www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 28, 2016

စာရေးသူနှင့် ယနေ့ မန္တလေး


စာရေးသူနှင့် ယနေ့ မန္တလေး 

( မဒါလေး )

နံနက်ခင်း နိုးထမှုနှင့် အတူ မန္တလေးမြို့တွင် မန္တလေးသူ အဖြစ် အခြေချ နေထိုင်ခွင့် ရခဲ့သည့် ကိုယ့်ကိုယ်ကိုယ် တွေးပြီး ပီတိ ဖြစ်နေမိသည်။ ထိုထက် မန္တလေး ကျုံးကြီးနှင့် မနီးမဝေးေ နရာတွင် နေထိုင်ရ သဖြင့် ပိုပြီးဂုဏ်ယူ မိသည်။ နံနက်စောစော အများသူငါ ကားဖြင့် သော်လည်းကောင်း၊ ဆိုင်ကယ်ဖြင့် သော်လည်းကောင်း ကျုံးဘေးသို့ လာရောက်ကာ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ကျုံးတစ်ပတ် လမ်းလျှောက်ခြင်း၊ ကျုံးဘေးတွင် ပြုလုပ်ပေး ထားသော အားကစား ကိရိယာများဖြင့် လေ့ကျင့်ရန် လာသော အချိန်တွင် စာရေးသူက အိမ်မှ ငါးမိနစ်လောက် လမ်းလျှောက် လိုက်ရုံဖြင့် ကျုံးဘေးသို့ တန်းရောက် သွားသည်။ ကျုံးကြီးနှင့် အတူ ကျန်းမာခြင်း လာဘ်တစ်ပါး ကို ပိုင်ဆိုင်ခွင့် အထူး အခွင့်အရေး ရထားသဖြင့် ပိုပြီးပီတိ ဖြစ်ရသည်။

နံနက်စောစော ငါးနာရီ ထိုးသည်နှင့် ကျုံးဘေးသို့ သွားရန် ပြင်ဆင်ကာ အိမ်တံခါးကို ဖွင့်ပြီး ထွက်မည်ပြု လိုက်သည်။ ''ကျုံးဘေး သွားမလို့လား။ လက်ဝတ် လက်စားတွေ ချွတ်သွားနော်၊ ဖုန်းလဲ ယူမသွားနဲ့၊ တုတ်လေး တစ်ချောင်း ကိုင်ပြီးမှသွား အန္တရာယ် ကင်းအောင်'' မိခင် ဖြစ်သူ၏ တဖွဖွ အမှာစကား များကြောင့် ခြေလှမ်းများ တုံ့ခနဲ့ ရပ်သွားရသည်။ နံနက်ခင်းတွင် အဖော်မပါဘဲ မိန်းကလေး တစ်ယောက်တည်း လမ်းလျှောက်ရန် အတွက် သတ္တိ ဆက်မွေးရန် အားလျော့ သွားရသည်။

''မေမေကလဲ မနက်အစော လမ်းထလျှောက် တာကို လန့်အောင်လို့'' စာရေးသူ အပြောကို မိခင်ဖြစ်သူက စိတ်မကောင်း စွာဖြင့် ''မနေ့ကပဲ သတင်းစာထဲမှာ ပါတယ်။ ကျုံးဘေးမှာ အလုခံရလို့တဲ့၊ လူ့အသက်ဆိုတာ ဉာဏ်စောင့်တယ်''။ မေမေ၏ အပြောအောက်တွင် ကြောက်သွေး တို့ကပိုမို အေးခဲလာသည်။ ထိုနေ့မှစပြီး အဖော်မပါ လျှင် လမ်းမလျှောက် ဖြစ်သဖြင့် ကျုံးကြီးနှင့် နီးလျက် ဝေးနေသည်။

တစ်နေ့ စာရေးသူ သင်တန်းတစ်ခုမှ အပြန် မန္တလေး နန်းရှေ့မီးပွိုင့် အကျော်တွင် မိန်းကလေးနှစ်ဦး ဆိုင်ကယ်ကို မနိုင့်တနိုင်နှင့် တွန်းလာသည်။ အနောက်မှ ကောင်လေးနှစ်ဦး စီးလာသော ဆိုင်ကယ် တစ်စီး သည်လည်း ထက်ကြပ်မကွာ လိုက်လာသည်။ ထိုကောင်လေး နှစ်ယောက်သည် ဆိုင်ကယ်ပေါ်မှ မဆင်းဘဲ နောက်မှ ဖြည်းဖြည်း မောင်းလျက် လိုက်လာခြင်း ဖြစ်သည်။ ညရှစ်နာရီ ကျော်ပြီဖြစ်၍ လမ်းတွင် လူသွားလူလာ ရှင်းနေသည်။ 

မိန်းကလေးချင်း ဖြစ်သဖြင့် ကူညီရန် ''ဆိုင်ကယ် ဘာဖြစ်တာလဲ'' ဟု မေးလိုက်သည်။ ထို မိန်းကလေး နှစ်ယောက်သည် ဘာမှမပြောဘဲ ဆက်တွန်း နေသဖြင့် သုံးလေးခွန်း မေးယူပြီးသည့် နောက်မှ ဆိုင်ကယ်ဆီ ပြတ်သည်ဟု သိလိုက်ရသည်။ လမ်းဘေး တစ်နေရာတွင် ဆိုင်ကယ်ကို ထိုးရပ် လိုက်သည်။ အသင့် ပါလာသော ဆိုင်ကယ်ခုံ အောက်တွင် ဆောင်ထားသည့် ဆီဘူးကို ထုတ်လိုက်သည်။ စာရေးသူ ဆီဘူးထုတ် အပြီးတွင် ထို မိန်းကလေး နှစ်ယောက်သည် အတန်ငယ် ဝေးသောနေရာသို့ ရောက်နေပေပြီ။ ဆိုင်ကယ်ကို ခပ်မြန်မြန် အရှိန်တင်ပြီး နောက်မှ လိုက်၍ ထုတ်ထားသော ဆီဘူးကို ပေးလိုက်သည်။ ရုတ်တရက် တုံ့ပြန်လိုက်သော တုံ့ပြန်မှုမှာ စာရေးသူ တစ်သက်တွင် ယနေ့ထိ အမှတ်ရနေသည်။ စာရေးသူ ပေးသော ဆီဘူးကို ထိုမိန်းကလေးများ မယူပါ။ ဆိုင်ကယ်ကို တွန်းမြဲတွန်းသွား ကြသည်။ ဘေးမှ ကောင်လေး နှစ်ယောက် သည်လည်း ဆိုင်ကယ် ပေါ်မှမဆင်းဘဲ ကပ်လျက်လိုက်ပါ နေကြသည်။ စာရေးသူ စိတ်မရှည် သဖြင့် ''ညီမလေးတို့ ဆက်တွန်းရင် မန္တလေး တောင်ခြေ ရောက်မှ ဆီဆိုင်ရှိ တော့မယ်။ ဒီအချိန် လမ်းဘေး ဆီဆိုင်တွေ သိမ်းကုန်ပြီ။ အစ်မမှာပါတဲ့ ဆီဘူးကို ထည့်လိုက်ပါ''။ ကောင်မလေးများ တစ်ချက် ခေါင်းထောင်ကြည့်ကာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေ ကြသည်။ ထိုအချိန်ဘေးမှ ဆိုင်ကယ်က ''မယူနဲ့။ ဒီလို လိုက်ရောင်းတဲ့ သူတွေက ဈေးပိုတောင်းမှာ'' ရုတ်တရက် ကြက်သေသေ သွားသည်။ တို့မြန်မာ လူမျိုးများ တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်မှုများ သည်လောက် လျော့ပါးသွားပြီလား ဟု ဝမ်းနည်းမိသွားသည်။ ဘေးမှ မိန်းကလေး များကို မကူညီဘဲ စကားဖြင့် သနားပြနေသော ကောင်လေး နှစ်ယောက်ကိုလည်း သဘောမတွေ့ ဖြစ်မိသည်။ နောက်ဆုံး အနေဖြင့် ကောင်မလေး နှစ်ယောက် မျက်နှာကို ကြည့်လိုက်ကာ ''အစ်မက ဆီရောင်းတာ မဟုတ်ပါဘူး။ ညီမလေးတို့ကို ကူညီပေးတာ ပြန်ပေးစရာလဲ မလိုဘူး''။ သို့သော်လည်း မချောလေး များက မျက်နှာလွှဲကာ ဆက်တွန်းသွားသည်။ သူတို့နောက်ထပ် မိနစ်နှစ်ဆယ် လောက် ဆက်တွန်းလျှင် ဆီဆိုင်ရောက်မှာ သေချာနေပြီ ဖြစ်၍ စာရေးသူ ကိုယ့်လမ်း ကိုယ်သာ ဆက်ထွက်ခဲ့သည်။ စာရေးသူ စေတနာမှာ သဲထဲရေသွန် ဖြစ်ခဲ့ရသည်။

ဤ အဖြစ်အပျက် ဖြစ်ပျက်ပြီး နောက်ပိုင်းတွင် မန္တလေးမြို့သည် စာရေးသူနှင့် စိမ်းသည်ထက် စိမ်းသွားသည်။ ဆိုင်ကယ်များ၊ ကားများ၊ လူများလမ်း ပေါ်တွင် များလာ သလောက် လမ်းမှာ ဆိုင်ကယ်ပျက် လျှင်သော် လည်းကောင်း၊ စက်ဘီးပျက်လျှင် သော်လည်းကောင်း ကူညီမည့်သူ ရှားလာသည်။ ဆိုင်ကယ် စီးနိုင်သူက စက်ဘီးစီးသူ အပေါ်၊ ကားစီး နိုင်သူက ဆိုင်ကယ်စီးသူ အပေါ် အမြင်များ သာမက ဆက်ဆံပုံများပါ ရင့်သီး လာကြသည်။ တစ်ခါကလည်း ကားမောင်းရင်း ကွမ်းတံတွေး ထွေးလိုက်ရာ ကားနောက်မှ ကပ်စီးလာသော စာရေးသူကို သင်္ကြန်ရေ ပက်သလို ဖြစ်သွားသဖြင့် အလှူပွဲကို ကွမ်းတံတွေး စင်ထားသော အင်္ကျီဖြင့် သွားခဲ့ရဖူးသည်။ 

မီးပွိုင့်တွင် ဆိုင်ကယ်ရပ်ရင်း အရှေ့မှ ဆိုင်ကယ်ကို တိုးမိသဖြင့် မီးပွိုင့်အကျော် လမ်းဘေးတွင် ဆိုင်ကယ်ကို ရပ်ခိုင်းပြီး ပွန်းရာထင်လျှင် လျော်ရမည်ဟု ပြောခြင်းလည်း ခံခဲ့ရဖူးသည်။ သူ့ ဆိုင်ကယ်ကလည်း ပွန်းရာ၊ ခြစ်ရာ ဗရပွနှင့် ဖြစ်သည်။

တစ်နေ့ စာရေးသူ အလုပ်သွားရင်း ၃၅ လမ်း အကျော်တွင် လူနှင့်ဆိုင်ကယ်များ ရှုပ်နေသဖြင့် ရှောင်ရင်းပင် အရှေ့မှ ဖြတ်ဝင်လာသော ဆိုင်ကယ်ကို ရှောင်လိုက် သောကြောင့် လမ်းဘေးမှ ဆိုက်ကား တစ်စီးကို ဝင်တိုက်မိရာ ရှေ့ခွေ အနည်းငယ် ကောက်သွားသည်။ ဆိုက်ကားသမားက အလျော်တောင်း သည့်အပြင် ဆိုက်ကားပြင် နေချိန်တွင် ခရီးသည်လာပါက မည်သို့ လုပ်ရမည်လည်းဟု ဆိုကာ နေ့တွက်ပါ တောင်းသည်။ စာရေးသူက ငွေလုံလုံ လောက်လောက် မပါသဖြင့် ပါသလောက်ပဲ ပေးခဲ့ရန် ညှိနှိုင်းရာ လုံးဝ လက်မခံဘဲ ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာ အတိအကျ ပေးခဲ့ရန် တောင်းသည်။ အမှန်တကယ် စာရေးသူ ပေးသောငွေမှာ ဆိုက်ကားခွေ ဖိုးထက်ပင်များေ နသည်။ ဆိုက်ကားသည် ခွေအနည်းငယ် ဖြောင့်လိုက်ရုံဖြင့် ပင်ရသည်။ အနီးကလူများ တစ်ယောက် တစ်ခွန်း ဝင်ပြောမှပင် ဆိုက်ကား သမားသည် မကျေနပ်ချင်ဘဲ ကျေနပ်လိုက် ရသည်။

တစ်ခါကလည်း အသိအိမ်ရှာရင်း လမ်းပျောက် သွားသဖြင့် ကွမ်းယာဆိုင်ကြီး တစ်ဆိုင်နား ရပ်ကာ မေးလိုက်သည်။ ကွမ်းယာ ရောင်းသူရော ဝယ်သူများပါ တစ်ယောက် တစ်မျိုး ဝိုင်းမေးကြသည်။ စာရေးသူက အမှန်တကယ် ကူညီမည် အထင်ဖြင့် မိမိ သိချင်သည် များကို မေးမြန်းကာ သူတို့ မေးသည်များ ကိုလည်း ဖြေလိုက်သည်။ အတန်ကြာမှ စနောက်လိုသော သဘောဖြင့် မေးနေမှန်း သိလိုက်ရသဖြင့် ဘာမျှ ဆက်မမေးဘဲ ထွက်လာခဲ့ ရသည်။ 

ထိုအချိန်မှစ၍ မန္တလေးမြို့ တွင် ပစ္စည်းတစ်ခုကို ဆိုင်တစ်ဆိုင်မှာ မရှိလျှင် ရှိသည့်ဆိုင်ကို မေးပါက မသိဘူးဆိုသည့် အသံများ၊ ဘယ်မှာ ရနိုင်မလည်း မေးလျှင်လည်း မပြောတတ်ဘူး ဆိုသည့် မျက်နှာလွှဲ ခဲပစ် အပြုအမူများ အတွေ့များလာ ရသည်။ ကျုံးဘေးတွင် အလုယက်ခံ ရသူများ၊ အသတ်ခံရသည့် သတင်းများ ထိပါ ကျုံး၏ အလှတရားမှာ ဖျက်ဆီးခံ လိုက်ရသည်။ ညဘက် မိန်းကလေး တစ်ယောက်တည်း ကျုံးဘေး လမ်းမလျှောက် ရဲအောင် ဖြစ်ခဲ့ရသည်။ မကြာခဏ ဆွဲကြိုးဖြတ် လုခံရသော သတင်းများ၊ လူကိုရိုက်ပြီး ဆိုင်ကယ်လုသော သတင်းများ ကြားရသည်ထိ လူနေမှု အခြေအနေများ နိမ့်ကျခဲ့ ရသည်။ မန္တလေး မြို့ကြီးသည် တစ်စတစ်စ နှင့် ယဉ်ကျေးမှု စရိုက် အကျည်းတန် လာခဲ့ပြီ။

စာရေးသူတို့ အမျိုးသမီးများ ဆိုင်ကယ်စီးလျှင် ပိုက်ဆံအိတ်ကို ရင်ဝယ်သား ကဲ့သို့ ရှေ့တည့်တည့် တွင် ပွေ့ဖက်ထား ကြရသည်။ လက်ဝတ် လက်စားများ ကိုလည်း မမြင်အောင် အင်္ကျီ လက်ရှည်များ၊ ကော်လံပါ အင်္ကျီများကို ရွေးဝတ်ကြ ရသည်။ ရှိုးထုတ်ရန် နေနေသာသာ ဘယ်အချိန်၊ ဘယ်နေရာက ဘယ်ပုံ လုသွားမည်လည်း၊ ဆွဲသွား မည်လည်း ဆိုသည့် စိုးရိမ်စိတ်ဖြင့် ကျီးလန့်စာစား သွားနေရသော ယနေ့ မန္တလေးသူ ဘဝကို စာရေးသူ အနည်းငယ် ငြီးငွေ့၊ စိတ်ကုန်၍ လာပေပြီ ဖြစ်သည်။

ရတနာပုံနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger