www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 1, 2015

ရန်ကုန်မြို့လယ်တွင် ကမ္ဘာ့အဆင့်မီ Junction City တည်ဆောက်မည်



ရန်ကုန် ၊ ၁-၁၂-၂၀၁၅

ရန်ကုန်မြို့၏ အချက်အချာ ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း လမ်းနှင့် ရွှေတိဂုံဘုရားလမ်း ဆုံရာတွင် တည်ဆောက် သွားမည့် Junction City စီမံကိန်းကို ရွှေတောင် ဆောက်လုပ်ရေးမှ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ နှင့်အတူ ပူးပေါင်းပြီး ၂ဝ၁၉ ခုနှစ်တွင် ပြီးစီးအောင် ဆောက်လုပ်ရန် စီစဉ်နေကြောင်း ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ နတ်မောက်လမ်းနှင့် ဗိုလ်ချို လမ်းထောင့်ရှိ Union Business Center ၌ ကျင်းပသည့် အဆိုပါစီမံကိန်း အကြို ရှင်းလင်းပွဲမှ သိရသည်။

အဆိုပါ Junction City ကမ္ဘာ့ အဆင့်မီ စီမံကိန်းအား စင်ကာပူနိုင်ငံမှ ဗိသုကာလုပ်ငန်း ဆုတံဆိပ်ရှင် ဖြစ်သည့် DP Architects ၏ ဒီဇိုင်း ရေးဆွဲမှုကို ဆောက်လုပ်မည် ဖြစ်ပြီး ရန်ကုန်မြို့၏ ခေတ်ပြိုင်ဒီဇိုင်း၊ အရည်အသွေး မြင့်မားမှုအပိုင်း တို့ကို စံနှုန်းသတ်မှတ် ဆောက်လုပ်မည် ဖြစ်သည်။ မြေဧက စုစုပေါင်း တည်ဆောက်မှု ဧရိယာ ၂၆ဝဝဝဝ စတုရန်းမီတာ အကျယ်အဝန်း ပေါ်တွင် အဆင့် နှစ်ဆင့်ဖြင့် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ် နှစ်ဦးပိုင်းတွင် ပြီးစီးရန် လျာထားသည့် ပထမအဆင့်တွင် စင်ကာပူနိုင်ငံ မှ Keppel Land နှင့်ပူးတွဲ ရင်းနှီးမြှုပ်နှံသည့် အဆင့်မြင့် ပထမတန်းဝင် ရုံးခန်းနေရာများ၊ Pacific Hotels Group နှင့် ပူးပေါင်း တည်ဆောက်ပြီး ပူးတွဲစီမံခန့်ခွဲမည် ဖြစ်သည့် ကြယ်ငါးပွင့်အဆင့် ဇိမ်ခံဟိုတယ်၊ Shwe Taung Property Management မှ စီမံခန့်ခွဲမည် ဖြစ်သည့် လူမှုဘဝပုံစံ များနှင့် လိုက်လျောညီထွေမှု ရှိမည့် ဈေးဝယ်စင်တာတို့ ပါဝင်မည်ဟု သိရသည်။

Junction City သည် Green Mark စံနှုန်းများနှင့် ပြည့်မီသော သဘာဝ ပတ်ဝန်းကျင်အား ကောင်းမွန်မျှတမှု ရှိစေမည့် ပစ္စည်းများ၊ ရေနှင့်စွမ်းအင် သုံးစွဲမှုဆိုင်ရာ လျှော့ချမှုနည်း ပညာများကို အသုံးပြု၍ မြန်မာ့ ပတ်ဝန်းကျင်ကို အထောက်အကူ ပြုသည့် Green ဒီဇိုင်းနှင့် ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမည့် ရှေ့ဆောင်လမ်းပြ တစ်ခုအဖြစ် ဆောင်ရွက် မည်ဖြစ်သည်။ လက်ရှိတွင် ဗိုလ်ချုပ်အောင်ဆန်း လမ်း၊ ဗိုလ်ချုပ်ဈေးရှေ့ရှိ လူကူးခုံးကျော် တံတားအား အမိုးပါသည့် စက်လှေကားတပ် လူကူး ခုံးကျော်တံတား အဖြစ် အဆင့်မြှင့်တင် ပြုပြင် တည်ဆောက်ခြင်း၊ Junction City အနီးရှိ ဘတ်စ်ကား မှတ်တိုင်များ၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းနှင့် ရွှေတိဂုံဘုရားလမ်း လူသွားစင်္ကြံ အသစ်ပြုပြင် တည်ဆောက်ခြင်း၊ ဗိုလ်ချုပ် အောင်ဆန်း ဈေးသစ်ကို လက်ရှိဆိုင်ခန်း များ၏ ဆိုင်ခန်းပေါင်း ၄၃၇ ခန်းဖြင့် လက်ရှိ နေရာ၌ပင် ပြန်လည် တည်ဆောက် ပေးခြင်းများ စီစဉ်ထားသည်။ Junction City တွင် ယာဉ်အစီးရေ ၁၅ဝဝ ကျော် ရပ်နားနိုင်သည့် ယာဉ်ရပ်နား စခန်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

''ဒီစီမံကိန်းက ဆောက်လုပ်ရေး ကာလ အတွင်းမှာ လူဦးရေ ၈ဝဝဝ လောက်နဲ့ လုပ်ငန်းလည်ပတ် နေတဲ့အချိန်မှာ လူဦးရေ ၄ဝဝဝ လောက်ကို အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေး နိုင်မယ်လို့ မျှော်လင့် ထားပါတယ်'' ဟု Shwe Taung Group ၏ အမှုဆောင် အရာရှိချုပ် ဦးအောင်ဇော်နိုင် က ပြောသည်။

မိုးအောင်

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger