www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 1, 2015

လက်တုံ့ပြန်ရေး လက်နက်အဖြစ် အသုံးချခဲ့သည့် ရုရှား၏ပိတ်ဆို့မှုက တူရကီစီးပွားရေးကို အထိနာစေမည်လား



ဇေယျဘုန်း

ရုရှားတိုက်လေယာဉ် တစ်စင်းအား ပစ်ချခဲ့မှုနှင့် စပ်လျဉ်း၍ တောင်းပန်ရန် ငြင်းဆိုခြင်းကို တုံ့ပြန်သည့် အနေဖြင့် တူရကီနိုင်ငံ အပေါ် ရုရှားအစိုးရက စီးပွားရေးပိတ်ဆို့ လိုက်ခြင်းသည် တူရကီနိုင်ငံ၏ အကျိုးစီးပွားကို အကြီးအကျယ် ထိခိုက် စေနိုင်သည်ဟု ကျွမ်းကျင်သူ များက နိုဝင်ဘာ ၂၉ ရက်တွင် သုံးသပ် ပြောခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင် သည် တူရကီနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့သည့် အမိန့်ကြေညာချက် ကိုနိုဝင်ဘာ ၂၈ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ပြီး ယင်း ကြေညာချက် သည် အမိန့် ထုတ်ပြန်သည့် အချိန်မှ စ၍ အသက်ဝင်ခဲ့ပြီ ဖြစ်သည်။

ထို့ပြင် ရုရှားအစိုးရသည် အဆိုပါ ပိတ်ဆို့မှု အမိန့်ကြေညာချက် ကို အစိုးရ၏ တရားဝင် ဝက်ဘ်ဆိုက်မှ တစ်ဆင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး အဓိကအားဖြင့် တူရကီနိုင်ငံ၏ ခရီး သွားလာရေး လုပ်ငန်းကို ထိခိုက်စေရန် ရည်ရွယ်ခဲ့ဖွယ် ရှိသည်။

ရုရှားနိုင်ငံ နှင့် တူရကီနိုင်ငံ အကြား ဗီဇာမဲ့ ခရီးသွားလာခွင့် ကိုပါ ရပ်ဆိုင်းခဲ့သည့် အပြင် ရုရှား ကုမ္ပဏီများ၌ တူရကီ ဝန်ထမ်းများ ငှားရမ်း အလုပ်ခန့်အပ် ခွင့်ကိုလည်း တားမြစ်ပိတ်ပင် ခဲ့သည်။ ထို့ပြင် ရုရှားနိုင်ငံ အတွင်းသို့ တင်သွင်းလျက် ရှိသော တူရကီ ကုန်ပစ္စည်း တချို့ကို ရပ်တန့်ပစ်ရုံ သာမက ပိတ်ဆို့မှု အသစ်များကိုလည်း ရုရှား အစိုးရက ထပ်မံပြဋ္ဌာန်းရန် စီစဉ်နေပြီ ဖြစ်သည်။

နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာ လာခဲ့ခြင်းသည် တူရကီနိုင်ငံ၏ ခရီး သွားလာရေး လုပ်ငန်းကို အကြီးအကျယ် ထိခိုက်နိုင်သည့် အနေအထားတွင် ရှိနေသည်။ အကြောင်းမှာ တူရကီနိုင်ငံသို့ သွားရောက် လည်ပတ်သည့် ရုရှားနိုင်ငံသား ဦးရေမှာ တစ်နှစ်လျှင် သုံးသန်းကျော် ရှိပြီး ၄င်းတို့အနက် ခရီးသည် နှစ်ဦးနှုန်းသည် သီတင်းပတ် တစ်ပတ်ကြာ အပန်းဖြေမည် ဆိုပါက ဒေါ်လာ ၁ဝဝဝ ခန့်ကို အသုံးပြု ရမည် ဖြစ်သောကြောင့် တူရကီ အစိုးရအတွက် ဘဏ္ဍာငွေ ရှာဖွေပေး နေသည့် ခရီးသွား လုပ်ငန်းမှာ ဦးစွာထိခိုက် နိုင်ဖွယ် ရှိပါသည်။

ယခုအခါ တူရကီနိုင်ငံ ခရီးစဉ်များ အတွက် ရောင်းချခြင်း မပြုရန် ရုရှားအစိုးရက ယင်း နိုင်ငံအတွင်းသို့ သယ်ယူ ပို့ဆောင်ပေး နေသော ခရီးသွား ကုမ္ပဏီများအား တားမြစ်ခဲ့ပြီး ဖြစ်ရာ နှစ်စဉ် ဒေါ်လာ ၁ဝ ဘီလီယံခန့် ရှာဖွေပေး နေသည့် တူရကီ အစိုးရ၏ ခရီးသွား လုပ်ငန်းမှာ ထိခိုက်နစ်နာမှုနှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။

တခြားကဏ္ဍ များကို ပြန်ကြည့်မည် ဆိုပါက တူရကီနိုင်ငံ အတွက် ရတက် မအေးစရာ အများအပြားကို တွေ့ရမည် ဖြစ်သည်။ ရုရှား အစိုးရသည် တူရကီနိုင်ငံမှ သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက် များ အပါအဝင် စက်ကိရိယာ များနှင့် အပိုပစ္စည်း များကို တင်သွင်းလျက် ရှိပြီး တူရကီနိုင်ငံ၌ တပ်ဆင်သည့် မော်တော်ယာဉ် များကိုလည်း ဒေါ်လာ ၇၉၄ သန်းခန့် ဝယ်ယူတင်သွင်း ခဲ့သည်။

တူရကီနိုင်ငံသည် ရုရှားနိုင်ငံ အတွင်းရှိ မော်တော်ယာဉ် အပိုပစ္စည်း ထုတ်လုပ်ငန်းတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံ ထားပြီး ပိတ်ဆို့မှုကြောင့် ၄င်းလုပ်ငန်းများ အနက် တချို့ကို ရပ်တန့်ပစ်ရမည် ဆိုပါက ရုရှားအစိုးရ အနေဖြင့် လစ်လပ် သွားသည့် တူရကီ ကုမ္ပဏီများ နေရာတွင် နိုင်ငံသားပိုင် ကုမ္ပဏီများနှင့် အစားထိုးရန် စီစဉ်ထားသည်။ သို့ရာတွင် ရုရှားနိုင်ငံ အတွင်းရှိ တူရကီ မော်တော်ယာဉ် ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီ အားလုံးသည် ပိတ်ဆို့မှုကို ခံရမည် မဟုတ်ဟု ကျွမ်းကျင်သူ များက သုံးသပ်ပြောသည်။

ထို့အတူ ရုရှားအစိုးရသည် တူရကီနိုင်ငံ ၏ ပထမဆုံးသော နျူကလီးယား စွမ်းအင်သုံး စက်ရုံ တည်ဆောက်မည့် ဖက်စပ်စီမံကိန်း နှင့် YTurkstream အမည်ရှိ ရုရှား-တူရကီ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများ အပါအဝင် နှစ်နိုင်ငံအကြား သဘောတူ ထားသော တခြားစီမံကိန်း များကို ရပ်ဆိုင်းထား မည်ဟု အစောပိုင်းတွင် ထုတ်ပြန် ကြေညာခဲ့သည်။

ရုရှားအစိုးရ၏ ပိတ်ဆို့မှုကြောင့် နောက်ဆက်တွဲ အကျိုးဆက် များကို ရင်ဆိုင်ကြုံတွေ့ ရမည့်သူများမှာ ယင်းနိုင်ငံ၌ အလုပ်လုပ် ကိုင်လျက်ရှိသည့် တူရကီ နိုင်ငံသားများပင် ဖြစ်သည်။ လက်ရှိတွင် ရုရှားနိုင်ငံ အတွင်း၌ အလုပ်လုပ်ကိုင် နေသည့် တူရကီ နိုင်ငံသား အရေအတွက်မှာ ၉ဝဝဝဝ ခန့်ရှိပြီး ၄င်းတို့၏ မိသားစုဝင်များ အပါအဝင် တူရကီနိုင်ငံသား ၂ဝဝဝဝဝ ခန့်သည် ရုရှားနိုင်ငံ အတွင်း နေထိုင်လျက် ရှိသောကြောင့် ၄င်း တူရကီ လုပ်သားများ အလုပ်လက်မဲ့ ဖြစ်မည်ဆိုပါက ၄င်းတို့အပေါ် မှီခိုအားထား နေရသည့် မိသားစုဝင်များ အနေဖြင့် အခက်အခဲ များစွာနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။ နိုင်ငံအတွင်းရှိ တူရကီ နိုင်ငံသား များအား ရုရှား စီးပွားရေး လုပ်ငန်းများက ငှားရမ်းခန့်အပ် ထားခြင်း အပေါ်အစိုးရက ပိတ်ပင် လိုက်ခြင်းကြောင့် ရုရှားကုမ္ပဏီများ အနေဖြင့် ထိခိုက်စရာ အကြောင်းအရင်း မရှိပေ။ အကြောင်းမှာ ၄င်း ကုမ္ပဏီများ အနေဖြင့် တူရကီ နိုင်ငံသား များကို  အလုပ်ခန့်ထားခြင်း မပြုနိုင်ပါက အာမေးနီးယား၊ ဘီလာရုဇ်၊ ကာဇက်စတန် နှင့် ကာဂျီကစ္စတန် နိုင်ငံတို့မှ လုပ်သား အများအပြားကို ခေါ်ယူ၍ အစားထိုး ခန့်ထားနိုင်မည် ဖြစ်သည်။

အလားတူ ရုရှားနိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှုအရ ယင်းနိုင်ငံ အတွင်းရှိ တူရကီကုမ္ပဏီ များအနေဖြင့် လုပ်ငန်း လည်ပတ်ခွင့်နှင့် သယ်ယူ ပို့ဆောင်ခွင့်များ ပိတ်ပင်ခံ ရမည် ဖြစ်ပြီး တူရကီပိုင် သင်္ဘောများ ကိုလည်း ရုရှား သင်္ဘောဆိပ်နှင့် ဆိပ်ကမ်းများသို့ ဆိုက်ကပ်ခွင့်ကိုပါ တားမြစ်ပိတ်ပင် သွားမည် ဖြစ်သည်။

ရုရှားနိုင်ငံသည် လက်ရှိတွင် တူရကီနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံအဖြစ် ရပ်တည်လျက် ရှိသော်လည်း ယခုအခါ တူရကီနိုင်ငံမှ တချို့သော ကုန်ပစ္စည်းများ တင်သွင်းခြင်းကို ရုရှားအစိုးရက ရပ်တန့်လိုက်ပြီ ဖြစ်သည်။ ရုရှားနိုင်ငံသည် လွန်ခဲ့သည့်နှစ် အတွင်းက တူရကီနိုင်ငံမှ ဒေါ်လာ ၅ ဒသမ ၉ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများ ကိုတင်သွင်းခဲ့ပြီး ယင်းနိုင်ငံသို့ ဒေါ်လာ ၂၅ ဘီလီယံခန့် တန်ဖိုးရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့များကို တင်ပို့ရောင်းချ ခဲ့သည်။

လက်ရှိ အခြေအနေ အရ နှစ်နိုင်ငံကြား ဆက်ဆံရေးကြောင့် ကုန်သွယ်မှုမှာ အကြီးအကျယ် ထိခိုက်မည့် အနေအထားတွင် ရှိနေပြီး ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလက လက်မှတ် ရေးထိုးခဲ့သည့် သဘာဝဓာတ်ငွေ့ ထောက်ပံ့ရေး သဘော တူညီချက်ကို ရုရှားအစိုးရက ရပ်ဆိုင်းလိုက်မည် ဆိုပါက တူရကီနိုင်ငံ အနေဖြင့် နိုင်ငံအတွင်း အသုံးပြုရန် လိုအပ်မည့် လောင်စာဆီ ရရှိရေးအတွက် အရှေ့ အလယ်ပိုင်းရှိ တခြားနိုင်ငံများ ဘက်သို့ ခြေဦးလှည့် ရတော့မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် တူရကီ အစိုးရသည် လောင်စာဆီ ရောင်းဝယ်ရေးနှင့် စပ်လျဉ်း၍ ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS အစ္စလာမ်မစ် အကြမ်းဖက် စစ်သွေးကြွ များနှင့် ပတ်သက်သည့် အရှုပ်အရှင်း ပြဿနာများ အတွင်း၌ ပါဝင်နေသည်ဟု စွပ်စွဲခံထားရပြီး ယင်း ပြဿနာရပ် များတွင် တူရကီသမ္မတ အာဒိုဂန် ၏ သားဖြစ်သူ ပါဝင်နေသည် ဟု သတင်းများ ထွက်ပေါ်နေရာ ယင်း ကိစ္စရပ်မှာ တူရကီအစိုးရ အတွက် မြွေပူရာ ကင်းမှောင့်သည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

မည်သို့ပင် ဆိုစေကာမူ တူရကီနှင့် ရုရှား နိုင်ငံတို့အကြား ဆက်ဆံရေးသည် နှစ်နိုင်ငံ အကျိုးစီးပွားအပေါ် အခြေခံထားပြီး ရုရှားနိုင်ငံ အနေဖြင့်လည်း တူရကီနိုင်ငံနှင့် ဆက်ဆံခြင်း အားဖြင့် စီးပွားရေး အကျိုးအမြတ်များ ရရှိနေသည်ဟု တူရကီ ဝန်ကြီးချုပ် အာမက် ဒါဗူတိုးဂလူး က နောက်ပိုင်းတွင် ပြန်လည် တုံ့ပြန်ခဲ့သည်။

သို့ရာတွင် အဆိုပါ စီးပွားရေး ပိတ်ဆို့မှုသည် ရေရှည်၌ အနောက်နိုင်ငံကြီး များ၏ မဟာမိတ် နိုင်ငံလည်းဖြစ်၊ နေတိုးတပ်ဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည့် တူရကီ အား ထိခိုက်စေမည် သို့မဟုတ် ပိတ်ဆို့မှုကို လက်တုံ့ပြန်ရေး လက်နက် တစ်ခုအဖြစ် အသုံးချ ခဲ့သည့် ရုရှားနိုင်ငံကိုပါ ထိခိုက်စေမည် လား ဟူသော အချက်အား စိတ်ဝင်တစား စောင့်ကြည့်ရမည် ဖြစ်ပေသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger