတွေ ဘယ်လို စရောက်လာတယ် ဆိုတာကိုတော့ သိပ္ပံပညာက မရှင်းပြ နိုင်သေးပေမယ့် ကမ္ဘာကြီး တစ်ခုလုံး ပျက်စီးလု မတတ် ပြင်းထန်ဆိုးရွား တဲ့ ဘေးအန္တရာယ် ဆိုးကြီးတွေ ကျရောက်လို့ ကောက်ပဲသီးနှံ အစာရေစာ ဘာမှ မကျန်တော့ တဲ့အခါ ကမ္ဘာကြီး တစ်ခုလုံးကို အသစ်ကပြန်စ နိုင်ဖို့ ကမ္ဘာ တစ်ဝန်းက နိုင်ငံတွေကနေ လာရောက် ထည့်သွင်း စုဆောင်းထားတဲ့ ကမ္ဘာ့မျိုးစေ့ ဘဏ်ကြီးဟာ နော်ဝေနိုင်ငံ Spitsbergen ကျွန်းပေါ်က သဲကျောက် တောင်ကြီး တစ်ခုကို မေးတင်ပြီး အတွင်းထဲကို မီတာ ၁၂ဝထိ ထိုးဝင်တည်ရှိ နေပါတယ်။ မြောက်ဝင်ရိုးစွန်း နဲ့ ကီလိုမီတာ ၁၃ဝဝ ပဲ ကွာဝေးတဲ့အတွက် ဘယ်လောက် အေးမလဲဆိုတာ စဉ်းစားကြည့်ပါ။ ၂ဝဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ဖွင့်လှစ် ခဲ့တာဖြစ်ပြီး မျိုးစေ့ပေါင်းသန်း ၂၅ဝ ထက်မနည်း ရှိပါတယ်။  Spitsbergen ကျွန်းကြီးဟာ ငလျင်လှုပ်ခတ်မှု ဒဏ်ကနေ ကင်းဝေးတဲ့ နေရာမှာရှိပြီး ပင်လယ်ရေ မျက်နှာပြင် အထက် မီတာ ၁၃ဝ မှာရှိပြီးတော့ အပူချိန်ကလဲ အမြဲ ရေခဲမှတ်အောက်ကို ရောက်နေတဲ့ အတွက် သဘာဝ ဘေးအန္တရာယ် တွေနဲ့ အကင်းဝေးဆုံး နေရာအဖြစ် သိပ္ပံပညာရှင် များက ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။ သင်ဒီ ကမ္ဘာ့မျိုးစေ့ဘဏ် ကို ရောက်အောင် သွားနိုင်ပါ့မလား။

Niihau - The Forbidden Island

သင့် ပျားရည်ဆမ်း ခရီးကို ကျွန်းကလေးမှာ နှစ်ထောက်တည်း တကယ်ပဲ နေကြည့်ချင်တယ် ဆိုရင် ဟာဝိုင်ယီကျွန်းစု ထဲက Niihau ကျွန်းလေးကို သွားပါ။ ကမ္ဘာပေါ်က လူနေထိုင်တဲ့ ကျွန်းတွေထဲမှာ အသေးဆုံး ကျွန်းပါပဲ။ ထန်းပင်တွေ၊ ရှားပါးတိရစ္ဆာန် မျိုးစိတ်တွေနဲ့ ဧရိယာ စတုရန်း ကီလိုမီတာ ၁၈ဝ ပဲရှိတဲ့ ကျွန်းကလေး ဖြစ်ပါတယ်။ ဒါပေမဲ့ သင်ဟာ ရောဘင်ဆန် မိသားစုနဲ့ သိကျွမ်းဖို့တော့ လိုလိမ့်မယ်။ ၁၈၆၃ ခုနှစ်မှာ ဟာဝိုင်ယီ ဘုရင် ကာမီဟာမီဟာ ဆီကနေ သူတို့က ဝယ်ထားတာပါ။ ကျွန်းပိုင်ကြီး တွေပေါ့။ ရော်ဘင်ဆန် မိသားစု က နေထိုင်ခွင့်ပြု ထားတဲ့ လူဦးရေ ၁၃ဝ လောက်ပဲရှိပါတယ်။ မြေငှားခ ပေးရန် မလို၊ လမ်းမရှိ၊ ဖုန်းမရှိ၊ ရေပိုက်လိုင်းမရှိ၊ စတိုးဆိုင်မရှိ၊ တစ်နေရာ ကနေ တစ်နေရာကို မြင်းနဲ့ စက်ဘီးပဲ စီးပြီးသွားကြတယ်။ ဆိုလာလျှပ်စစ်တော့ ရှိတယ်။ နီးစပ်ရာကျွန်းတွေ ပေါ်ကနေ တစ်ပတ်ကို တစ်ကြိမ်လောက် လှေကြီးနဲ့ ရိက္ခာတွေ လာပို့ပေးကြတယ်။ အဲဒီက ကလေးတွေက ကျောင်းရှိတဲ့ ကျွန်းကို နေ့စဉ် ကိုယ်တိုင် လှေလှော်ပြီး ကျောင်းသွား တက်ကြတယ်။ Niihau ကို ကျွန်းကလေး သေးတယ်ဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့။ ၁၉၄၁ ခုနှစ် ပုလဲဆိပ်ကမ်း တိုက်ပွဲတုန်းက ဂျပန်ရေတပ် လေယာဉ်တစ်စင်း ပျက်ကျခဲ့ဖူးတယ်။ ၁၉၄၄ ခုနှစ် မှာ အမေရိကန် သမ္မတ ဖရန်ကလင်းဒီ ရုစဗဲ့ က Niihau ကို ကမ္ဘာ့ကုလသမဂ္ဂ ဌာနချုပ်အဖြစ် အဆိုတင်သွင်း ခဲ့ဖူးတယ်။ အခုချိန်ထိ ဒီကျွန်းပေါ်ကို ရောဘင်ဆန် မိသားစုရဲ့ ဖိတ်ကြားချက် မရှိဘဲ ဘယ်သူမှဝင်လို့ မရဘူး။ ကမ်းခြေစောင့် တပ်ဖွဲ့က ပုံမှန်စောင့်ရှောက် ပေးနေတယ်။ ဒီတော့ သင့် ပျားရည်ဆမ်းခရီးကို ဒီ Niihau ကျွန်းပေါ်မှာ ဆင်နွှဲနိုင်ရင် သင်ဟာ တကယ့် လူတော်လို့ ဆိုရမှာပါ။

Menwith Hill

အင်္ဂလန်နိုင်ငံ ယောက်ရှိုင်းယားမြို့က Menwith Hill တော်ဝင်လေတပ် စခန်းမှာ ဂျိမ်းစဘွန်း ကတော့ လျှို့ဝှက်ဘန်ကာ တူးဖူးတယ်။ ရုပ်ရှင်ထဲ မှာတော့ ဟုတ်မှာပေါ့။ လက်တွေ့မှာတော့ Menwith Hill ဟာ ကမ္ဘာ့အကြီးဆုံး အီလက်ထရွန်းနစ် ဆက်သွယ်ရေး ကြားဖြတ်ဖမ်းယူရေး စခန်း ဖြစ်ပါတယ်။ UK နဲ့ အမေရိကန် ပြည်ထောင်စု တို့အတွက် တစ်ကမ္ဘာလုံး က ဖုန်း ၊ အင်တာ နက် နဲ့ အခြားသော အီလက်ထရွန်းနစ် ဆက်သွယ်မှုတွေ အားလုံးကို လိုရင်လိုသလို ကြားဖြတ်ဖမ်းယူနေတဲ့ ထိပ်တန်း ကန့်သတ် စခန်းကြီး ဖြစ်ပါတယ်။ ၁၉၅၄ ခုနှစ်က ဆိုဗီယက်ယူနီယမ် ရဲ့ စစ်အေးတိုက်ပွဲ ကာလ ဆက်သွယ်မှု တွေကို ကြားဖြတ် ဖမ်းယူဖို့ တည်ဆောက်ခဲ့တာ ဖြစ်ပြီး အခုချိန်ထိ နိုင်ငံတကာ အကြမ်းဖက် လှုပ်ရှားမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု တွေကို စုံစမ်း ထောက်လှမ်းပေး နေဆဲဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ ဂြိုဟ်တုတွေ အားလုံးရဲ့ မြေပြင်ထိန်းချုပ်ရေး စခန်းကြီးလဲ ဖြစ်ပါတယ်။ Australia, Canada, New Zealand, UK, US တို့ရဲ့ သူလျှိုကွန်ရက် Five Eyes သို့မဟုတ် ECHELON ကိုလဲ ဒီ Menwith Hill ကွန်ရက်ကြီးက ပံ့ပိုးထားပါတယ်။ ဂျိမ်းစဘွန်းတို့ ဒီ Menwith Hill ပေါ်မှာ ရုပ်ရှင်ရိုက်ခဲ့ တယ်ဆိုတာ ရုပ်ရှင်ပါပဲ။ တကယ်တမ်းမှာ NSA နဲ့ ECHELON အဖွဲ့သားတွေပဲ ဝင်ခွင့်ရှိပါတယ်။

Vatican Secret Archives

သင်ဟာ စာဖတ်ဝါသနာ ပါပြီး စာကြည့်တိုက် မျိုးစုံကို ရောက်ဖူးတယ် ဆိုရင် Vatican Secret Archives ကို ရောက်ဖူးသလား လို့ မေးကြည့် ပါရစေ။ ရှစ်ရာစုနှစ် ကတည်းက ပုပ်ရဟန်းမင်းကြီး အဆက်ဆက် ရဲ့ ကိုယ်ရေး အချက်အလက် တွေကို သိမ်းဆည်းထားတဲ့ Vatican Secret Archives ကြီးဟာ သာမန် စာကြည့်တိုက်တော့ မဟုတ်တန်ရာ ဘူးပေါ့။ ၁၈၈၁ ခုနှစ်ထိ Vatican နွယ်ဝင် မဟုတ်ရင် ဝင်ခွင့်မရှိခဲ့ ပါဘူး။ ပုပ်ရဟန်းမင်းကြီး တစ်ပါးရဲ့ ကိုယ်ရေး အချက်အလက်တွေ ရယူဖို့ ဆိုတာကလဲ အစိုးရ အဖွဲ့အစည်းတွေ ကိုယ်တိုင် ရှည်လျား ထွေပြားလှတဲ့ စာရွက်စာတမ်း ကိစ္စတွေကို ဖြေရှင်းပြီးမှ ဝင်ခွင့် ကတ်ပြားရတာပါ။ ဝင်ခွင့် ရသွားတယ် ထားဦးတော့၊ အဲဒီ စာကြည့်တိုက်ကြီး ထဲကနေ ပြန်ထွက်တတ်အောင် ဂရုစိုက်ပါဦး။ အဲဒီထဲက စာအုပ်စင်တွေရဲ့ အရှည်ကို တိုင်းကြည့် လိုက်မယ်ဆိုရင် ၈၅ ကီလိုမီတာ ထက်တော့ မလျော့ပါဘူး။ ပုပ်ရဟန်းမင်းကြီး အပါး ၃၅ဝဝဝ ရဲ့ ကိုယ်ရေးမှတ်တမ်း တွေရှိလို့ပါပဲ။

Area-51 Warning
ကမ္ဘာ့ လောင်းကစား မြို့တော် Las Vegas မှာ ဒဏ္ဍာရီဆန်တဲ့ ဇာတ်လမ်းတွေ အများအပြား ရှိခဲ့ဖူးပါတယ်။ မြောက်ဘက်ကို မိုင် ၈ဝ လောက် ဆက်သွားမယ် ဆိုရင် ပိုလို့တောင်အံ့သြစရာ ကောင်းတဲ့ Area 51 ကို ရောက်ပါလိမ့်မယ် ၊ အမေရိကန်- ဗီယက်နမ် စစ်ပွဲတုန်းက ထိပ်တန်း လျှို့ဝှက်သတင်း အချက်အလက် တွေကို သိုလှောင်ထားရှိရာ လေတပ်စခန်းကြီး ဖြစ်ပါတယ်။ Area-51 ကို CIA က တိုက်ရိုက်ထိန်းချုပ် ထားပြီး အဲဒီမှာ ဘာတွေ ဖြစ်နေသလဲ။ ဘာတွေ ရှိနေသလဲ ဆိုတာကို ဒီနေ့ဒီချိန်ထိ ကမ္ဘာကို ဖွင့်ဟပြသခြင်း မရှိသေးတဲ့ အတွက် ဘယ်သူမှ သေသေချာချာ မသိသေးပါဘူး။ ဂြိုဟ်သားတွေကို ပဲ ခွဲစိတ်စမ်းသပ် နေသလား၊ ပန်းကန်ပြားပျံ တွေကိုပဲ လေ့လာ နေသလား၊ လေဆာ လက်နက်ဆန်း တွေများ ထုတ်လုပ်နေသလား ဘယ်သူမှ မသိပါဘူး။ ကဲ။ သင်ဟာ တကယ်ပဲ စွန့်စားရတာ ဝါသနာပါတယ်။ ငွေကြေးလဲ တတ်နိုင်တယ်၊ ဘဝမှာ ထူးခြားတဲ့ ခရီးသွားမှတ်တမ်း တွေလဲ ရချင်တယ်ဆိုရင် အခုဖော်ပြခဲ့တဲ့ နေရာတွေကို ရောက်အောင် သွားကြည့်ပါလို့ လေ့လာ ရေးသား လိုက်ရပါတယ်။

ရတနာပုံနေ့စဉ် ၊ စာ(၃၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger