www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 26, 2016

မြတ်စွာဘုရားရှင်၏အရိုးဓာတ်တော် နေပြည်တော်သို့ဒေသစာရီကြွချီ အပူဇော်ခံ




နေပြည်တော် ၊ ၂၆-၁-၂၀၁၆

အိန္ဒိယနိုင်ငံ လဒတ်ပြည်နယ် လိမြို့ ဟမ်းမစ်ကျောင်းတော်မှ မြန်မာနိုင်ငံသို့ ဒေသစာရီကြွ ချီလာသော မြတ်စွာဘုရားရှင် ၏ အရိုးဓာတ်တော်သည် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့ တို့တွင် ကိန်းဝပ်စံပယ် အပူဇော်ခံပြီး ယမန်နေ့နံနက် ၇ နာရီတွင် မန္တလေးမြို့မှ နေပြည်တော်သို့ ဆက်လက် အပူဇော်ခံကြွ ချီသည်။

နေပြည်တော်သို့ ကြွချီလာသော မြတ်စွာဘုရားရှင်၏ အရိုး ဓာတ်တော်သည် နံနက် ၁ဝ နာရီတွင် မိတ္ထီလာမြို့ ဆုတောင်းပြည့် သာသနာ့ဗိမာန်၌ ခေတ္တကိန်းဝပ် စံပယ် အပူဇော်ခံ ရပ်နားပြီး ဆက်လက် ကြွချီရာ နေပြည်တော်သို့ မွန်းလွဲ ၂ နာရီခွဲတွင် ရောက်ရှိသည်။ ယင်းနောက် မြတ်စွာဘုရားရှင် ၏ အရိုးဓာတ်တော် သည် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး လိုဏ်တော် အတွင်းရှိ အရှေ့ဘက်မုခ် ယာယီ စံကျောင်းတော်၌ ကိန်းဝပ် စံပယ်တော်မူသည်။

ထိုကဲ့သို့ မြတ်စွာဘုရားရှင် ၏ အရိုးဓာတ်တော်အား မော်တော်ယာဉ် များဖြင့် နေပြည်တော်သို့ ပင့်ဆောင်စဉ် လမ်းဘေးဝဲယာ တစ်လျှောက် မှ ဗုဒ္ဓဘာသာဝင် သူတော်စင်များ လာရောက်ဖူးမြော် ကြည်ညိုကြပြီး အလှူငွေများ ထည့်ဝင်လှူဒါန်း ကြသည်။

မြတ်စွာဘုရားရှင် ၏ အရိုးဓာတ်တော် သည် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ၌ တစ်ညတာ  ကိန်းဝပ်စံပယ် အပူဇော်ခံမည် ဖြစ်ရာ ရောက်ရှိချိန်မှစ၍ ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက် ရှိသည်။

''အခုဓာတ်တော်က အနှစ်နှစ်ထောင် ကျော် ရှိသွားပြီ ဖြစ်ပါတယ်။ လဒတ်ပြည်နယ် မှာရှိတဲ့ မြတ်စွာဘုရားရဲ့ ဓာတ်တော်လေးဆူ ထဲက အထွတ်မြတ်ဆုံး ဓာတ်တော် ဖြစ်ပါတယ်။ ကျန်တဲ့ အရိုးဓာတ်တော် သုံးခုက အခု ဓာတ်တော်ထက် ငယ်ပါတယ်။ လဒတ်ပြည်နယ်မှာ ဘုန်းတော်ကြီး ကျောင်း၂ဝဝ ကျော်နဲ့ နီပေါမှာ ၁ဝဝ ကျော်ရှိပါတယ်။ ဓာတ်တော်တွေရဲ့လုံခြုံရေးအတွက် ဓာတ်တော်တွေဟာ တစ်ကျောင်းပြီး တစ်ကျောင်း ကိန်းဝပ် စံပယ်ပါတယ်။ အခုဓာတ်တော်ဟာ လဒတ်ပြည်နယ် ကနေ ပထမဆုံးအကြိမ် ပင့်ဆောင်ခွင့်ပြု ချိန်မှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် မှာပဲ ကြွချီတာဖြစ်တဲ့ အတွက် ပိုပြီး ကံထူးတယ်လို့ ခံစားရပါတယ်။ ၂၇ ရက်နေ့မှာ ဓာတ်တော်ကို ရွှေတိဂုံစေတီတော် သို့ ပင့်ဆောင်ပါမယ်။ ပြီးရင် ဆီမီး ၁ဝဝဝ ပူဇော်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် ဆုတောင်းပွဲကြီး ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်'' ဟု မြတ်စွာဘုရား၏ ဓာတ်တော် ပင့်ဆောင်ရေး အဖွဲ့ဝင် မစ္စတာ မက်ပတေး က ပြောသည်။

မြတ်စွာဘုရားရှင် ၏ အရိုးဓာတ်တော် သည် ဇန်နဝါရီ ၂၆ ရက်တွင် တောင်ငူမြို့နှင့် အုတ်ဖိုမြို့သို့ ဆက်လက် ကြွချီမည်ဖြစ်ပြီး တောင်ငူမြို့တွင် ခေတ္တအပူဇော်ခံ ရပ်နားမည်ဖြစ်ကာ အုတ်ဖိုမြို့နယ် ဥတိုမြို့သစ် ရှိ အောင်ချမ်းသာ ဘုရားဝင်း၌  ညအိပ်ရပ်နား ကိန်းဝပ်စံပယ်အပူဇော်ခံမည် ဖြစ်သည်။ ထိုမှတစ်ဆင့် ဇန်နဝါရီ ၂၇ ရက်တွင် ရန်ကုန်မြို့သို့ ဆက်လက်ကြွချီ မည်ဖြစ်ပြီး ရွှေတိဂုံ စေ တီတော်မြတ်ကြီး ၌ ၂၈ ရက်အထိ နှစ်ညတာ ကိန်းဝပ်စံပယ် အပူဇော်ခံမည် ဖြစ်သည်။ ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် အိန္ဒိယနိုင်ငံသို့ ပြန်လည် ကြွချီ တော်မူမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger