ဤကမ္ဘာမြေ ပေါ်တွင် ရှင်သန်ရပ်တည် နေကြသော လူသားများ၊ အပင်နှင့် တိရစ္ဆာန်များ အပါအဝင် ဇီဝမျိုးစုံမျိုးကွဲ တို့၏ ခန္ဓာကိုယ် အတွင်း၌ ရေများပါဝင် ဖွဲ့စည်းထားသော အစိတ်အပိုင်း တို့ဖြင့် ပြည့်နှက်လျက် ရှိသည်။ ထိုသို့သော အပင်နှင့် သတ္တဝါတို့၏ ကိုယ်တွင်းရှိ ရေများကို ဇီဝရေဟု ခေါ်ဆိုပြီး တစ်ကမ္ဘာလုံးရှိ လူတို့ အပါအဝင် ဇီဝမျိုးစုံမျိုးကွဲ တို့၏ ကိုယ်တွင်းရှိ ရေပမာဏ စုစုပေါင်းသည် ကုဗမိုင်ပေါင်း ၂၆၉ ထိပင်ရှိသည်။ ဇီဝရုပ်တို့၏ ကိုယ်တွင်း၌ ရှိနေသော ရေထုထည် ပမာဏသည် ကမ္ဘာ့ရေချို ထုကြီး တစ်ခုလုံး၏ သုည ဒသမ ဝဝ၃ ရာခိုင်နှုန်းထိ ရှိနေသကဲ့သို့ ကမ္ဘာပေါ်ရှိ ရေချိုနှင့် ရေငန်များ စုစုပေါင်း ပမာဏ၏ သုည ဒသမ ဝဝဝ၁ ရာခိုင်နှုန်း အဖြစ်လည်း ပါဝင်လျက် ရှိသည်။
ထိုသို့ ပါဝင်နေမှု အချိုးအစားသည် တစ်ကမ္ဘာလုံးရှိ မြစ်ချောင်းများ အတွင်းမှ ရေထုထည် ပမာဏ၏ ထက်ဝက်မျှ ဖြစ်သကဲ့သို့ ကမ္ဘာ့ရွှံ့ညွန်အိုင် များအတွင်းရှိ ရေပမာဏ စုစုပေါင်း၏ ဆယ်ပုံပုံလျှင် တစ်ပုံခန့်နှင့် ညီမျှသော ပမာဏလည်း ဖြစ်သည်။ လူသားတို့သည် အမိဝမ်းတွင်း၌ သန္ဓေသား အဖြစ် နေခဲ့ရစဉ်က ခန္ဓာကိုယ် တစ်ခုလုံးတွင် ရေသည် ရာနှုန်းပြည့် နီးပါး ပါဝင်နေခဲ့သည်။ အမိဝမ်းမှ ကျွတ်၍ မွေးကင်းစ ကလေးငယ် အရွယ်ဖြစ်လာ သည့်အခါ ရေဓာတ် လျော့နည်းသွားပြီး ခန္ဓာကိုယ် တစ်ခုလုံး၏ ၈ဝ ရာခိုင်နှုန်းမျှသာ ကျန်ရှိတော့သည်။ သိတတ်စ အရွယ်သို့ ရောက်လာသော အခါ ရေပါဝင်မှုမှာ ၇၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားပြီး အရွယ် ရောက်လာသည့် အခါ ခန္ဓာကိုယ် အတွင်းရှိ ရေပမာဏမှာ ၇ဝ ရာခိုင်နှုန်းမျှ သာ ကျန်ရှိတော့သည်။ တဖြည်းဖြည်းနှင့် အသက်အရွယ် ကြီးရင့် လာသည်နှင့်အမျှ ဟိုမုန်းဓာတ်များ ပြောင်းလဲ သွားခြင်း၊ ခန္ဓာကိုယ် အတွင်းရှိ ဇီဝဖြစ်စဉ်များ ပြောင်းလဲ သွားခြင်းနှင့် ကျောက်ကပ်၏ အလုပ်လုပ်ပုံ ပြောင်းလဲသွားခြင်း တို့ကြောင့် ရေသောက်လိုစိတ် နည်းပါးလာခြင်းနှင့် အတူ ရေပါဝင်မှု ကလည်း ခန္ဓာကိုယ် အလေးချိန်၏ ၅ဝ ရာခိုင်နှုန်း ခန့်ထိ ကျဆင်းသွား သည်။
လူ့ခန္ဓာကိုယ် အတွင်းရှိ ရေပမာဏ စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းသည် ဆဲလ်များအတွင်း ၌ရှိနေပြီး ကျန် ၃၅ ရာခိုင်နှုန်းသည် ဆဲလ်များ အကြား၌ လည်းကောင်း၊ သွေးထဲ၌ လည်းကောင်း ရှိနေကြသည်။ လူ့ခန္ဓာကိုယ် အတွင်းရှိ အစိတ်အပိုင်းများအနက် ရေပါဝင်ဖွဲ့စည်းမှုအများဆုံးသော အစိတ်အပိုင်းမှာ အဆုတ်ဖြစ်ပြီး ရေပါဝင်မှုအနည်းဆုံးသောအစိတ်အပိုင်းမှာ အရိုးများပင်ဖြစ်သည်။ အဆုတ်တွင် ရေပါဝင်မှုသည် ၉ဝ ရာခိုင်နှုန်းထိရှိသကဲ့သို့ ဦးနှောက်ထဲတွင် ရေပါဝင်မှုက ၈၅ရာခိုင်နှုန်းနှင့် သွေးထဲ၌ ရေပါဝင်မှုမှာ ၈၂ ရာခိုင်နှုန်းထိရှိသည်။ အရိုးထဲ၌ ရေပါဝင်နှုန်းက ၁၅ရာခိုင်နှုန်းမျှသာ ရှိနေသော်လည်း ထိုရေများသည် တစ်စုံတစ်ခုသော ထိခိုက်မှု ဒဏ်ကြောင့် လွယ်လင့်တကူ အရိုးမကျိုး စေရန် တတ်နိုင်သမျှ ကာကွယ်ပေး ထားလျက် ရှိသည်။ လူတို့စားသုံး လိုက်သော အစားအစာများ ထဲတွင် ပါဝင်နေသော ရေများသည် အူလမ်းကြောင်း တစ်လျှောက်အစာများ ချောမွေ့စွာ ရွေ့လျားနိုင် စေရန် ထောက်ကူပေး နေသကဲ့သို့ ကိုယ်တွင်းဆဲလ် များက စွန့်ထုတ်လိုက်သော အညစ်အကြေး များကို ကျင်ကြီး ကျင်ငယ်အဖြစ် ခန္ဓာကိုယ် ပြင်ပသို့ စွန့်ထုတ်နိုင် ရန်လည်း ကိုယ်တွင်းရှိ ရေများကပင် လုပ်ဆောင်ပေး နေခြင်းဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ် ထဲ၌ ရေဓာတ် နည်းနေချိန်၌ ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်ခြင်းကို ခံစားကြရလေ့ ရှိသည်။ မျက်လုံးနှင့် ဦးနှောက်တို့ကို ရေအဓိက ပါဝင်နေသော အရည်များက ဝန်းရံကာကွယ် ပေးထားသကဲ့ သို့ အမြဲစွတ်စို နေရန် လိုအပ်သော လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြစ်သည့် မျက်စိ၊ ပါးစပ်နှင့် နှာခေါင်း တို့ကိုလည်း ရေကပင် အစိုဓာတ် ရှိနေစေရန် လုပ်ဆောင်ပေး နေခြင်း ဖြစ်သည်။
ထို့ပြင် ပတ်ဝန်းကျင်၏ အပူအအေး ရုတ်ခြည်း ပြောင်းလဲမှု ဖြစ်သည့်အခါ လူ့ခန္ဓာကိုယ်က ချက်ချင်း ဆိုသလို ပူလိုက်အေးလိုက် မဖြစ်စေရန် ခန္ဓာကိုယ် အတွင်းရှိ ရေများကပင် ထိန်းညှိပေးလျက် ရှိသည်။ ခန္ဓာကိုယ် အပူချိန်ထက် ပြင်ပ အပူချိန်က ပိုပြီး မြင့်လွန်း နေပါက ကိုယ်တွင်းရှိ ရေများသည် ချွေးအဖြစ် ထွက်လာပြီး ထိုချွေးများ အငွေ့ပြန်သည့် အခါ ခန္ဓာကိုယ်သည် အေးမြသွားကာ သက်သောင့် သက်သာ ဖြစ်၍ ကျန်နေခဲ့သည်။ ခြေ ၊ လက် စသော လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှား လုပ်ဆောင်နိုင်ရန် ဦးနှောက်က စေ့ဆော်ပေး နေခြင်းဖြစ်ရာ ဦးနှောက်၏ စေ့ဆော်မှုကြောင့် ထွက်ပေါ်လာသော လျှပ်စစ်လှိုင်း များကို အကောင်းဆုံးသော လျှပ်ကူးပစ္စည်း ဖြစ်သည့် ကိုယ်တွင်းရေ များက သယ်ဆောင်ပေး သွားခြင်းကြောင့် ဦးခေါင်း၊ မျက်စိ၊ ပါးစပ်၊ လည်ပင်း၊ လက်နှင့် လက်ချောင်းများ၊ ခြေထောက်နှင့် ခြေချောင်းများ အားလုံးတို့က ဟန်ချက်ညီညီ လှုပ်ရှားနိုင် ကြခြင်း ဖြစ်သည်။
လူတို့၏ ခန္ဓာကိုယ် အတွင်းရှိ ရေများသည် ရှူထုတ်လိုက်သော လေများနှင့်အတူ အခိုးအငွေ့များ အဖြစ် လည်းကောင်း၊ ခန္ဓာကိုယ် လှုပ်ရှားသည့် အခါ နှင့် ပူအိုက်သည့် အခါများတွင် ချွေးများအဖြစ် လည်းကောင်း၊ ကျင်ကြီး ကျင်ငယ် များအဖြစ် လည်းကောင်း၊ ခန္ဓာကိုယ် ပြင်ပသို့ အချိန်နှင့်အမျှ ထွက်သွားကြ ရသည်။ ထိုသို့သော ဇီဝဓာတုဖြစ်စဉ် များကြောင့် ခန္ဓာကိုယ်တွင်းရှိ ရေများသည် နေ့စဉ် တစ်လီတာခန့် ဆုံးရှုံး နေရသည်။ ထိုကဲ့သို့ ဆုံးရှုံးသွားသော ရေများ၏ နေရာတွင် လူတို့နေ့စဉ် စားသုံးနေသော အစားအစာများ၊ သစ်သီးသစ်နှံများ၊ ဖျော်ရည်များ၊ အချိုရည်နှင့် သောက်ရေ တို့၌ ပါရှိလာသော ရေများဖြင့် အစားထိုးကာ ပြန်လည်ဖြည့်ဆည်း ပေးနေရသည်။ အကယ်၍ ရေဓာတ် ဆုံးရှုံးမှုကို အလျဉ်မီအောင် ဖြည့်ဆည်း မပေးနိုင်ပါက ခန္ဓာကိုယ်တွင်း၌ ရှိသင့်သော ရေပမာဏ အောက်သို့ ကျဆင်း သွားလိမ့်မည် ဖြစ်သည်။
ရေဓာတ် လျော့နည်း လာသည့်အခါ အာခေါင် ခြောက်လာခြင်း၊ တံတွေးနည်း လာခြင်း၊ ဆီးနည်းလာခြင်း၊ ဆီး၏အရောင် ရင့်လာခြင်းနှင့် ဆီးနံ့ပြင်းလာခြင်း စသည့် လက္ခဏာများကို ပြသလာလိမ့်မည် ဖြစ်သည်။
ထိုသို့ ဖြစ်လာခဲ့လျှင် ကျန်းမာရေး မထိခိုက်စေရန် အတွက် ရေများများ သောက်သုံးကြ ရမည်ဖြစ်သည်။ ပုံမှန်အားဖြင့် ၂၄နာရီ တစ်ရက်တာ အတွက် ရေ နှစ်လီတာခန့်ထိ သောက်သုံးကြရမည် ဖြစ်သည်။ ရေသောက်လျှင် တစ်ကြိမ်တည်းဖြင့် ပမာဏ များများ သောက်ခြင်းထက် မိမိခန္ဓာကိုယ် အတွက် သင့်တင့်မျှတသည့် ပမာဏကို အချိန်နာရီ ခြား၍ မကြာခဏ သောက်သုံးပေးခြင်း မျိုးက ပို၍ သင့်တော်သည်။ နွေဥတုကဲ့သို့ ပူပြင်း ခြောက်သွေ့သည့် အချိန် ကာလမျိုးတွင် ခန္ဓာကိုယ်တွင်း၌ ရေဓာတ် ဆုံးရှုံးမှု များပြား လာတတ်သည့် အားလျော်စွာ သွေးထဲ၌လည်း ရေပါဝင်မှုနှုန်း ကျဆင်းသွားလေ့ ရှိသည်။ ရေဓာတ် နည်းလာသော သွေးသည်ပို၍ ပျစ်လာသည့် အတွက် ပျစ်သည့်သွေးကို တွန်းပို့နေရသော နှလုံးသည် ပုံမှန်ထက် အဆတိုး၍ အလုပ်လုပ် ပေးရသည်။ ထိုအခါ လွယ်လင့်တကူ ပင်ပန်းနွမ်းနယ် မှုကို ခံစားကြ ရသည်။
အကယ်၍ ခန္ဓာကိုယ်အတွင်းမှ ရေတစ်လီတာခန့် ဆုံးရှုံးသွား သည်ကို ပြန်လည်မဖြည့်တင်း နိုင်ပါက နိုးကြားတက်ကြွမှု မရှိတော့ခြင်း၊ အာရုံ စူးစိုက်နိုင်မှု ကျဆင်းလာခြင်း၊ အမြင်အာရုံ လျော့နည်း လာခြင်းနှင့် ပင်ပန်းနွမ်းနယ် ခြင်းများကို ခံစားကြရလိမ့် မည်ဖြစ်သည်။ ရေလေးလီတာခန့် ဆုံးရှုံးသွားပြီ ဆိုလျှင် မူးမော်ခြင်းနှင့် ခေါင်းကိုက်ခြင်း များကို ခံစားကြရမည် ဖြစ်ပြီး ခန္ဓာကိုယ်တွင်းမှ ရေဆုံးရှုံးမှု ပမာဏသည် ၁၂ လီတာထိ ရောက်ရှိသွား ခဲ့လျှင် အသက်ဆုံးရှုံး သွားနိုင်သည်။ တစ်စုံတစ်ခုသော အကြောင်းကြောင့် ထိခိုက် ဒဏ်ရာရသည့် အခါမျိုး၌လည်း သွေးအလွန်အကျွံ ထွက်နေပါက ထွက်သွားသော သွေးများနှင့် အတူ ရေဓာတ် အများအပြား ဆုံးရှုံးသွား လိမ့်မည် ဖြစ်သည်။ ရေဓာတ် ဆုံးရှုံးမှု များပြားလွန်းပါက အသက် အန္တရာယ် ရှိနိုင်သည်ဖြစ်ရာ ထိခိုက်ဒဏ်ရာ ရသည့်အခါမျိုး၌ သွေးထွက် မလွန်စေရန် ဂရုပြုကြရမည် ဖြစ်သည်။
ပူပြင်းသော ရာသီကာလများ ၌လည်း ပြင်းထန်သော လေ့ကျင့်ခန်း များကို မလုပ်သင့် သကဲ့သို့ ချွေးထွက်လွန်ကဲမှု မဖြစ်အောင်လည်း ဂရုပြုဆင်ခြင် ကြရမည် ဖြစ်သည်။ တတ်နိုင်သမျှ အရိပ်ထဲ၌ နေထိုင်သင့်ပြီး မကြာခဏ ရေသောက်ခြင်း၊ အချိုရည်၊ သံပရာ ရည်နှင့် ဖျော်ရည်များကို သောက်သုံးခြင်း၊ ဓာတ်ဆားရည် သောက်သုံးခြင်း များကို ပြုလုပ်သင့်သည်။ ဂလူးကို့စ်နှင့် ဓာတ်ဆားများ အရန်သင့် ပါဝင်နေသော အုန်းရည်ကို သောက်ခြင်း သည်လည်း ပူပြင်းသော ရာသီကာလမျိုး အတွက် အလွန် သင့်လျော်သည့် အလေ့အထ တစ်ရပ်ပင် ဖြစ်သည်။ ခန္ဓာကိုယ် အတွင်း၌ ရှိသင့်သော ပမာဏထက် ရေအလွန်အကျွံ ပိုလျှံလာသည့် အခါ ကိုယ်တွင်းရှိ ဓာတ်ဆားများ၏ အချိုးအစား များစွာ လျော့နည်း သွားပြီး ထိုသို့လျော့နည်း သွားခြင်းက ဇီဝဓာတု ဖြစ်စဉ်များကို ကမောက်ကမ ဖြစ်သွားစေသည်။ ပိုနေ သော ရေများကို ကျောက်ကပ် ကလည်း စွန့်ထုတ် မပေးနိုင်တော့ပေ။
သွေးထဲ၌ ရေပမာဏ လွန်ကဲလာသည့် အခါ သွေးကျဲလာပြီး ရုတ်တရက် သွေးပေါင် ထိုးကျသွားခြင်း ကို ဖြစ်စေနိုင် သကဲ့သို့ အသက် အန္တရာယ်လည်း ရှိလာနိုင်သည်။ ပိုလျှံလာသော ရေများကြောင့် ကိုယ်တွင်းဆဲလ် များက ပွလာ နိုင်သော်လည်း ဦးနှောက်ဆဲလ် များကမူ အလိုက်သင့် ပွမလာနိုင်သည့် အတွက် ခေါင်း အလွန်ကိုက်ခြင်း၊ သတိလစ်ခြင်း၊ မေ့မြောသွားခြင်း များမှသည် အသက်ဆုံးရှုံး သည်ထိ ဖြစ်ပွားနိုင်သည်။
ကမ္ဘာပေါ်၌ အရပ်ဒေသ အသီးသီးတွင် ရေကို အတိုင်းအဆ မဲ့စွာဖြင့် အလွန်အကျွံ သောက်သုံးမှုကြောင့် အပြင်းအထန် ခေါင်းကိုက်သည့် ဝေဒနာကို ခံစားရသူများ၊ သတိလစ် မေ့မြောသွား သူများ အများအပြား ရှိခဲ့သည်။ ၄င်းတို့အနက် အချို့မှာ ဆေးရုံနှင့် ဆေးကုသမှုဌာန များသို့ အချိန်မီ ရောက်ရှိပြီး ကုသမှုခံယူ ခဲ့ကြရာမှ ပြန်လည်ကျန်းမာ လာသူများ ရှိသကဲ့သို့ အသက်ဆုံးရှုံး သွားရသူများလည်း အများအပြား ရှိခဲ့သည်။
အချို့သော နိုင်ငံများ၌မူ လူငယ်များ အချင်းချင်း ရေသောက်ပြိုင် ကြရာမှ မိမိအနိုင် ရရှိရေးအတွက် ရေကို အလွန်အကျွံ သောက်မိသဖြင့် ခေါင်းအလွန် ကိုက်ကာ ထိုမှတစ်ဆင့် သတိလစ်မေ့မြော သွားပြီး အသက်ဆုံးရှုံး သွားခဲ့ရသော သာဓက မျိုးလည်း အများအပြား ရှိခဲ့သည်။ ထိုသို့ ဖြစ်ရခြင်းမှာ ခန္ဓာကိုယ်ထဲ၌ ရှိသင့်သော ရေပမာဏထက် အလွန်အကျွံ ပိုလျှံလာသည့် အခါ ခန္ဓာကိုယ် တွင်းရှိ ဆိုဒီယမ် ကဲ့သို့သော ဓာတ်ဆား များ၏ ပါဝင်မှု အချိုးအစား သည် ပုံမှန် ရှိသင့်သော အတိုင်းအတာ ပမာဏ အောက်သို့ များစွာ လျော့နည်း ကျဆင်းသွားပြီး ခန္ဓကိုယ် အတွင်း၌ ပုံမှန်လှုပ်ရှား လည်ပတ်နေသော ဇီဝဓာတုဖြစ်စဉ် များကို ပျက်ယွင်း သွားစေ သောကြောင့် ဖြစ်သည်။ ခန္ဓာကိုယ်တွင်း အင်္ဂါများ ပုံမှန်လှုပ်ရှား လည်ပတ် နေချိန်၌ သွေးထဲရှိရေနှင့် ဓာတ်ဆားများ ထဲမှ မလိုအပ်သည် များကို ဖယ်ရှားစစ်ထုတ် ၍ ခန္ဓာကိုယ် ပြင်ပသို့ ကျင်ငယ်ရည် အဖြစ် စွန့်ထုတ်ပေး သည်။
ပိုလျှံနေသော ရေများကြောင့် ဓာတ်ဆား အချိုးအစား များပြောင်းလဲ သွားသည့်အခါ ကျောက်ကပ်၏ ပုံမှန် လုပ်ဆောင်ချက်များ ကစဥ့်ကလျား ဖြစ်သွားခြင်းနှင့် အတူ အန္တရာယ်ရှိ ရေပိုများကိုလည်း ကျင်ငယ်အဖြစ် စွန့်ထုတ်နိုင်အောင် ကျောက်ကပ်က လုပ်ဆောင်ပေး နိုင်ခြင်း မရှိတော့ပေ။ တစ်ဖက်တွင်လည်း ပိုလျှံလွန်ကဲ လာသော ရေများနှင့် လိုက်လျော ညီထွေဖြစ်အောင် ဦးနှောက်ဆဲလ် များက ဖောင်းပွမလာ နိုင်တော့သည့်အတွက် သတိလစ် မေ့မြောကာ အသက်ဆုံးရှုံး သွားရခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ရေကို ရေသောက် သကဲ့သို့ သောက်သုံးခြင်း မပြုဘဲ နေ့လယ်စာ စားသုံးသကဲ့သို့ ပမာဏ များများဖြင့် အလွန်အကျွံ သောက်သုံးခြင်း သည် အသက်အန္တရာယ် ရှိသော လုပ်ရပ်ဖြစ်သည့် အတွက် ထိုသို့သော လုပ်ရပ်မျိုးကို ရှောင်ရှားကြ ရမည်ဖြစ်သည်။ လူတို့၏ ခန္ဓာကိုယ်နှင့် ရေသည် ခွဲခြား၍မရဘဲ အချိုးအစား ညီညွတ် မျှတစွာဖြင့် ဒွန်တွဲလျက် ရှင်သန် ရပ်တည် နေကြရသည် ဖြစ်ရာ ခန္ဓာကိုယ် အတွက် လိုအပ်သည့် ရေကို ပမာဏ နည်းနည်းဖြင့် ပုံမှန် ဖြည့်ဆည်း သောက်သုံးခြင်း၊ ရေဓာတ် ပါဝင်သည့် အစားအစာ များကို သင့်တင့် မျှတစွာ စားသုံးဖြည့် ဆည်းပေးခြင်း၊ ထိခိုက်ဒဏ်ရာ ရသည့်အခါ သွေးထွက် မလွန်စေရန် ဂရုစိုက်ခြင်း၊ ပူပြင်းသော ရာသီကာလ များတွင် ရေဓာတ် ဆုံးရှုံးမှုကို ဖြစ်စေသော ချွေးအထွက် လွန်ခြင်းမျိုး မဖြစ်အောင် ဂရုပြု ဆင်ခြင်ခြင်း၊ ရေကို အတိုင်းအဆ မဲ့စွာဖြင့် အလွန်အကျွံ သောက် သုံးခြင်းမျိုးမှ ရှောင်ရှားခြင်း စသည့်တို့ကို လိုက်နာ လုပ်ဆောင် ကြခြင်းအားဖြင့် ကျန်းမာ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်ခွင့် ရရှိကြလိမ့်မည် ဖြစ်ပေသည်။
ရတနာပုံနေ့စဉ်
No comments:
Post a Comment