www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 10, 2015

အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်ကျွန်းမှ မြန်မာရေလုပ်သားများပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၁ဝ-၁၂-၂ဝ၁၅

အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်ကျွန်းသို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာ ရေလုပ်သားများ အနက် ရေလုပ်သား ငါးဦးသည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်တွင် မလေးရှား လေကြောင်းလိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိသည်။

''သူတို့က အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်ကျွန်း ကို တိုက်ရိုက် ရောက်တာ မဟုတ်ပါဘူး။ ပထမ ထိုင်းငါးဖမ်းစက်လှေ မှာလုပ်တယ်။ နောက် အင်ဒိုနီးရှားနိုင်ငံ ရေပိုင်နက် ကျော်သွားတယ်။ အဖမ်းခံရသူ တွေရှိသလို အဲဒီမှာရှိတဲ့ ငါးဖမ်း စက်လှေတွေမှာ ဝင်လုပ်နေတဲ့ သူတွေလည်း ရှိတယ်။ သူတို့ကို ပဏာမ စစ်ဆေးတာ လူကုန်ကူး ခံရတယ်လို့ သိရတယ်။ အသေးစိတ် စစ်ဆေး ပြီးသွားလို့ လူကုန်ကူးခံ ရတယ်လို့ သိရရင် တရားခံကို ဖော်ထုတ် အရေးယူ သွားမှာပါ'' ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ဒုတိယ တပ်ဖွဲ့စုမှူး ဒုတိယ ရဲမှူးမျိုးသိန်း က ပြောသည်။

အဆိုပါ ရေလုပ်သားများသည် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြန်မာနိုင်ငံသား အဖြစ် အတည်ပြု လက်မှတ်ရယူပြီး အင်ဒိုနီးရှား နိုင်ငံရှိ မြန်မာသံရုံးနှင့် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) တို့၏ အကူအညီဖြင့် ပြန်လည်ရောက်ရှိ လာခြင်းဖြစ်ကြောင်း သိရသည်။

လုပ်ခလစာ မရသေးသည့် ရေလုပ်သားများကို မြန်မာ၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံ တို့ ပူးပေါင်း၍ လူကုန်ကူးခံရ သူများနှင့် သက်သေများအား အကာအကွယ် ပေးရေးအဖွဲ့မှ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ကာ လုပ်ခလစာ ရရှိစေရန် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

''တချို့တွေ လစာသိန်း ၇ဝ ၊ ၈ဝ၊ ၁ဝဝ နီးပါးလောက်ရတဲ့ သူတွေရှိတယ်။ ပြီးခဲ့တဲ့လက ၃၇ ယောက်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ပေးပြီးပြီ။ လောလောဆယ် အင်ဒိုနီးရှားကို ရေလုပ်သား ၁၆ ယောက် ပြန်သွားပြီး အဲဒီမှာ ရှိတဲ့ တရားရုံးမှာ သက်သေ သွားခံတယ်'' ဟု ဒုတိယရဲမှူး မျိုးသိန်း က ပြောသည်။

ပြန်လည် ရောက်ရှိလာသည့် မြန်မာရေလုပ်သား ဘုန်းမြင့်အောင်က '' ကျွန်တော်ထိုင်း ကနေတစ်ဆင့် အင်ဒိုနီးရှားကို ရောက်တာ ၂ဝ၁၂ ခုနှစ် ကတည်းကပါ။ အဲဒီမှာ ကျွန်တော့် သူငယ်ချင်းတွေ ခန့်မှန်း ၂ဝဝ လောက်ကျန် သေးတယ်။ ပြန်လာဖို့က နေရပ်လိပ်စာ မှန်ဖို့လိုတယ်။ အဲဒါကြောင့် သူတို့ကို ပြန်မခေါ်ဘဲ စစ်ဆေးမှုတွေ လုပ်နေတာပေါ့။ တချို့က လုပ်ခလစာတွေ မရတာကြောင့်လည်း ဖြစ်တယ်။ မိသားစုတွေ ဆီလည်း လစာ မရောက်ဘူး။ အဲဒီ လိုနေရာတွေ နောက်ဘယ်တော့မှ ပြန်မသွား တော့ပါဘူး။ ကျွန်တော့်လိုမျိုး မဖြစ်အောင် နောင်သွားမယ့် သူတွေ တရားဝင် ပတ်စ်ပို့မရှိဘဲ မသွားပါနဲ့လို့ ပြောချင်ပါတယ်'' ဟု ပြောသည်။

ပြန်လည်ရောက်ရှိ လာသော မြန်မာ ရေလုပ်သားများကို ရန်ကုန်မြို့ ကျိုက်ဝိုင်းဘုရားလမ်း ရှိ လူမှုဝန်ထမ်း ဦးစီးဌာနတွင် ခေတ္တနေရာ ချထားကာ လိုအပ်သည့် စစ်ဆေးမှုများ၊ ကူညီ ထောက်ပံ့မှုများကို  ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ဇာနည်မောင်

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger