www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 7, 2016

တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် ရည်ရွယ်လှုပ်ရှားလျက် ရှိသော AA သောင်းကျန်းသူများကို တပ်မတော်စစ်ကြောင်း များက နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိ




နေပြည်တော်၊ ၇-၁-၂၀၁၆

နိုင်ငံတော်၏ ပကတိလိုအပ်ချက် ဖြစ်သည့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေး အတွက် ဦးတည်ကာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအား မကြာမီကျင်းပတော့မည် ဖြစ်ပါသည်။ လွတ်လပ်ရေး ရရှိချိန်မှ စတင်၍ နှစ်ပေါင်း ရှည်ကြာစွာ ဖြစ်ပွားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ လုံးဝ ချုပ်ငြိမ်းစေရန် ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက် ခဲ့ရာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နှင့် လက်မှတ်ရေးထိုး နိုင်ခဲ့သည်။ ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင် လက်မှတ်ရေးထိုး နိုင်ရေးကိုလည်း နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့က ဖိတ်ခေါ်ကြိုဆိုလျက် ရှိသည်။ NCA စာချုပ်လက်မှတ် ရေးထိုးပြီးနောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး များကို ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံရေးေ ဆွးနွေးမှုဆိုင်ရာ မူဘောင် သဘောတူညီချက်ကို ရေးဆွဲကာ ဒီဇင်ဘာလ ၁၆ ရက်တွင် နိုင်ငံတော် သမ္မတထံ အပ်နှံခဲ့သည်။ NCA စာချုပ်အရ ယင်းမူဘောင်ကို အခြေခံပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် ကျင်းပနိုင်ရန် အတွက် ဆက်လက် ဆောင်ရွက်လျက် ရှိပါသည်။

ထိုသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရန် အတွက် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် စုစည်းကြိုးပမ်း ဆောင်ရွက် နေချိန်တွင် AA သောင်းကျန်းသူများ အနေဖြင့် ရခိုင်ပြည်နယ် အတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ လုပ်ဆောင်လာခဲ့သည်။ AA သောင်းကျန်းသူ အဖွဲ့အား ၂၀၀၉ ခုနှစ်၊ ဧပြီလအတွင်း KIA ဌာနချုပ် (အဟောင်း) လိုင်စင်ပို့စ် ၌ လူအင်အား ၂၀ ကျော်ဖြင့် စတင် ဖွဲ့စည်းခဲ့သည်။ KIO/ KIA အနေဖြင့် ၂၀၁၁၊ ၂၀၁၂ ခုနှစ်များ၌ စစ်ရေးအရ အထိနာချိန်တွင် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် (FUA) ကို KIA နယ်မြေအတွင်း ဖွဲ့စည်း၍ အခြား သောင်းကျန်းသူ အဖွဲ့များအား စုဖွဲ့ ထောက်ပံ့ကာ သက်ဆိုင်ရာ ဒေသများသို့ ပြန်လည်စေလွှတ် ခြင်းဖြင့် ၎င်းတို့အပေါ် စစ်ရေးအရ ဖိအားများလျော့နည်း စေရန် ဆောင်ရွက်ခဲ့သည်။ ခိုင်လင်းဇံ ခေါင်းဆောင်သော AA သောင်းကျန်းသူ အဖွဲ့ကိုလည်း ALP ၏ အကူအညီဖြင့် ၂၀၁၅ ခုနှစ် မတ်လ ဒုတိယပတ်တွင် ကချင်ပြည်နယ် လိုင်ဇာမှတစ်ဆင့် တောလမ်း ခရီးအတိုင်း ပို့ဆောင်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အိန္ဒိယ ၃ နိုင်ငံနယ်စပ် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ စောင်သည်မြို့နယ်၊ ဖာရဝါအုပ်စု၊ တလင်း ချောင်းဖျားရှိ ALP စခန်းဟောင်းသို့ ရောက်ရှိခဲ့သည်။

ယင်းနောက် အဖွဲ့ငယ်များ ဖြန့်ခွဲ၍ တလင်းချောင်းဖျား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် မြန်မာနိုင်ငံ နယ်စပ်မှတ်တိုင် ၆၈ နှင့် ၆၉ ကြား စပါးချောင်းဧရိယာ၊ နယ်စပ် မှတ်တိုင် ၇၀ နှင့် ၇၁ ကြား ငါးချောင်းရွာ အနီးတစ်ဝိုက်တွင် အခြေပြု လှုပ်ရှားလာခဲ့သည်။ ၂၀၁၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် AA သောင်းကျန်းသူ အဖွဲ့မှ ခိုင်အောင်သန်း (ခ) ဘုန်းမြတ် ခေါင်းဆောင်သည့် အင်အား ၂၅ ဦးခန့်ပါ အဖွဲ့သည် မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ပြိုင်စို တောင်ကြားလမ်းမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့ရာ မိမိတပ်များနှင့် စတင်ထိတွေ့မှု ဖြစ်ပွားပြီး ပြန်လည်ဆုတ်ခွာ သွားခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ဧပြီလ အတွင်းတွင်လည်း ပလက်ဝ ဒေသနှင့် ကျောက်တော်မြို့နယ် အတွင်း ဝင်ရောက်၍ နယ်မြေဒေသ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေး ပျက်ပြားစေရန် လုပ်ဆောင်လာသဖြင့် တပ်မတော် စစ်ကြောင်းများက ဒေသခံပြည်သူ လူထုနှင့် ပူးပေါင်း၍ နယ်မြေရှင်းလင်း မှုများ ဆောင်ရွက် ခဲ့ရာ ထိတွေ့မှုများ ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူ တချို့နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့သည်။ ထို့ပြင် အောက်တိုဘာလ နှင့် နိုဝင်ဘာလ တွင်လည်း ကျေးရွာများသို့ လက်နက်များ ကိုင်ဆောင် ဝင်ရောက်ပြီး အဓမ္မဆက်ကြေး ကောက်ခံခြင်း၊ အများပြည်သူ အသုံးပြုရာ လမ်းကြောင်း များတွင် မိုင်းထောင်ခြင်းများ ပြုလုပ်ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေးများ ဆောင်ရွက်ခဲ့ရပြီး သောင်းကျန်းသူများ သိုဝှက်ထားသည့် လက်နက်၊ ခဲယမ်းများ၊ ကျည်ဆံ ၅၄ တောင့်၊ ဒေသန္တရမိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ယမ်းမှုန့် ၅၁ ပိဿာ၊ စနက်တံ ၄၄ ချောင်း၊ ဓာတ်ခဲများ၊ မိုင်းမျိုးစုံ ၁၈ လုံး၊ လက်ဖြောင့်သေနတ်မှန်ပြောင်း ၁ ခု၊ ဆက်သွယ် ရေးပစ္စည်းများ ၊ လူနေတဲ ၈ လုံး၊ ပြောက်ကျား ယူနီဖောင်း ၄၆ ထည်၊ ချပ်ဝတ်တန်ဆာ ၁၉၉ စုံ ၊ ကျောပိုးအိတ် ၃၄ လုံးနှင့် အသုံးအဆောင် ပစ္စည်းများ၊ ရိက္ခာအတွက် အသုံးပြုသည့် ဆန်အိတ် ၂၅ အိတ်၊ ဆီ ၁၃ ပုံး၊ ဆားနှင့် ငါးပိအိတ်များ၊ ဆေးဝါးပစ္စည်းများကို ဖော်ထုတ်သိမ်းဆည်း ရမိခဲ့ကာ တပ်ဖွဲ့ဝင်တချို့လည်း ဖမ်းဆီးရမိခဲ့သည်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျောက်တော်မြို့နယ်၊ ရမ်းချောင်း-ရူးချောင်း နယ်မြေအတွင်း AA သောင်းကျန်းသူ အဖွဲ့ ဝင်ရောက်လာကြောင်း သတင်းရရှိသဖြင့် တပ်မတော် စစ်ကြောင်းများမှ နယ်မြေရှင်းလင်း ခဲ့ရာ တိုက်ပွဲငယ်များ ထိတွေ့မှုဖြစ်ပွား ခဲ့သည်။ ဒီဇင်ဘာလ ၂၈ ရက်မှ ဇန်နဝါရီလ ၄ ရက်ထိ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ်ရှိခဲ့ပြီး လက်ဖြောင့် သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်မှုကြောင့် တပ်မတော်မှ တပ်ရင်းမှူး ၁ ဦး အပါအဝင်အရာရှိ၊ စစ်သည်တချို့ နိုင်ငံတော်အတွက် အသက်ပေးလှူ ခဲ့ကာ တချို့ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ AA သောင်းကျန်းသူ အဖွဲ့ထံမှ အလောင်း သုံးလောင်းနှင့် သေနတ် ၁ လက်၊ ကျည်မျိုးစုံ ၁၂၅၀ တောင့်၊ မိုင်းမျိုးစုံ ၄၄ လုံး၊ လက်ပစ်ဗုံး ၁၀ လုံး၊ လူနေတဲ ၁၅ လုံး၊ ဆန် ၄၂ အိတ်၊ ဆီ ၁၅ ပုံးနှင့် ဆေးဝါးမျိုးစုံတို့အား သိမ်းဆည်းရမိ ခဲ့ပြီး သောင်းကျန်းသူ များသည် အဖွဲ့ငယ်များ ပြန့်ကွဲကာ ဆုတ်ခွာထွက်ပြေး လျက်ရှိသည်။

တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံသံတမန် အရေးအရ ညှိနှိုင်းဆောင်ရွက်မှု များကြောင့် AA သောင်းကျန်းသူများ အနေဖြင့် ပြည်တွင်းတွင် အခြေခံ နယ်မြေ တည်ဆောက်နိုင်ရန် ထပ်မံ ဝင်ရောက် လာခြင်းဖြစ်သည်။ တပ်မတော် စစ်ကြောင်းများက နယ်မြေခံလူထုနှင့် ပူးပေါင်း၍ နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ခြင်းကြောင့် AA သောင်းကျန်းသူများ အနေဖြင့် အဖွဲ့ငယ်များ ပြန့်ကွဲကာ ဆုတ်ခွာထွက်ပြေးပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ် အတွင်းရှိ ကျေးရွာများ၌ အရပ်သား အသွင်ဖြင့် ခိုအောင်း၍ မကွေး၊ စေတုတ္တရာမြို့နယ်မှ တောလမ်းအတိုင်း မင်းပြားမြို့နယ်အတွင်း ဝင်ရောက်လာမည့် အဖွဲ့များဖြင့် ပူးပေါင်းကာ အကြမ်းဖက်မှုများ ဆောင်ရွက်ရန် စီစဉ်လျက် ရှိကြောင်း၊ ထို့ပြင် ပလက်ဝမြို့နယ် ပြိုင်ငူကျေးရွာ၏ အနောက်ဘက် တစ်မိုင်ခန့်အကွာတွင် တောင်ယာ လုပ်ကိုင်လျက် ရှိသော အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၇ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်ခဲ့သည်။ တစ်ဖက်နိုင်ငံရှိ ကုလားဆိုး အကြမ်းဖက် အဖွဲ့အစည်းများ၊ တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ၎င်းတို့အား အကူအညီ ပေးရေး တောင်းဆိုလျက် ရှိကြောင်း သိရှိရပြီး တပ်ဖွဲ့ဝင် အများစုအနေဖြင့် မည်သည့် ခံယူချက်မှ မရှိဘဲ ခြိမ်းခြောက်မှုများ၊ လူမှုရေး အခက်အခဲ များကြောင့် ဝင်ရောက်သူများ ဖြစ်ပြီး ယခုအခါ အချင်းချင်း ယုံကြည်မှုများ ပျက်ပြား၍ စိတ်ဝမ်းကွဲလျက် ရှိကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် အတွင်း တည်ငြိမ်အေးချမ်းရေး ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ် လုံခြုံရေး တို့အတွက် တပ်မတော် အနေဖြင့် AA သောင်းကျန်းသူ များကို အပြီးတိုင် ရှင်းလင်းတိုက်ခိုက် ချေမှုန်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ်

မှတ်တမ်းဓာတ်ပုံများ

AA သောင်းကျန်းသူများထံမှ သိမ်းဆည်းရမိသော လက်နက် ၊ ခဲယမ်းများ ၊ ပြောက်ကျားယူနီဖောင်းများ ၊ ချပ်ဝတ်တန်ဆာများ၊ ကျောပိုးအိတ်များ ၊ ဆက်သွယ်ရေး ပစ္စည်းများ ၊ ဆေးဝါးများနှင့် ဆန်အိတ်များကို တွေ့ရစဉ်








AA သောင်းကျန်းသူများထံမှ သိမ်းဆည်းရမိသော ချပ်ဝတ်တန်ဆာများ ၊ ဒေသန္တရမိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ယမ်းမှုန့်များ ၊ စနက်တံများ ၊ ဓာတ်ခဲများ ၊ ဆေးဝါးများ ဆန်အိတ်များ ဆီပုံများကို တွေ့ရစဉ်




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger