www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 16, 2016

တောင်ကြီး-လွိုင်လင် ကားလမ်းနံဘေး နောင်ခါးရွာရှိ ထမ်းဆန်းလိုဏ်ဂူတော် သို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် လာရောက် လည်ပတ်မှုများပြား



ဟိုပုံး ၊ ၁၆-၂-၂၀၁၆

ဟိုပုံးမြို့သည် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နှင့် ၂၄ မိုင်အကွာ ပအိုဝ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတစ်ခု ဖြစ်သည်။ ဟိုပုံးမြို့မှ ၁၂ မိုင်အကွာရှိ တောင်ကြီး-လွိုင်လင် သွား ပြည်ထောင်စု လမ်းမကြီးဘေး တောင်ကြီးမြို့နယ် အဆုံးနှင့် လွိုင်လင်ခရိုင် လွိုင်လင် မြို့နယ်အစ မိုင်းပွန်မြို့သွား လမ်းဆုံ နောင်ခါးရွာ အနီးရှိ သာသနာ့ ရောင်ခြည် ထမ်းဆန်း လိုဏ်ဂူတော် သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ၏ လာရောက် လည်ပတ်မှုမှာ တစ်နေ့တခြား ပိုမို များပြားလျက် ရှိကြောင်း သိရသည်။

ထမ်းဆန်းလိုဏ်ဂူ သည် ဗြိတိသျှ အင်္ဂလိပ်တို့ အုပ်စိုးစဉ် ကာလနှင့် ဂျပန်ခေတ်က ဖက်ဆစ်ဂျပန်တို့ စခန်းချ ပုန်းအောင် နေထိုင်ခဲ့သည့် ဒေသတစ်ခု ဖြစ်ခဲ့သည်။ ဟိုပုံး ကိုရင်လေး တောင်ရှိ မေတ္တာခမ်းတန် ကိုရင်လေး ရှင်ပေါရိသ က အဆိုပါ ထမ်းဆန်းဂူကို စတင်တွေ့ရှိ ခဲ့ရာ ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်က စတင် အုတ်မြစ်ချ မွမ်းမံ ခဲ့ခြင်းဖြစ်သည်။ အဆိုပါနှစ် ဝါဆို လပြည့်နေ့၌ ဗုဒ္ဓါဘိသေက နှင့် ဗုဒ္ဓပူဇနိယ ရေစက်ချ ပွဲတော်ကြီးကို ကျင်းပပြီးစီး ခဲ့ကြောင်း သိရသည်။

ဂူဝ အကျယ်မှာ ၃၅ ပေ ပတ်လည်ခန့် အကျယ်အဝန်း ရှိပြီး ဂူအစမှ ဂူအဆုံးထိ အရှည်ပေ ၁ဝဝဝ ကျော်ရှိသည်။ လိုဏ်ဂူ၏ အတွင်း နံရံများပေါ်ရှိ သဘာဝ ကျောက်ထစ်၊ ကျောက်ခွက်များ အတွင်း ကြေး၊ ရွှေ၊ ငွေသား တို့ဖြင့် စီရင်ထားသည့် ဆင်းတုတော် ပေါင်း ၄ဝဝ ခန့်ကို ဖူးတွေ့နိုင်မည် ဖြစ်သည်။ လိုဏ်ဂူတော် အတွင်း ထုံးဓာတ်နှင့် ရေခိုးရေငွေ့ များပြား ခြင်းကြောင့် အဆိုပါ ကြေး၊ ရွှေ နှင့် ငွေသား ဆင်းတုတော် ကိုသာ ပူဇော်ရခြင်း ဖြစ်ကြောင်း သိရသည်။

ဂူအတွင်းရှိ ကျောက်ပန်းဆွဲ များ၊ သဘာဝ ကျောက်တိုင်များ၊ ကျောက်မှိုပွင့်များ၊ ကျောက်ပန်းဆိုင်များ၊ ဂူအောက်ခြေ ၌ သဘာဝ အလျောက် စီးဆင်းလျက် ရှိသည့် စမ်းချောင်းငယ် နှင့် ဂူအတွင်း အဆုံး၌ ကျောက် ရေကန်ကြီး ရှိသည်။ ဂူအပြင်ဘက်ရှိ သဘာဝ တောတောင် စိမ့်စမ်းနှင့် ကျောက်နံရံကြီး
များကလည်း ရပ်ဝေးရပ်နီး ခရီးသွားများကို အထူး ဆွဲဆောင်လျက် ရှိသည်။

တိုင်းရင်းသား ရိုးရာလက်မှု အရောင်းဆိုင်များ၊ ဒေသထွက် သစ်သီးဝလံ အရောင်းဆိုင်များ ရှိပြီး ထမ်းဆန်းဂူ ဆရာတော်၏ သက်သက်လွတ် စတုဒိသာ ကျွေးမွေးသည့် ထမင်းစား ဇရပ်ဆောင်ကြီး နှစ်ဆောင်၌လည်း လာရောက် သမျှ ပြည်တွင်း၊ ပြည်ပ ခရီးသွား များအားလုံးကို အခမဲ့ ကျွေးမွေးလျက် ရှိသည်။

ယခုအခါတွင် ဂူအတွင်း မွမ်းမံစရာ ရှိသည်များကို ဆက်လက် ဆောင်ရွက်လျက် ရှိသည့်အပြင် လိုဏ်ဂူတော်၏ အပြင် တောင်ဘက် နှစ်မိုင်နှင့် နှစ်ဖာလုံ အကွာအဝေး ဟိုပုံးမြို့နယ် စအွန်ကျေးရွာ ရှိ သမိုင်းဝင် ရသေ့၏သမီး နန်းလှဟွမ် လိုဏ်ဂူ သည်လည်း ခရီးသွား ဧည့်သည်များကို အထူး ဆွဲဆောင်လျက် ရှိပြီး အနယ်နယ် အရပ်ရပ် မှ ဘုရားဖူး ကားကြီး ၊ ကားငယ် များဖြင့် ဘုရားဖူး ဧည့်သည် ဦးရေ ၃ဝဝ ကျော်ခန့် နေ့စဉ် လာရောက် လည်ပတ်လျက် ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger