www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, December 12, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၈) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၈) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနား တွင် ဗိုလ်လောင်းတပ်ခွဲ များ၏ ချီတက်အလေးပြုခြင်းကို ခံယူစဉ်


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၈) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနား တွင် မိန့်ခွန်း ပြောကြားစဉ် 

နေပြည်တော် ၊ ၁၂-၁၂-၂၀၁၅

ခေတ်မီတပ်မတော် တစ်ရပ်ရှိမှသာ စစ်ရေးစွမ်းအား (Military Might)ကို ရရှိမည် ဖြစ်ကြောင်း၊ စစ်ရေးစွမ်းအား ရရှိရန်အတွက် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ရှိရန် လိုအပ်ကြောင်း၊ တိုက်စွမ်းရည် မြင့်မားရန်အတွက် လေ့ကျင့်ရေးဖြင့် လုပ်ဆောင်ရမည် ဖြစ်ပြီး ရုပ်ပိုင်းနှင့်စိတ်ပိုင်း ကိုပါ လေ့ကျင့်ပေးရန် လိုကြောင်း၊ တိုက်စွမ်းအား ရှိရန်အတွက် ခေတ်မီလက်နက်၊ ခဲယမ်း၊ ယာဉ်ယန္တရားနှင့် ချပ်ဝတ်တန်ဆာများ တပ်ဆင်ပေးရမည် ဖြစ်ကြောင်း၊ တပ်မတော်၏ တိုက်စွမ်းအား မြင့်မားစေရန်အတွက် အဓိကကျသည့် အတတ်ပညာရှင် လူသား အရင်းအမြစ်များ ဖြစ်သည့် အလျောက် မိမိတို့တတ်သိ ထားသော အင်ဂျင်နီယာ ပညာရပ်များကို အသုံးပြုပြီး ကျရာနေရာမှ ပေးအပ်သည့် တာဝန်ကို စွမ်းစွမ်းတမံ ဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က ယမန်နေ့ နံနက် ၇ နာရီခွဲတွင် ပြင်ဦးလွင်မြို့၊ တပ်မတော် နည်းပညာ တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သော တပ်မတော် နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၈) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား၌ မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့် နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော် နည်းပညာ တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင် တပ်နယ်မှ အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များနှင့် သင်တန်းဆင်း ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများ တက်ရောက် ကြသည်။

ဦးစွာ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က ဗိုလ်လောင်း တပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး ကျောင်းဆင်းဗိုလ်လောင်း တပ်ခွဲများကို စစ်ဆေးသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက် တို့ဖြင့် ချီတက် အလေးပြုကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က တပ်မတော် နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၈)မှ အောင်စစ်သည်ဆုနှင့် လေ့ကျင့်ရေး ထူးချွန်ဆု ရရှိသူ ဗိုလ်လောင်း အမှတ်၊ ၇၀၃၃ ဗိုလ်လောင်း အောင်ဆက်မြင့်၊ စာပေထူးချွန်ဆု ရရှိသူ ဗိုလ်လောင်းအမှတ်၊ ၇၀၂၁ ဗိုလ်လောင်း အေးချမ်းအောင် တို့အား ဆုများပေးအပ် ချီးမြှင့်သည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် အောင်စစ်သည်ဆု နှင့် လေ့ကျင့်ရေးထူးချွန်ဆု ရရှိသူ ဗိုလ်လောင်းအမှတ် ၊ ၇၀၃၃ ဗိုလ်လောင်း အောင်ဆက်မြင့် အား ဆုချီးမြှင့်စဉ်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် စာပေထူးချွန်ဆုရ ဗိုလ်လောင်းအမှတ် ၊ ၇၀၂၀ ဗိုလ်လောင်း အေးချမ်းအောင် အား ဆုချီးမြှင့်စဉ်
 
ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်း ဗိုလ်လောင်း များအား မိန့်ခွန်း ပြောကြားရာတွင် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း နှင့်အတူ ပေါက်ဖွားလာခဲ့သော မျိုးချစ်တပ်မတော် ဖြစ်သည့်အတွက် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရုံသာမက နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ် သစ္စာရှိသည့် တပ်မတော်လည်း ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လွတ်လပ်ရေး ရပြီးသည့် အချိန်တွင် ကြုံတွေ့ခဲ့ရသော ပြည်ပ ကျူးကျော်မှုနှင့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ကို ဖြေရှင်းခဲ့ရပြီး ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုသည့် အမျိုးသား နိုင်ငံရေး တာဝန်ကိုပါ ထမ်းဆောင်ခဲ့ကြ ရကြောင်း၊ ၁၉၅၈ ခုနှစ်၊ ၁၉၆၂ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်များ၌ ဖြစ်ပေါ်ခဲ့သော နိုင်ငံတော်၏ အရေးကြီးအချိန် ကာလများတွင် နိုင်ငံတော်တာဝန်ကို လွှဲပြောင်းထမ်းဆောင်ပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး

အတွက် တာဝန်ယူ ဆောင်ရွက်ခဲ့ရကြောင်း၊ ပထ၀ီနိုင်ငံရေး အရ မဟာဗျူဟာကျသည့် တည်နေရာ အနေအထား၊ အိမ်နီးချင်းနိုင်ငံများ၊ လူမျိုးရေးနှင့် နောက်ခံ သမိုင်းကြောင်း တို့အရ တိုင်းပြည်၏ အချုပ်အခြာ အာဏာကို ကာကွယ်ထိန်းသိမ်း နိုင်ရန်အတွက် တပ်မတော်သည် ခေတ်မီ တပ်မတော် (Standard Army) ဖြစ်ရန်လိုကြောင်း၊ ခေတ်မီတပ်မတော် တည်ဆောက်နိုင်မှသာ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် စစ်အတတ်ပညာ နှင့် စစ်နည်းပညာ တိုးတက်မှုများကို ရင်ဆိုင်နိုင်ပြီး တိုင်းပြည်ကို ဘက်ပေါင်းစုံမှ ကာကွယ်နိုင်မည် ဖြစ်ကြောင်း။

ယနေ့ကမ္ဘာတွင် နည်းပညာ အခြေပြုပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘောတရားရေး၊ ၀ါဒဖြန့်ချိရေး၊ စစ်ရေး၊ သံတမန်ရေး စသည့် နည်းလမ်းများနှင့် ဘက်စုံစစ်ပွဲ အသွင် ဆင်နွှဲလျက် ရှိကြောင်း၊ IT နည်းပညာကို အသုံးပြုပြီး သတင်းထောက်လှမ်း ရယူကာ တစ်ဖက် အားနည်းချက်များကို ၀င်ရောက် စွက်ဖက်လျက် ရှိသည်များကိုလည်း တွေ့မြင်ရမည် ဖြစ်ကြောင်း၊ သတင်း အချက်အလက် နှင့် ဆက်သွယ်ရေး နည်းပညာ (ICT) တိုးတက်ပြောင်းလဲ လာသည်နှင့်အမျှ Cyber Warfare အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် နေကြကြောင်း၊ သိပ္ပံနှင့် နည်းပညာတွင် “ ဖော်ထုတ်သုံးစွဲ ” သည့်အဆင့်မှ “ တီထွင်အသုံးပြု ” သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် ပြောင်းလဲ တိုးတက်နေသော စစ်ဘက်သိပ္ပံ ပညာရပ်များကို ကျွမ်းကျင်စွာ တီထွင်ထုတ်လုပ် အသုံးပြုနိုင်အောင် အမြဲမပြတ် ဆည်းပူးလေ့လာ နေရမည်ဖြစ်ကြောင်း၊ တိုးတက်လာသော စစ်ဘက်ဆိုင်ရာ သိပ္ပံပညာရပ်များ သာမက ပြောင်းလဲလာသည့် စစ်နည်းဗျူဟာ များကိုပါ အမြဲမပြတ် ဆည်းပူးလေ့လာပြီး မိမိတို့၏ အခြေအနေနှင့် ကိုက်ညီအောင် အသုံးချ နိုင်ရမည်ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော် စွမ်းရည်ထက်မြက်ရန်၊ ခေတ်မီရန်မှာ မျိုးဆက်သစ် အတတ်ပညာရှင်၊ အသိပညာရှင်များ၏ စွမ်းရည်နှင့် ကြိုးစား အားထုတ်မှု အပေါ်တွင် တည်မှီနေကြောင်း။

ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်အဖြစ် လျှောက်လှမ်း နေချိန်တွင် တပ်မတော် အနေဖြင့်လည်း ဒီမိုကရေစီ အခြေတည်ခိုင်မာ ရှင်သန်ရန်နှင့် ပြည်သူလူထု၏ လူနေမှုဘ၀ လုံခြုံတိုးတက် စေရန်အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း၊ သိပ္ပံနှင့် နည်းပညာရပ်များ တဟုန်ထိုး တိုးတက်ပြောင်းလဲ လာသည်နှင့်အမျှ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ဘက်ပေါင်းစုံမှ စိန်ခေါ်မှု များကိုလည်း ရင်ဆိုင် နေကြရကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နေသည့် မိမိတို့တပ်မတော် သည်လည်း ယင်း စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်း နိုင်ရန်အတွက် အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်ရန် လိုအပ်ကြောင်း၊ လူအင်အား တစ်မျိုးတည်း မဟုတ်ဘဲ စစ်လက်နက် အင်အား၊ စစ်လက်နက် ဆက်စပ် ပစ္စည်းဆိုင်ရာ စွမ်းပကားနှင့် စစ်မှုရေးရာနည်း ပညာစွမ်းပကား စသည်များ တောင့်တင်းပြီး ထက်မြက်နေရန် လိုအပ်ကြောင်း။

နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ကြသည့် အချိန်တွင် အမိန့်နာခံတတ်မှု၊ စည်းကမ်းပြည့်ဝမှု နှင့် စည်းလုံးညီညွတ်မှု သည် အရေးကြီးဆုံး ဖြစ်ကြောင်း၊ စည်းကမ်း  လျော့နည်းလာသည်နှင့် တစ်ပြိုင်နက် အမိန့် နာခံတတ်မှုနှင့် စည်းလုံးညီညွတ်မှု အားနည်းလာပြီး အရာရာတွင် ဆုတ်ယုတ်လာမည် ဖြစ်ကြောင်း၊ ကိုယ်တိုင်လည်း အမိန့်နာခံ တတ်မှုနှင့် စည်းကမ်း လိုက်နာမှုများတွင် စံနမူနာပြ ဖြစ်အောင် ကြိုးစားနေထိုင်ပြီး တပ်တွင်း စည်းလုံး ညီညွတ်ရေးကို ဆောင်ရွက် သွားကြရန် လိုကြောင်း။

ဒေသ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မိမိတို့ တပ်မတော်သားများက ကိုယ်ရောစိတ်ပါ အင်တိုက်အားတိုက် ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ သဘာဝ ဘေးအန္တရာယ် ကြုံလာချိန်တွင်လည်း အမြန်ဆုံး သွားရောက်ပြီး အရေးပေါ်ကူညီ ကယ်ဆယ်ရေး ကိစ္စရပ်များ၊ ရွှေ့ပြောင်းရေး ဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးနှင့် လူမှုရေး ဆိုင်ရာကိစ္စရပ်များကို ဒေသခံပြည်သူများ၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ညှိနှိုင်းကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဒေသခံပြည်သူ များသည် တပ်မတော်၏ မွန်မြတ်မှန်ကန်သော စေတနာ၊ မေတ္တာနှင့် လုပ်ဆောင်ချက်များကို လက်ခံနားလည်ပြီး လက်တွဲပူးပေါင်း ဆောင်ရွက်လျက် ရှိကြကြောင်း၊ ရောက်ရာဒေသ အသီးသီးတွင် ပြည်သူများ၏ လိုအပ်ချက်၊ လိုလားချက်များကို မိမိ တတ်မြောက်ထားသည့် ပညာရပ်ဖြင့် တတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်းကူညီ ဖြည့်ဆည်း ဆောင်ရွက် ပေးခြင်းဖြင့် ပြည်သူ့အကျိုး စီးပွားကို ဖော်ဆောင်ပေး ကြရမည် ဖြစ်ကြောင်း။

နိုင်ငံတွင်း မတည်မငြိမ် ဖြစ်အောင်၊ ပြည်ထောင်စုကြီး ပြိုကွဲအောင်၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု ပြိုကွဲအောင် သွေးထိုးလှုံ့ဆော် ၀ါဒဖြန့်မှုများနှင့် ပတ်သက်၍လည်း စစ်ရေးသတိ အမြဲရှိနေရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီ အသွင်ဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် ဖြစ်အောင် လမ်းကြောင်းအမှန်နှင့် သွားနေသည့် နေရာတွင် တိုင်းရင်းသား အချင်းချင်း အပြန်အလှန် ယုံကြည်မှု ကင်းမဲ့ပြီး ငြိမ်းချမ်းရေး မတည်ဆောက် နိုင်အောင် နည်းလမ်းမျိုးစုံနှင့် လုပ်ဆောင် နေသည်များကို တွေ့ရှိရကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ပါရှိကြောင်း၊ တပ်မတော် အနေဖြင့် ပြည်သူလူထု လိုလားသည့် ဒီမိုကရေစီနိုင်ငံ လျှောက်လှမ်းနိုင်ရန် အမြဲလမ်းဖွင့် ထားကြောင်း။

နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နေသော တပ်မတော်သားတိုင်းသည် စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ် ပြည့်စုံမှုဆိုသည့် အခြေခံ အရည်အချင်းငါးပါး အစဉ်ပြည့်ဝနေရန် လိုအပ်ကြောင်း၊ တပ်မတော်သား တစ်ယောက်သည် စစ်မှုရေးရာ တစ်ခုတည်း ကိုသာ တတ်သိကျွမ်းကျင် နေရုံဖြင့် မပြီးပြည့်စုံ နိုင်ခြင်းကြောင့် ကမ္ဘာအ၀ှမ်း ခြုံငုံပြီး အမြင်လေးမြင် ရှိရန်လည်း လိုအပ်ကြောင်း၊ အမြင်လေးမြင် ရှိမှသာလျှင် ခေတ်မီ တပ်မတော်အဖြစ် တည်ဆောက် နိုင်မည် ဖြစ်သည့်အတွက် ပြောင်းလဲတိုးတက် နေသည့် ခေတ်ကာလ အခြေအနေကို သိမြင်နိုင်ပြီး အနာဂတ်အတွက် ကြိုတင်ပြင်ဆင် တည်ဆောက် နေရမည် ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး တာဝန်အပြင် သမိုင်းကြောင်း အရ တိုင်းပြည်၏ အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍ တွင်လည်း ဆက်လက်ပါဝင် နေရဦးမည် ဖြစ်ကြောင်း။

ခေါင်းဆောင်မှု အတတ်ပညာသည် နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက် အသက်တမျှ အရေးကြီးသော လိုအပ်ချက် ဖြစ်ကြောင်း၊ အထက်အကြီးအကဲ များ၏ လမ်းညွှန်ချက်၊ မူဝါဒများကို ဖော်ဆောင်ရာတွင် မိမိကိုယ်တိုင် အားသွန်ခွန်စိုက် ကြိုးပမ်းရမည် ဖြစ်သကဲ့သို့ လက်အောက်ငယ်သား များကိုလည်း နားလည်သိရှိပြီး မိမိနှင့်အတူ လိုက်ပါ ဆောင်ရွက် နိုင်အောင် စံနမူနာ ကောင်းပြပြီး စွမ်းဆောင်ရမည် ဖြစ်ကြောင်း၊ လက်အောက်ငယ်သား များ၏ ယုံကြည်မှု၊ အားကိုးမှု၊ လေးစားမှုများ ရရှိရန်အတွက် ပြုကျင့်ရမည့် ကျင့်ဝတ်များ အတိုင်း ကျင့်ကြံအားထုတ် ရမည်ဖြစ်ကြောင်း၊ နောင်တစ်ချိန်တွင် တပ်မတော်၏ တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ရမည့် သူများအနေဖြင့် ယခုကတည်းက နောက်လိုက်ကောင်းများ ဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်ကြရန်၊ မိမိတို့ လေ့လာထားသည့် ပညာရပ်များကို တိုင်းပြည်နှင့် တပ်မတော်အတွက် အကျိုးရှိစွာ အသုံးချနိုင်အောင် ကြိုးပမ်းဆောင်ရွက် ကြရန် မှာကြားလိုကြောင်း ဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်း တပ်ရင်းများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြ အခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။

စစ်ရေးပြ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော် နည်းပညာတက္ကသိုလ် ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆု ရရှိကြသည့် ဗိုလ်လောင်း ၂ ဦးနှင့် ၄င်းတို့၏ မိဘများအား တွေ့ဆုံ၍ သင်တန်း စ၊ လယ်၊ ဆုံး ကြိုးစား အားထုတ်ခဲ့၍ ယခုကဲ့သို့ ထူးချွန်ဆုရရှိခြင်း အတွက် ဂုဏ်ယူဝမ်းသာ ပါကြောင်း၊ ထိုသို့ကြိုးစား အားထုတ် မှုကို စဉ်ဆက်မပြတ် ဆက်လက် လုပ်ဆောင်ရန် လိုကြောင်း၊ မိခင်ကျောင်းမှ သင်ကြားပေး လိုက်သော အခြေခံကောင်း များကို ပိုမိုကောင်း မွန်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ သင်တန်း ကာလ၌ စည်းကမ်းနှင့် ထိန်းသိမ်းထားပြီး သင်တန်းပြီးဆုံး ချိန်တွင် မိမိကိုယ်ကို ဆက်လက် ထိန်းသိမ်းရန် လိုကြောင်း၊ မိဘကျေးဇူး ကြီးမားသဖြင့် မိဘများ၏ စကားကို လိုက်နာပြီး ပြန်၍ ကျွေးမွေးပြုစု စောင့်ရှောက်ခြင်းဖြင့် ကျေးဇူးဆပ် ကြရမည် ဖြစ်ကြောင်း၊ သင်တန်းဆင်း အရာရှိများသည် အသက်အရွယ် အားဖြင့် တပ်မတော်ထဲတွင် များစွာ တာဝန်ထမ်းဆောင် ကြရမည်ဖြစ်၍ တပ်မတော်တွင် အမှုထမ်းသက် ပြည့်သည်အထိ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန်လိုပြီး အပျော်အပါး၊ အသောက် အစားများနှင့် ပတ်သက်၍ ထိန်းထိန်းသိမ်းသိမ်း ဖြင့်ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ မိမိတို့၏ မိဘ၊ တိုင်းပြည်နှင့် တပ်မတော်၏ ကျေးဇူးကို ဆပ်နိုင်အောင် ကြိုးစားကြရန် လိုကြောင်းဖြင့် ဂုဏ်ပြုအမှာစကား ပြောကြားသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ များကို စစ်ဆေးစဉ်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော် နည်းပညာတက္ကသိုလ် ကျောင်းဌာနချုပ်ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများနှင့် မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားစဉ်

တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၈) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် သင်တန်းဆင်း ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများကို တွေ့ရစဉ်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ တပ်မတော်နည်းပညာတက္ကသိုလ် ၏ စက်မှုနှင့် သိပ္ပံစွမ်းရည်ပြပွဲ (SCIENCE AND TECHNOLOGY EXHIBITION 2015) တွင် ကြည့်ရှုစဉ်   

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော် နည်းပညာ တက္ကသိုလ်၏ စက်မှုနှင့်သိပ္ပံ စွမ်းရည်ပြပွဲ (SCIENCE AND TECHNOLOGY EXHIBITION 2015) သို့ သွားရောက်ကြ သည်။ ပြခန်းတွင် ဗိုလ်လောင်းသင်တန်း Project ဆောင်ရွက်မှုများ၊ သုတေသန ဆောင်ရွက်မှုများနှင့် ပါရဂူသင်တန်း ကျမ်းပြုစာတမ်း ဆောင်ရွက်မှုများကို တာဝန်ရှိသူများက ပြကွက်များ၊ ပုံစံငယ်များဖြင့် လက်တွေ့ သရုပ်ပြသ ကြပြီး ရှင်းလင်းတင်ပြ ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger