( ရှိန်းထက် )
တရုတ်အစိုးရက အရှေ့တောင် အာရှနိုင်ငံ များကို ချေးငွေ အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၅ သန်းပေးမည့် အစီအစဉ် တစ်ရပ်ကို မတ် ၂၃ ရက် က ချပြခဲ့သည်။ အားအနည်းဆုံး ဖြစ်သည့် အခြေခံ အဆောက်အအုံ ကဏ္ဍများ တွင် အသုံးပြုရန် ဖြစ်ပြီး တိုးဝင် လာသည့် အိန္ဒိယ၊ အမေရိကန် နှင့် ဂျပန်တို့၏ လွှမ်းမိုးမှု များကို နောက်ကျမကျန် ခဲ့စေရန် ဖြစ်သည်။
၂ဝ၁၄ ခုနှစ်ကလည်း တရုတ်သည် အရှေ့တောင်အာရှ နိုင်ငံများကို ချေးငွေ အမေရိကန်ဒေါ်လာ ၂ဝ ဘီလီယံ ပေးခဲ့ပြီး တရုတ်ကွန်မြူနစ် အစိုးရ၏ နိုင်ငံခြားရေး မူဝါဒများတွင် ယခုကဲ့သို့ ချေးငွေ ထုတ်ချေး ခြင်းသည် ပုံမှန် အစဉ်အလာ တစ်ခုမဟုတ်ခဲ့ပေ။ တရုတ်၏ အာဆီယံ အဓိကပစ်မှတ် နိုင်ငံများသည် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် မြန်မာ တို့ဖြစ်သည်။
တောင်တရုတ် ပင်လယ်ပြင် ပဋိပက္ခ ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ တရုတ်၏ အခန်းကဏ္ဍ သည် အရှေ့တောင် အာရှတွင် ယခင်ကထက် မှေးမှိန်သွား ခဲ့ပြီး ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှ အာဆီယံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက် လာသည့် အိန္ဒိယနှင့် ဈေးကွက် ရပြီးသား အမေရိကန်နှင့် ဂျပန်နိုင်ငံတို့က တရုတ်နေရာကို ဝင်ယူလာ ကြသည်။ အိန္ဒိယသည် ၂ဝ၁၄ ခုနှစ် နောက်ပိုင်းတွင် အာဆီယံနိုင်ငံ များနှင့် လွတ်လပ်သော ကုန်သွယ်ခွင့် သဘောတူ စာချုပ်များနှင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုများကို တရုတ်တို့၏ လမ်းစဉ်ကို လိုက်ပြီး ဈေးကွက် ဖွင့်လျက် ရှိသည်။
အာဆီယံ ညီလာခံများကို တရုတ်ကဲ့သို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပ လာကြပြီး See East နှင့် Act East ဟူသော အရှေ့မျှော် စီးပွားရေးမူဘောင် များကိုကျင့်သုံး လာသည်။ အခြေခိုင်ပြီးသား အမေရိကန် နှင့် ဂျပန်ကတော့ အရှေ့တောင် အာရှကို စီးပွားရေးအတွက် အဓိကထားခြင်းနှင့် အတူ စစ်ရေးအရ ဦးတည်ချက် ကိုလည်း တစ်ပြိုင်နက်တည်း ပစ်မှတ်ထား လာသည်။ အမေရိကန်က ၁၉၉၂ ခုနှစ် ကတည်းက ပိတ်ထားခဲ့သော ဖိလစ်ပိုင်ရှိ သူတို့၏ စစ်အခြေစိုက် စခန်းကို ပြန်လည်ဖွင့်လှစ် နိုင်ရန် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။
ယင်း စစ်အခြေစိုက် စခန်းသည် အမေရိကန်တို့၏ နိုင်ငံရပ်ခြား အကြီးဆုံး စစ်အခြေစိုက် စခန်းများတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့ပြီး တောင်တရုတ် ပင်လယ်ပြင်ကို မျက်နှာမူထား သောကြောင့် မဟာဗျူဟာ အကျဆုံး စစ်အခြေစိုက် စခန်းတစ်ခုလည်း ဖြစ်သည်။ ဗီယက်နမ် ကလည်း အမေရိကန်၏ ရေတပ် အခြေစိုက်စခန်း များကို ထားရှိစေလိုပုံ ရပြီး အဓိက အကြောင်းရင်းသည် တရုတ်၏ ကျူးကျော်မှု များကို တုံ့ပြန်ရန်ပင် ဖြစ်သည်။
ထို့အတူ ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန်၏ ကိုလိုနီနယ်များ ဖြစ်ခဲ့သော ဖိလစ်ပိုင်နှင့် ဗီယက်နမ်သည် သူ၏ ကိုလိုနီဟောင်း ဂျပန်ကို နွေးထွေးစွာ ကြိုဆို လက်ခံလျက် ရှိသည်။ စီးပွားရေးအရ သာမက စစ်ရေးအရပါ နီးကပ်သည့် ဆက်ဆံရေးများကို ထူထောင်လာ နေပြီး ဗီယက်နမ်သို့ ဂျပန်၏ ရေငုပ်သင်္ဘော များ မကြာမီ ရောက်ရှိ လာဦးမည် ဖြစ်သည်။ ထို့အတူ ဂျပန်သည် ၂ဝ၁၃ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်များ ကတည်းက ဖိလစ်ပိုင်ကို ကင်းလှည့် သင်္ဘောများနှင့် အမောင်းသင် ဂျက်တိုက် လေယာဉ်များကို ထောက်ပံ့ပေး ခဲ့ပြီးစစ်တပ် အတွက်လည်း ချေးငွေအဖြစ် အမေရိကန် ဒေါ်လာသန်း ၁၅ဝ အထိ ထုတ်ပေး ခဲ့သည်။
၂ဝ၁၂ ခုနှစ်က အမေရိကန်၏ အရှေ့တောင်အာရှ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁၉ဝ ဘီလီယံအထိ ရှိခဲ့သည်။ ထို ပမာဏသည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်တို့၌ အမေရိကန်၏ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ငွေအားလုံး ပေါင်းနှင့် ညီမျှသည်။
၂ဝ၁၂ ခုနှစ်တွင် တရုတ်၌ အမေရိကန်၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၅၁ ဘီလီယံသာ ရှိခဲ့သည်။ ယခု အမေရိကန်သည် အရှေ့တောင် အာရှ ဈေးကွက်ဝေစု ကို တရုတ်နှင့် အပြိုင် တန်းတူညီမျှ ရရန် ကြိုးစားနေပြီး ဂျပန်နှင့် အိန္ဒိယတို့ ကလည်း အသည်းအသန် ကြိုးပမ်း နေကြသည်။
ဂျပန်သည် အရှေ့တောင် အာရှ စီးပွားရေး အတွက် တရုတ်က Silk and Road စီးပွားရေး စီမံကိန်းကို အာဆီယံ နိုင်ငံများ အတွက် အမေရိကန် ဒေါ်လာ ၄ဝ ဘီလီယံ လျာထားလိုက် သောအခါ သူ၏ အရှေ့တောင် အာရှ ရင်းနှီးမြှုပ်နှံမှု ကို၂ဝ၁၅ ခုနှစ် တွင် အမေရိကန် ဒေါ်လာ ၁၁ဝ ဘီလီယံ အထိ ပစ်မှတ်ထား ခဲ့သည်။ ထို့ကြောင့် အရှေ့တောင် အာရှဒေသကို တရုတ်နှင့် ဂျပန်တို့၏ စီးပွားရေး တိုက်ပွဲဟုပင် ခေါင်းစဉ်တပ် ခံခဲ့ရသည်။
ဂျပန်သည် တရုတ်၏ အရှေ့တောင် အာရှ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုကို အမီလိုက်ရန် ကြိုးပမ်းနေသည်။ သို့သော်လည်း တရုတ်က အရှေ့တောင် အာရှ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ အဖြစ် ၂ဝ၁၄ ခုနှစ်တွင် တန်ဖိုးငွေ အမေရိကန် ဒေါ်လာ ၃၆၆ ဘီလီယံဖြင့် ပထမနေရာ ယူထားသည်။ ဂျပန်ကတော့ တန်ဖိုးငွေ အမေရိကန် ဒေါ်လာ၂၂၉ ဘီလီယံသာ ရှိခဲ့သည်။ ယခု ထိုနှစ်နိုင်ငံသည် အင်ဒိုနီးရှား၏ ပထမဆုံး အမြန်ရထား စီမံကိန်းအတွက် အပြိုင်ကြိုးပမ်း နေကြပြန်သည်။ တရုတ်က အမေရိကန် ဒေါ်လာ ၄ ဘီလီယံကို နှစ်စဉ် အတိုးနှုန်း ၂ ရာခိုင်နှုန်းဖြင့် ကမ်းလှမ်းထားပြီး ဂျပန်က အမေရိကန် ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံဖြင့် တရုတ်ထက် အတိုးနှုန်း သက်သာစွာ ကမ်းလှမ်း ထားသည်။
ထို့အတူ အိန္ဒိယ၏ အာဆီယံ ရည်ရွယ်ချက် သည် ၂ဝ၁၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁ဝဝ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂ဝ၂၂ ခုနှစ် အရောက်တွင် အမေရိကန် ဒေါ်လာ၂ဝဝ ဘီလီယံ အထိ ကုန်သွယ်နိုင်ရန် ရည်မှန်းထား သည်။ ထို့ကြောင့် ၂ဝ၁၃ ခုနှစ်က GDP တန်ဖိုး ၂ ဒသမ ၄ ထရီလီယံ အထိ ရှိခဲ့သော အာဆီယံ အသိုက်အဝန်းသည် နှစ်စဉ် စီးပွားရေး တိုးတက်မှုနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း ဖြင့် တိုးတက် နေသောကြောင့် နိုင်ငံကြီးတိုင်း၏ မျက်စိကျစရာ ဖြစ်လာသည်။ ထို့အတူ ၂ဝ၅ဝ ပြည့်နှစ်တွင် အာဆီယံ အသိုက်အဝန်း သည် ကမ္ဘာ့  စတုတ္ထမြောက် အကြီးဆုံး စီးပွားရေး အသိုက်အဝန်းကြီး တစ်ခု ဖြစ်လာနိုင်သည် ဟုလည်း စီးပွားရေး ပညာရှင်များက သုံးသပ် ထားကြသည်။
ထို့ကြောင့် အာဆီယံ ဈေးကွက်ကို ပိုမိုချုပ်ကိုင် နိုင်ရန် ထိုလေးနိုင်ငံ စလုံးက အသည်းအသန် ကြိုးပမ်း နေကြခြင်းဖြစ်သည်။ အထူးသဖြင့် တောင်တရုတ် ပင်လယ်ပြင် ပဋိပက္ခ ကြောင့် မျက်နှာပန်း မလှ ဖြစ်နေသော တရုတ်သည် ပိုမိုကြိုးပမ်း ရလျက် ရှိသည်။ အာဆီယံ အဖွဲ့ဝင် မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဘရူနိုင်း တို့သည် တောင်တရုတ် ပင်လယ်ပြင် အရေးတွင် အတွင်းကျကျ ပါဝင်ပတ်သက် နေသည်။
ထို့ကြောင့်ပင် တရုတ်နှင့် ဆက်ဆံရေး အေးစက်သွားခဲ့ပြီး ဗီယက်နမ်၏ လက်နက် တင်သွင်းမှုသည် ကမ္ဘာ့ စာရင်းတွင် အဆင့် (၁ဝ) အတွင်း ဝင်သွားခဲ့သည်။ ထို့အတူ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းတို့က လည်း တရုတ်အတွက် သူတို့၏ ကာကွယ်ရေး အသုံးစရိတ်များကို အသီးသီး မြှင့်တင် လိုက်ကြပြီး သူတို့၏ သဘောထားများ ကို တရုတ်အား ပြတ်ပြတ်သားသား ပြခဲ့ကြသည်။
ယခုတရုတ်၏ နေရာကို အစားထိုး ဝင်ရောက်ရန် အမေရိကန်၊ ဂျပန်နှင့် အိန္ဒိယ တို့က အဆင်သင့် စောင့်ဆိုင်း နေကြသည်။ ထို့ကြောင့် တရုတ်၏ စိုးရိမ်စိတ် ဒီရေများသည် တဖြည်းဖြည်း မြင့်တက် လာတော့သည်။ အကယ်၍ အာဆီယံ အသိုက်အဝန်း ကသာ တရုတ်ကိုဖယ်ပြီး ကျန်သုံးနိုင်ငံ ကိုသာ အလေးပေး ရွေးချယ်လိုက်မည် ဆိုပါက ကျဆင်းနေသော တရုတ်စီးပွားရေး အခြေအနေသည် ပြန်တက်လာရန် ရာခိုင်နှုန်း ပိုနည်းသွားမည် ဖြစ်သည်။
ထို့ကြောင့် ကမ္ဘာ့ စီးပွားရေး အင်အား အကြီးဆုံးနိုင်ငံ လေးနိုင်ငံ၏ အပြိုင်ဝင်လာမှု အပေါ် ရွေးချယ်မှု များနှင့် အာဆီယံသည် တရုတ်၏ စီးပွားရေး အခန်းကဏ္ဍ ကိုလည်း အနည်းငယ် ရိုက်ခတ် နိုင်ပါကြောင်း ရေးသား လိုက်ရပါသည်။
မြ၀တီနေ့စဉ် ၊ စာ(၂၄)