www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 7, 2016

ပြင်းအား ၅ ဒသမ ၁ မဂ္ဂနီကျူ့ဒ် ငလျင်ကိုဖြစ်ပေါ်စေပြီး ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာစမ်းသပ်နိုင် ခဲ့သည့် မြောက်ကိုရီးယားနှင့် ကမ္ဘာ့လက်နက် တင်သွင်းမှု အများဆုံးဖြစ်လာသည့် တောင်ကိုရီးယား



( ရှိန်းထက် )

၂၀၁၆ ခုနှစ်၏ နှစ်သစ် စစချင်းပင် စစ်၏ခေါ်သံတစ်ခုက ကမ္ဘာကြီးကို ထပ်မံခြိမ်းခြောက် လာပြန်သည်။ အဘယ်ကြောင့် ဆိုသော် ဇန်နဝါရီ ၆ ရက် ဗုဒ္ဓဟူးနေ့တွင် မြောက်ကိုရီးယား၏ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကြောင့် ဖြစ်သည်။

မြောက်ကိုရီးယား၏ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကြောင့် ပြင်းအား ၅ ဒသမ ၁ မဂ္ဂနီကျူ့ဒ် ရှိ ငလျင်တစ်ခု လှုပ်ခတ်သွား ခဲ့ပြီး မကြာမီမှာပင် ပြုံယမ်း၏ ကြေညာချက် တစ်စောင် ထွက်ပေါ် လာခဲ့သည်။ မြောက်ကိုရီးယား သည်သူတို့၏ ပထမဆုံး ဟိုက်ဒရိုဂျင်ဗုံး ကို အောင်မြင်စွာ စမ်းသပ် နိုင်ခဲ့ကြောင်း ကြေညာချက် ဖြစ်သည်။ ငလျင်လှုပ်ခတ်မှု ပြီးပြီးချင်းပင် တောင်ကိုရီးယား သည် တရုတ် ပညာရှင်များနှင့် ပူးပေါင်းကာ ငလျင်ဖြစ်ပေါ်
ရခြင်း၏ အကြောင်းရင်းကို ရှာဖွေခဲ့သည်။

ထို့နောက် လူလုပ်ငလျင် တစ်ခုဖြစ်ကြောင်း မြောက်ကိုရီးယား တို့ မကြေညာမီ ကပင် ဖော်ထုတ်နိုင်ခဲ့ပြီး မည်သူ့ လက်ချက် ဖြစ်သည်ကို အဖြေရှာနေစဉ် မှာပင် ကင်ဂျုံအွန် ၏ ၂ဝ၁၆ ခုနှစ်အတွက် အောင်မြင်သည့်
အဖွင့်စာမျက်နှာ ဖြစ်ကြောင်း ကြေညာချက် ကို တွေ့ရှိခဲ့ကြသည်။ ထို့နောက် တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေး သည် ချက်ချင်းပင် တောင်ကိုရီးယား အဆင့်မြင့် အရာရှိကြီးများကို အစည်းအဝေး ခန်းမထဲသို့
ဆင့်ခေါ်ခဲ့သည်။ ထို့အတူ ဂျပန်သည်လည်း ကင်ဂျုံအွန် ၏ ကြေညာချက် ထွက်လာ ပြီးပြီးချင်းပင် အဆင့်မြင့် လုံခြုံရေး အစည်းအဝေး ကို ဆင့်ခေါ်ခဲ့သည်။

ဂျပန်ကမူ မြောက်ကိုရီးယား တို့၏ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကို သံသယရှိခဲ့ပြီး နျူကလီးယား စမ်းသပ်မှု စတုတ္ထအကြိမ် မြောက်ဖြစ်ကြောင်း ထုတ်ဖော် ကြေညာခဲ့သည်။ ထိုသို့ဖြစ်ခဲ့ပါက တဖြည်းဖြည်းနှင့် မြောက်ကိုရီးယား တို့ နျူကလီးယားဗုံး ရရှိမည့် အခွင့်အရေး နီးသည်ထက် နီးလာနေပြီး နောက်ဆုံး အမေရိကန် အထိပါ ပစ်ခတ်နိုင် တော့မည်။ အမေရိကန် ကလည်း မြောက်ကိုရီးယား တို့၏ ယခု စမ်းသပ်မှုသည် အမေရိကား အထိပါ မြောက်ကိုရီးယား လက်နက် မကြာမီရောက်ရှိ လာနိုင်ကြောင်း ပွင့်လင်းစွာ ဝန်ခံထားခဲ့ပြီး ဂျပန်ကတော့ သူ၏လုံခြုံရေး ကို အဆိုးရွားဆုံး ခြိမ်းခြောက်မှုဟု ခေါင်းစဉ် တပ်ထားသည်။

တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေး က မြောက်ကိုရီးယား တို့ ကန့်သတ်ထားသည့် စမ်းသပ်မှုများကို လုပ်ဆောင်ခဲ့သည့် အတွက် ထိုက်တန်သည့် ပေးဆပ်မှုမျိုးကို ပြန်လည် ပေးဆပ်ရမည်ဟု ဆိုသည်။ မြောက်ကိုရီးယား သည် ယမန်နှစ် ကလည်း မိုးခေါင်ရေရှားမှု ဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရပြီး အစာရေစာ ရှားပါးနေသော နိုင်ငံဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာ အကူအညီများကို ရယူခဲ့ရပြီး ပြည်သူများ ခဲခဲယဉ်းယဉ်း အသက်ဆက် ခဲ့ရသည်။

နိုင်ငံ၏ GDP ကို စစ်အသုံးစရိတ် အဖြစ် အများဆုံး အသုံးပြုထားပြီး နျူကလီးယား လက်နက်ရရှိအောင် အဓိကထား ဆောင်ရွက်နေသော နိုင်ငံဖြစ်သောကြောင့် ဆင်းရဲတွင်းနက် သည်ထက် နက်နေသည့် နိုင်ငံလည်း ဖြစ်သည်။ ထို့ကြောင့် တောင်ကိုရီးယား အပါအဝင် ကုလသမဂ္ဂသည် မြောက်ကိုရီးယား ကို နှစ်စဉ် အစားအစာ အမေရိကန်ဒေါ်လာ သန်းနှင့်ချီ ထောက်ပံ့ပေး နေရသည်။

ကုလသမဂ္ဂ က မြောက်ကိုရီးယားကို နျူကလီးယား လက်နက်အပါအဝင် ဒုံးကျည်များ စမ်းသပ်ခွင့်ကို ပိတ်ပင်ထားသည်။ ထို စမ်းသပ်မှုများကို မပြုလုပ်ဘဲ လိုက်နာခဲ့ပါက မြောက်ကိုရီးယား ကို အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂတို့က လိုအပ်နေသည့် အကူအညီ မှန်သမျှကို ထောက်ပံ့ပေးမည်ဟု ကမ်းလှမ်း ထားသည်။ သို့သော်လည်း မြောက်ကိုရီးယား က လက်မခံဘဲ နျူကလီးယား လက်နက်
ပိုင်ဆိုင်ရေးကိုပင် အလေးထား ဆောင်ရွက်လျက် ရှိသည်။

တစ်ချိန်တည်းမှာပင် သူ၏ အိမ်နီးချင်း ရန်ဘက် တောင်ကိုရီးယား ကလည်း စစ်အသုံးစရိတ်ကို တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်လာပြီး ကမ္ဘာ့လက်နက် တင်သွင်းမှု အများဆုံး နိုင်ငံလည်း ဖြစ်လာသည်။ မြောက်ကိုရီးယား ၏ ခြိမ်းခြောက်မှုကို တန်ပြန်ခုခံနိုင်ရန် တောင်ကိုရီးယား ၏ တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။ သံတမန်ရေး အရ အဖြေရှာမရ ခဲ့သည်မှာလည်း ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။ ထိုအတောအတွင်း မြောက်ကိုရီးယား တို့၏ ရန်လိုမှုများ ကလည်း တစ်စတစ်စ မြင့်တက်လာသည်။

ထို့ကြောင့် မြောက်ကိုရီးယား တို့ ခြိမ်းခြောက်နိုင် စွမ်းအားကိုလိုက်ပြီး တောင်ကိုရီးယား ကလည်း သူ၏ စစ်တပ်အင်အားကို အလုံးအရင်းနှင့် ဖြည့်တင်းသည်။ ကမ္ဘာ့လက်နက် တင်ပို့မှု အများဆုံး၊ အမေရိကန်၏ ခေတ်အမီဆုံး လက်နက်များကို သူ့စစ်တပ်အတွက် ဝယ်ယူသည်။ ၂ဝ၁၄ ခုနှစ် တစ်ခုတည်းတွင်ပင် အမေရိကန်တို့ ထံမှ တောင်ကိုရီးယား ၏ လက်နက်ဝယ်ယူမှု သည် အမေရိကန် ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံအထိ ရှိခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့လက်နက် တင်သွင်းမှု အများဆုံးနိုင်ငံ အဖြစ် စာရင်းဝင်သွား ခဲ့သည်။

မြောက်ကိုရီးယား ကလည်း သူ့နိုင်ငံ၏ GDP ကို လေးပုံတစ်ပုံလောက် အထိ စစ် အသုံးစရိတ်အဖြစ် အသုံးပြုထားသူ ဖြစ်သည်။ နိုင်ငံ၏ တပ်ဖွဲ့ဝင် အင်အားမှာလည်း တစ်သန်းကျော် ရှိနေသည်။ ကမ္ဘာ့တပ်ဖွဲ့ဝင် အင်အား စာရင်းတွင် တရုတ်နှင့် အမေရိကန် ပြီးနောက် ကမ္ဘာ့ တတိယအဆင့် သတ်မှတ်ချက် ရှိသည်။ တောင်ကိုရီးယား၏ တပ်ဖွဲ့ဝင်အင်အား ခြောက်သိန်းကျော်နှင့် နှိုင်းယှဉ်လျှင် လေးသိန်း နီးပါးလောက် တောင်နှင့်မြောက်ကြား ကွာဟနေသည်။ ထို့ကြောင့် မြောက်ကိုရီးယား ကလည်း တောင်ကိုရီးယားကို မကြောက် သကဲ့သို့ တောင်ကိုရီးယား ကလည်း သူ၏ ခေတ်မီ တပ်မတော်ကြောင့် မြောက်ကိုရီးယား တို့က သူ့ကို စစ်ရေးအရ ရန်စလာလျှင် စစ်ရေးအရ တုံ့ပြန်မည်ဟု ပြတ်သားစွာ ပြောထားသူ ဖြစ်သည်။

တောင်ကိုရီးယား တို့၏ မြောက်ကိုရီးယား ထက် အားနည်းချက် ရှိရသည်မှာ နျူကလီးယားလက်နက် ထုတ်လုပ်ခွင့် မရှိသောကြောင့် ဖြစ်သည်။ နျူကလီးယား မပြန့်ပွားရေး စာချုပ်တွင် လက်မှတ်ရေးထိုး ထားသော တောင်ကိုရီးယား သည် မြောက်ကိုရီးယားကို အကောင်းဆုံး ရင်ဆိုင်နိုင်ရန် သူ၏ လေတပ်အင်အား၊ ရေတပ်အင်အားနှင့် ခေတ်အမီဆုံး လက်နက် များကိုသာ အားထားဖြည့်တင်း နေရသည်။ အကယ်၍များ မြောက်ကိုရီးယား ၏ နျူကလီးယား လက်နက်တစ်ခု တောင်ကိုရီးယား မြေပေါ်သို့ ကျသွားခဲ့ပါက တောင်ကိုရီးယား နိုင်ငံ တစ်ဝက်ခန့်နှင့် စစ်တပ်အင်အား တစ်ဝက်ခန့် ကျဆုံးသွားမည် ဖြစ်သည်။

နျူကလီးယား စမ်းသပ်သော နေရာသည် သာမန်အားဖြင့် စမ်းသပ်မှုပြီးပြီးချင်း အပူပိုင်းဇုန်နေရာ တစ်ခုအဖြစ် ချက်ချင်းပြောင်းလဲ သွားတတ်သည်။ ထိုအချက်ကို သက်သေထူ သည့်အနေဖြင့် မြောက်ကိုရီးယား သည်
စမ်းသပ်မှုပြီးပြီးချင်း နေရာ၏ ပြောင်းလဲသွားသော အပူအတိုင်းအတာ များကို လည်းပြသခဲ့သည်။ အောင်မြင်သည့် နျူကလီးယား စမ်းသပ်မှုအဖြစ် မြောက်ကိုရီးယား တို့ ပထမဆုံး အတည်ပြု လိုက်သည့် ကြေညာချက် လည်း ဖြစ်ခဲ့သည်။

မြောက်ကိုရီးယား တို့က သူတို့တွင် ဟိုက်ဒရိုဂျင်ဗုံး ပိုင်ဆိုင်နေပြီ ဖြစ်ကြောင်း ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ကတည်းက ကြေညာခဲ့သည်။ သို့သော်လည်း ယုံကြည်ရန် ခဲယဉ်းလွန်းသည့် အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း က ဝေဖန်သံ အနည်းငယ်သာ ထွက်ပေါ်ခဲ့သည်။ ယခု စမ်းသပ်မှုသည် ဝေဖန်မှုပင် မကတော့ဘဲ ကမ္ဘာကြီးကိုပါ ခြိမ်းခြောက် နိုင်ခဲ့သည်။ ကမ္ဘာ့ ခေါင်းဆောင်များ၏ နံနက် စောစောစီးစီး အဖွင့် စာမျက်နှာကို မလှပစေခဲ့ဘဲ အကျည်းတန်သွား စေခဲ့သည်။

ဂျပန်တို့က အတိအကျ ပြောသည်မှာ အကယ်၍ ဟိုက်ဒရိုဂျင်ဗုံးသာ မဟုတ်ခဲ့ပါက မြောက်ကိုရီးယား တို့ ယူရေနီယံ သို့မဟုတ် ပလူတိုနီယံ တစ်မျိုးမျိုးကို အသုံးပြုပြီး နျူကလီးယား စမ်းသပ်ခဲ့ခြင်း ဖြစ်သည်ဟု အသေအချာ ပြောခဲ့သည်။ မြောက်ကိုရီးယား ၏ ယခု စမ်းသပ်မှုက တောင်နှင့်မြောက် ဆက်ဆံရေးကို ပိုမိုတင်းမာ သွားစေပြီး တောင်ကိုရီးယား ကို တပ်လှန့် လိုက်သည့် သဘော ဖြစ်နေသည်။

တစ်ချိန်တည်းတွင် ဒီဇင်ဘာလက မြောက်ကိုရီးယား ၏ ပြန်လည် ပေါင်းစည်းရေး အဆင့်မြင့်ဆုံး သံတမန် သေဆုံးမှုကြောင့် တောင်နှင့်မြောက် ဆက်ဆံရေး ပိုမိုဆိုးရွား လာနိုင်သည်ဟု ဝေဖန်နေစဉ် မှာပင် ယခု စမ်းသပ်မှုသည် တောင်နှင့်မြောက် ကို စစ်ပွဲ ဆီသို့ပင် နောက်တစ်ကြိမ် ခေါ်ဆောင်သွား စေနိုင်ကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger