www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 25, 2016

ကမ္ဘာတည်သရွေ့ မီဒီယာ၏ လှုပ်ရှားမှုများ ရှိနေမည်ဖြစ်ပြီး ထိရောက်သည့် လုပ်ဆောင်မှုများပေးခြင်းဖြင့် တိုင်းပြည်တည်ဆောက်ရေး အတွက် ပိုမိုတန်ဖိုးကြီးစေမည်ဖြစ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ မြန်မာနိုင်ငံ မီဒီယာကောင်စီဥက္ကဋ္ဌ ဦးခင်မောင်လေး နှင့် အဖွဲ့ဝင်များ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်စဉ်


နေပြည်တော်၊ ၂၅-၁-၂၀၁၆

မီဒီယာသည် တိုင်းပြည်အတွက် လွန်စွာ အရေးကြီးကြောင်း၊ အထူးသဖြင့် တိုင်းပြည် တည်ဆောက်ရေး ကာလတွင် ပိုမိုအရေးကြီးကြောင်း၊ ပြောင်းလဲနေသော အခြေအနေများ အရ နိုင်ငံတိုင်း၏ တိုင်းပြည် တည်ဆောက်ရေး သည်လည်း ပြီးဆုံးသည်ဟူ၍ မရှိနိုင်သကဲ့သို့ မီဒီယာ၏ ကဏ္ဍသည်လည်း ထာဝရ ရှိနေမည်ဖြစ်ကြောင်း၊ ကမ္ဘာတည်သရွေ့ မီဒီယာ၏ လှုပ်ရှားမှုများ ရှိနေမည်ဖြစ်ကြောင်း၊ ထိရောက်သည့် လုပ်ဆောင်မှုများ ပေးခြင်းဖြင့် တိုင်းပြည် တည်ဆောက်ရေး အတွက် ပိုမိုတန်ဖိုးကြီးစေ မည်ဖြစ်ကြောင်း၊ တပ်မတော်၏ ကိုယ်စား သတင်းမီဒီယာ ကောင်စီအား ဂုဏ်ပြုပါကြောင်း နှင့် ကြိုဆိုပြီး ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်လေး နှင့် အဖွဲ့ဝင်များကို တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်လေး နှင့် ဒုတိယဥက္ကဋ္ဌ များဖြစ်ကြသည့် ဦးဖေမြင့်နှင့် ဒေါက်တာ မျိုးသန့်တင်၊ အတွင်းရေးမှူး ဦးသီဟစော နှင့် အဖွဲ့ဝင်များ၊ ရုံးအဖွဲ့များ၊ စုစုပေါင်း ၂၄ ဦး တက်ရောက် ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက တွေ့ဆုံပွဲသို့ တက်ရောက် လာကြသော မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သတင်းမီဒီယာ ကောင်စီသည် ကျယ်ပြန့်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊ သတင်းမီဒီယာသည် တိုင်းသူပြည်သား များကို အသိပညာ၊ အတတ်ပညာများ ဖြန့်ဝေပေးသည့် ဌာနကြီး ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်ပင် သတင်းမီဒီယာ များမှ ဖတ်ရှုလေ့လာ သိရှိရသည့် အသိပညာများ၊ မိဘဆရာနှင့် Elder များ၏ သွန်သင်ဆုံးမမှု၊ ထိန်းကျောင်း ပဲ့ပြင်မှုများ ပေါင်းစပ်ပြီး နိုင်ငံ့တာဝန် များကို ထမ်းဆောင် နေခြင်းဖြစ်၍ သတင်းမီဒီယာ ၏ တန်ဖိုးကို အလေးထားကြောင်း၊ မှန်မှန်ကန်ကန် ဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိရှိ အသုံးချ နိုင်ခြင်းဖြင့် နိုင်ငံတော် အတွက် များစွာ အကျိုးရှိကြောင်း၊ တစ်ဦးနှင့် တစ်ဦး အမြင်ချင်း မတူနိုင်သဖြင့် အချက်အလက် မှန်ကန်စွာဖြင့် မျှတသည့် သတင်းပေး ခြင်းသည် ကောင်းမွန်ကြောင်း၊ မီဒီယာမှ ပေးသည့် သုတ၊ ရသများ ၊ သတင်းများသည် ပြည်သူများ အတွက် များစွာ အထောက်အကူ ပြုကြောင်း၊ ပြည်သူများ စာဖတ်အား မကျအောင် စာပေဖွံ့ဖြိုးရေး လုပ်ငန်းများကို ၀ိုင်းဝန်း လုပ်ဆောင် ပေးရမည် ဖြစ်ကြောင်း။

လက်ရှိ တပ်မတော် အနေဖြင့် Standard Army အဖြစ် တိုက်စွမ်းအား၊ တိုက်စွမ်းရည်များ မြှင့်တင်ခြင်းဖြင့် တပ်မတော်၏ စွမ်းဆောင်ရည် မြင့်မားလာအောင် လုပ်ဆောင်ပေး နေရာတွင် တပ်မတော်သားတိုင်း ပညာရည် မြှင့်တင်ရေးများ လုပ်ဆောင်ပေးလျက် ရှိကြောင်း၊ အလားတူ တိုင်းပြည် ပညာရည် မြင့်မားရေး၊ ပညာတတ်များ ပေါကြွယ်ဝရေးအတွက် မီဒီယာများ ကလည်း တွန်းအားပေး တိုက်တွန်း လုပ်ဆောင် စေလိုကြောင်း၊ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်း နေချိန်ဖြစ်၍ ပြည်သူများ၏ ဒီမိုကရေစီ ကျင့်စဉ်များ၊ အသိပညာပေးမှုများ ပံ့ပိုးလုပ်ဆောင် ပေးပါက ကောင်းမွန်ပါကြောင်း၊ တပ်မတော်အ နေဖြင့် ရွေးကောက်ပွဲ အကြိုကာလတွင် လွတ်လပ်ပြီး တရားမျှတမှု ရှိရမည်ဟု ပြောဆိုခဲ့ကြောင်း၊ ရွေးကောက်ပွဲ ကာလ ၊ ရွေးကောက်ပွဲလွန် ကာလများ တွင်လည်း ပြည်သူ ရွေးချယ်သည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် မယိမ်းမယိုင် ခိုင်မာစွာ လျှောက်လှမ်းနိုင်ရန် ထိန်းသိမ်းလုပ်ဆောင် ခဲ့ကြောင်း၊ နောင်အစိုးရ နှင့်လည်း တည်ငြိမ် အေးချမ်းရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွား ရမည် ဖြစ်ကြောင်း။

တည်ငြိမ် အေးချမ်းရေးတွင် တရားဥပဒေ စိုးမိုးရေးနှင့် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေး အပိုင်းများရှိကြောင်း၊ တပ်မတော် အနေဖြင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် လိုက်လျော နိုင်သမျှ လိုက်လျော၍ NCA လက်မှတ် ရေးထိုးခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပခြင်း တို့တွင် ထာဝရငြိမ်းချမ်းရေး အတွက် အင်တိုက်အားတိုက် ပါဝင်ေ ဆာင်ရွက် နေကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးသည် သေရေးရှင်ရေး တမျှ မရှိမဖြစ် အရေးကြီး လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်ချိန်မှ သတ်မှတ်ကာလ အတွင်း DDR/SSR လုပ်ငန်းစဉ်များ ပြီးပြတ်အောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး Gentleman Agreement များကိုလည်း လိုက်နာ စောင့်ထိန်းရန် လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မူဝါဒချမှတ်၍ တပ်မတော်၏ ဆန္ဒဖြစ်သည့် ထာဝရငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေး အပိုင်းတွင်လည်း နိုင်ငံတော်အစိုးရ၊ လွှတ်တော်တို့အား ကူညီလုပ်ဆောင်

လျက်ရှိကြောင်း၊ သတင်းမီဒီယာများ အနေဖြင့် လည်း အပြုသဘော ဆောင်သည့် တိုက် တွန်း နှိုးဆော် ချက်များ လုပ်ဆောင်ပေးရန် တိုက်တွန်း ပြောကြား၍ မိမိနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒနှင့်အညီ အိမ်နီးချင်းနိုင်ငံ တပ်မတော် များနှင့် ကောင်းမွန်သည့် ဆက်ဆံရေး တည်ေ ဆာက်နိုင်မှု အခြေအနေများ၊ ရခိုင်ပြည်နယ်ရှိ AA သောင်းကျန်းသူ ၊ အရှေ့မြောက်ဒေသရှိ MNDAA၊ TNLA အဖွဲ့အစည်းများနှင့် ပတ်သက်၍ တပ်မတော်မှ အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး သတင်းမီဒီယာ ကောင်စီ အတွင်းရေးမှူးမှ သတင်းမီဒီယာ ကောင်စီ၏ ရပ်တည်လုပ်ဆောင် ချက်များကို ရှင်းလင်းတင်ပြပြီး တပ်မတော်နှင့် သတင်းမီဒီယာများ အကြား ကောင်းမွန်သည့် ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေး၊ စာပေဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး၊ တပ်မတော်ဆိုင်ရာ သတင်းရယူရေး ကိစ္စရပ်များ ပိုမိုချောမွေ့ အဆင်ပြေစေရေးနှင့် အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍတွင် တပ်မတော်မှ ပါဝင် ဆောင်ရွက်နေမှု အခြေအနေများကို သတင်းမီဒီယာ ကောင်စီဝင် တစ်ဦးချင်းမှ ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်လေး နှင့် အဖွဲ့ဝင်များအား လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ခဲ့ ကြသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် အဖွဲ့ဝင် ၂၄ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger