www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 13, 2016

ကိုရီးယားကျွန်းဆွယ်တွင် စစ်ဖြစ်တော့မည် ဆိုသည့်စကားကြောင့် B-52 မဟာဗျူဟာဗုံးကြဲလေယာဉ် ဖြင့် အင်အားပြခဲ့သည့် အမေရိကန်



(ရှိန်းထက်)

ဒီဇင်ဘာ ၆ ရက်တွင် မြောက်ကိုရီးယား ၏ ဟိုက်ဒရိုဂျင်ဗုံး အောင်မြင်စွာ စမ်းသပ်အပြီး တောင်ကိုရီးယား သည် နယ်စပ်မှ စပီကာများဖြင့် ဝါဒဖြန့်မှုကို ပြန်လည်စတင် ခဲ့သည်။ ထို့နောက် မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် က တောင်ကိုရီးယား တို့၏ လုပ်ရပ်ကြောင့် ကိုရီးယား ကျွန်းဆွယ်တွင် စစ်ပွဲနောက်တစ်ခု မကြာမီ ဖြစ်ပွားနိုင်ကြောင်း ပြောကြား လိုက်သည်ဟု သိရသည်။

ထို့ကြောင့် အမေရိကန်က ဇန်နဝါရီ ၁ဝ ရက်တွင် နျူကလီးယား လက်နက် သယ်ဆောင်နိုင်သော သူ၏ မဟာဗျူဟာမြောက် B-52 ဗုံးကြဲလေယာဉ်ကို တောင်ကိုရီးယား၏ F-15s နှင့် အမေရိကန်၏ F-16 တိုက်လေယာဉ် လေးစင်းတို့ ခြံရံလိုက်ပါပြီး မြောက်ကိုရီးယားကို အင်အားပြ ခြိမ်းခြောက်ခဲ့သည်။

အမေရိကန်တို့က မြောက်ကိုရီးယား ၏ လေကြောင်းပိုင်နက် နှင့် အကွာအဝေး ၄၅ မိုင်အကွာမှ ကပ်၍ပျံသန်း ပြခဲ့ခြင်းဖြစ်သည်။ အမေရိကန်သည် သူ၏ ဟိုက်ဒရိုဂျင်ဗုံး ကို နျူကလီးယားဗုံး ထုတ်လုပ်အပြီး ၁၉၅၂ ခုနှစ်မှ ပထမဆုံး စမ်းသပ်နိုင်ခဲ့သည်။ ထို့ကြောင့် မြောက်ကိုရီးယား သည် မကြာမီ နျူကလီးယားဗုံး ရရှိနိုင်ရန်မှာ ကျိန်းသေ နေသဖြင့် စိုးရိမ်နေခြင်း ဖြစ်သည်။ ထို့ပြင် မြောက် ကိုရီးယား ၏ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်များ အမေရိကန်သို့ မကြာမီ ရောက်ရှိ လာနိုင်ကြောင်း နိုင်ငံရေးသုတေသီ တို့က သုံးသပ်နေကြ သောကြောင့် အမေရိကန်တို့ ထင်မှတ်ထား သည်ထက်ပိုပြီး မြောက်ကိုရီးယား ကို အလေးထား နေရခြင်းဖြစ်သည်။

မြောက်ကိုရီးယား ထက်ပို၍ သဘောထား တင်းမာသည်ဟု ယူဆထားသည့် အီရန်ကိုပင် အမေရိကန်တို့က ပျော့လာအောင် ဆွဲဆောင် နိုင်ခဲ့သည်။ သို့သော်လည်း မြောက်ကိုရီးယား ကိုတော့ အမေရိကန်တို့ဘက် ပါအောင် ယနေ့အချိန်ထိ မည်သည့်မက်လုံး ပေးပေး မဆွဲဆောင် နိုင်ခဲ့ပေ။ ယခု မြောက်ကိုရီးယား တို့ မကြာမီ နျူကလီးယား လက်နက်ပင် ရရှိနိုင်တော့မည့် အနေအထား ကို ရောက်နေသည်။

တစ်ကမ္ဘာလုံး အတွက် အရှေ့အလယ်ပိုင်း ကို အာရုံစိုက် နေချိန်တွင် မြောက်ကိုရီးယား ၏ မထင်မှတ်သော လုပ်ရပ်ကြောင့် အံ့အားသင့်သွား ခဲ့ရသည်။ ယခင်က မြောက်ကိုရီးယား ကို စီးပွားရေး ပိတ်ဆို့ချိန်တွင် ရှေ့ဆုံးမှ မားမားမတ်မတ် ရပ်ပြီး ကာကွယ် ပေးခဲ့သော တရုတ်ကလည်း မြောက်ကိုရီးယား ၏ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကို ရှုတ်ချခဲ့ပြီး လူသိရှင်ကြား ဝေဖန်ခဲ့သည်။

ထို့ကြောင့် အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရန့် က မြောက်ကိုရီးယား တို့ ဟိုက်ဒရိုဂျင်ဗုံး အောင်မြင်ရခြင်း၏ အဓိက တရားခံသည် တရုတ်ဖြစ်သည် ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ တရုတ်တို့သည် အနောက်အုပ်စုမှ မြောက်ကိုရီးယား ကို စီးပွားရေး ပိတ်ဆို့ နေချိန်တွင် ကုန်သွယ်မှုများ တိုးမြှင့်ခဲ့သည်။ အမေရိကန် ဒေါ်လာ သန်း ၃၅ဝ ခန့် အကုန်အကျခံပြီး တရုတ်နှင့် မြောက်ကိုရီးယား သို့ ဆက်သွယ် ထားသည့်တံတား ထိုး၍ ကုန်သွယ်ခဲ့သည်။ တရုတ်-ကိုရီးယား ချစ်ကြည်ရေးတံတား ဟု အမည်ပေးခဲ့ပြီး ယခုအချိန်ထိ နေ့စဉ်နှင့်အမျှ ကုန်သွယ်နေသည်။

ထို့ပြင် တရုတ်သည် စစ်ရေးအရ နည်းပညာများ ကိုလည်း မြောက်ကိုရီးယား သို့ပေးခဲ့သည်။ မြောက် ကိုရီးယား တို့က ဟိုက်ဒရိုဂျင်ဗုံး နည်းပညာသည် သူတို့ ပြည်တွင်းဖြစ် နည်းပညာဟု မည်မျှပင် ပြောပြော တရုတ်၏ နည်းပညာကတော့ အနည်းနှင့်အများ ပါမည်ဖြစ်သည်။ ယခုတော့ တရုတ်က မြောက်ကိုရီးယား ကို မနိုင်ခြင်းလား သို့မဟုတ် နိုင်ငံတကာကို အယောင်ပြ လှိမ့်လုံးထုတ် နေခြင်း လား ဝေခွဲမရအောင် မြောက်ကိုရီးယား ကို အနောက်အုပ်စု နှင့်တန်းတူ ဝေဖန်လျက် ရှိသည်။

အမေရိကန် ကလည်း တရုတ်ကို မြောက်ကိုရီးယား နှင့် ကုန်သွယ်မှု မပြုလုပ်ရန် တိုက်တွန်းထားသည်။ တရုတ်ကတော့ အမေရိကန်၏ တိုက်တွန်းချက်ကို ယခုအချိန်ထိ တုံ့ပြန်ချက် မရှိသေးပေ။ တရုတ်နှင့် ရုရှား တို့သည် မြောက်ကိုရီးယား ၏ အဓိက ကုန်သွယ်ဖက် နိုင်ငံများ ဖြစ်သည်။ ယခု တရုတ်ကသာ မြောက်ကိုရီးယား နှင့်ကုန်သွယ်မှု ဖြတ်တောက် လိုက်ပါက ယခင်ကမှ အမေရိကန် ဒေါ်လာ ဘီလီယံနှင့် ချီရင်းနှီးပြီး နျူကလီးယား လက်နက်နောက် လိုက်ကာ ဆင်းရဲနေသည့် မြောက်ကိုရီးယား သည် အငတ်ဘေး ဆိုက်သွားမည် ဖြစ်သည်။

မြောက်ကိုရီးယား တို့လည်း အနည်းနှင့်အများ အင်အားချည့်နဲ့ သွားလိမ့်မည် ဖြစ်သည်။ သို့သော်လည်း တရုတ်တို့ ဝေဖန်ချက်က နိုင်ငံတကာ အမြင် ကောင်းအောင် နာမည်ကောင်း ယူလိုက်သည် ဆိုလျှင် မြောက်ကိုရီးယား နှင့် စီးပွားရေးအရ ဆက်ဆံရေးကို လျှော့ချပစ်မည် မဟုတ်ပေ။ ဆင်ခြေပေး ကောင်းသည့် ကျဆင်းနေသော သူတို့ စီးပွားရေးကို အကြောင်းပြကာ ဆက်လက် ကုန်သွယ် နေဦးမည် ဖြစ်သည်။

မြောက်ကိုရီးယားကို နျူကလီးယား လက်နက် မရရှိနိုင်စေရန် တားဆီးနိုင်ရေး အတွက် နည်းလမ်း နှစ်ခုသာရှိသည်။ အီရန်ကဲ့သို့ သံတမန် ဆက်ဆံရေးနှင့် အပေးအယူ လုပ်မည်လား သို့မဟုတ် မြောက်ကိုရီးယား တို့ နျူကလီးယား လက်နက် ဆက်မလုပ် နိုင်စေရန် သူ့နိုင်ငံထဲသို့ စီးဝင်နေသည့် ကုန်သွယ်မှုများကို ရပ်တန့်သွား နိုင်ရေး လုပ်ဆောင်မည်လား။ အဆိုပါ နည်းနှစ်နည်း ဖြစ်သည်။

အမေရိကန်သည် နျူကလီးယား လက်နက်ရရှိ နိုင်ရန်နှင့် နျူကလီးယား အသုံးစရိတ် အတွက် ၁၉၄ဝ ပြည့်နှစ်နှင့် ၁၉၉၆ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ ၈ ဒသမ ၇၈ ထရီလီယံ အသုံးပြု ခဲ့သည်။ ယခု မြောက်ကိုရီးယား ကိုလည်း နျူကလီးယား လက်နက် မရနိုင်ရန် သူ့စီမံကိန်း ထဲသို့ စီးဝင်နေသော ငွေများကို ရပ်တန့်သွား နိုင်ရေးအတွက် ဆောင်ရွက်ရန် လိုသည်။ ထို့ကြောင့် မြောက်ကိုရီး ယား ၏ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံ တရုတ်၏ အခန်းကဏ္ဍသည် အဓိက အရေးပါသည့် နေရာသို့ ရောက်လာသည်။

သို့သော်လည်း အနောက်အုပ်စု ၏ ဖိအားသည် တရုတ်ကို မလွှမ်းခြုံ  နိုင်သောကြောင့် မြောက် ကိုရီးယား နှင့် တရုတ် ကုန်သွယ်မှုကို တားဆီးနိုင်ရန် မသေချာ သကဲ့သို့ အီရန်ကို အနောက်အုပ်စုတို့ ပျော့ပျောင်း လာအောင် ဆွဲဆောင်သည့် နည်းဖြင့် မြောက်ကိုရီးယား ကို ဆွဲဆောင်နိုင်ရန် ကလည်း ယခုအချိန်ထိ အောင်မြင်ရန် လမ်းစမမြင်ပေ။ ထို့ကြောင့် မြောက်ကိုရီး ယား ပြဿနာမှာ ဖြေရှင်းမရဘဲ တဖြည်းဖြည်း ခက်သည်ထက် ခက်၊ နက်သည်ထက် နက် လာနေသည်။

နောက်ဆုံး မြောက်ကိုရီးယား သာ နျူကလီးယား လက်နက် ရရှိသွားပါက မည်သူ့ စကားမျှ နားမထောင် တတ်သည့် ကင်ဂျုံအွန် ကြောင့် တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန် စသည့် နိုင်ငံ တစ်နိုင်ငံသည် နျူကလီးယား လက်နက်ဒဏ်ကို ခံစားရမည်မှာ ကျိန်းသေ သလောက်ရှိသည်။

ထို့ကြောင့် အမေရိကန်သည် ပထမ ခြေလှမ်းအနေဖြင့် သူ၏ B-52 ဗုံးကြဲ လေယာဉ်ဖြင့် အင်အားပြ ခဲ့ပြီးနောက် မြောက်ကိုရီးယား ကို စစ်ရေးအရ ပိုမိုကြီးမားသည့် ခြိမ်းခြောက်မှု များလည်း ထပ်မံလုပ်ဆောင် လာနိုင်ပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger