www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 9, 2015

မိမိအဆင့်နှင့်လျော်ညီသည့် လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရန်အတွက် အရာရှိ၊ စစ်သည်များကို သက်ဆိုင်သည့် သင်တန်းများ တက်ရောက်စေခြင်းဖြစ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံမြို့ရှိ နယ်မြေခံတပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၌ သင်တန်းကျောင်းမှ နည်းပြအရာရှိများ သင်တန်းသား အရာရှိ ၊ စစ်သည်များအား တွေ့ဆုံ အမှာစကား ပြောကြားစဉ်



နေပြည်တော်၊ ၉-၁၂-၂၀၁၅

မိမိအဆင့်နှင့် လျော်ညီသည့် လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရန် အတွက် အရာရှိ၊ စစ်သည်များကို သက်ဆိုင်သည့် သင်တန်းများ တက်ရောက်စေခြင်း ဖြစ်ကြောင်း၊ ထို့ပြင် တပ်တစ်တပ်၏ တိုက်စွမ်းရည် တိုးတက် လာစေရေး အတွက် မွမ်းမံသင်တန်း များကို တက်ရောက်စေခြင်း ဖြစ်ကြောင်း၊ သင်တန်း၌ လေ့ကျင့်ရာတွင် တစ်ကယ့် စစ်မြေပြင်တွင် တာဝန်ထမ်းဆောင် ရသကဲ့သို့ ထိရောက်စွာ လေ့ကျင့်မှု ပြုလုပ်ရန်လိုပြီး သင်ကြား ပေးလိုက်သည့် စစ်အတတ်ပညာ များကို လက်တွေ့တွင် အသုံးချနိုင်ရန် လိုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကျိုင်းတုံမြို့ရှိ နယ်မြေခံ တပ်မတော် တန်းမြှင့် လေ့ကျင့်ရေး သင်တန်းကျောင်း၌ သင်တန်းသား အရာရှိ၊ စစ်သည်များအား တွေ့ဆုံ အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

ယမန်နေ့ နေ့လယ်ပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့ရှိ နယ်မြေခံ တပ်မတော် တန်းမြှင့် လေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိကြပြီး သင်တန်းခန်းမတွင် သင်တန်းကျောင်းမှ နည်းပြ အရာရှိများ၊ သင်တန်း တက်ရောက်နေသော တပ်ရင်းများနှင့် သင်တန်းသား အရာရှိ၊ စစ်သည်များကို တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာတွင် စစ်ရေးတာဝန် တစ်ခုတည်း မဟုတ်ဘဲ တိုင်းပြည်၏ အန္တရာယ် မှန်သမျှကို ကာကွယ်ရန် တာဝန်ရှိကြောင်း၊ ထို့ကြောင့် တပ်များ အနေဖြင့် ပို၍ အရည်အချင်း ရှိလာအောင် လေ့ကျင့်ပေး နေခြင်း ဖြစ်ကြောင်း၊ တပ်မတော်တွင် စစ်သည်များ သတ္တိ၊ ဗျတ္တိရှိစေရန်၊ အသင်းအဖွဲ့စိတ်ဓာတ်ရှိ စေရန်၊ ကျန်းမာ၍ သက်လုံကောင်း စေရန်နှင့် စစ်ဆင်ရေးတွင် အထောက်အကူပြု စေရန်အတွက် သေနတ်ပစ်၊ ဘောလုံး၊ ဘော်လီဘော၊ လက်ဝှေ့နှင့် ပြေးခုန်ပစ် အားကစားစသည့် အခြေခံအားကစား ၅ မျိုးကို မဖြစ်မနေ လုပ်ရမည် ဖြစ်ကြောင်း။

ယနေ့မိမိတို့ နိုင်ငံသည် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို သွားနေခြင်း ဖြစ်ကြောင်း၊ တပ်မတော်သည် စည်းကမ်းရှိသည့် အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ အတိုင်း တိတိကျကျ လုပ်ဆောင်ရမည်  ဖြစ်ကြောင်း၊ ပါတီစုံ ဒီမိုကရေစီစနစ်ကို သွားရာတွင် တပ်မတော် အနေဖြင့် တိုင်းပြည် တည်ငြိမ် အေးချမ်းရန်နှင့် တရားဥပဒေ စိုးမိုးမှုရှိရန်၊ စည်းလုံးညီညွတ်မှု ရှိရန်၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် တို့အတွက် ရည်ရွယ် ဆောင်ရွက်လျက် ရှိကြောင်း၊ တပ်များသည် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက် ရမည်ဖြစ်ပြီး ပြည်သူကို အကာအကွယ် ပေးကာ ပြည်သူ့ အကျိုးစီးပွား ကိုလည်း ဖော်ဆောင်ပေး ရမည်ဖြစ်ကြောင်း။ တပ်မတော်အနေဖြင့် စစ်သည်များ၏ စားရေး၊ ၀တ်ရေး၊ နေရေးတို့အား အဆင်ပြေစေရန် ဖြည့်ဆည်း ဆောင်ရွက် ပေးနေကြောင်း၊ စစ်သည်များမှ စည်းကမ်း ရှိရှိဖြင့် နေထိုင် ရန်လိုပြီး အုပ်ချုပ်မှုဖြစ်စဉ် များလည်း မဖြစ်အောင် ထိန်းသိမ်းကြရန်လိုကြောင်း၊ တာဝန် ထမ်းဆောင်ရာတွင် တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်တို့ဖြင့် တာဝန် ထမ်းဆောင်ကြရန်၊ တပ်ပိုင်းဆိုင်ရာ ဆောင်ရွက် နေသည်များကို သိရှိပြီး တပ်မတော်၏ တာဝန် ထမ်းဆောင်မှု များကို ဂုဏ်ယူ တတ်သည့် စိတ်ဓာတ်ဖြင့် တာဝန်ထမ်းဆောင် သွားကြရန် မှာကြားလိုကြောင်း ဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သင်တန်းသား များအတွက် သုတရသ စာအုပ်စာစောင် များနှင့် ရွှေဖီဦး လက်ဘက်ရည်ထုပ် များကို ပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူသည်။

ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် က စားသောက်ဖွယ်ရာ များကိုလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် သန်းထွန်းဦး က အားကစားပစ္စည်း များကိုလည်းကောင်း ပေးအပ်ကြရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူ ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံတပ်နယ် အတွင်းရှိ တပ်ရင်း/တပ်ဖွဲ့ များအား မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များသည် နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်ရှိ ဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံ သို့သွားရောက်ရာ ရှင်းလင်းဆောင်တွင် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်အေး က စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ရှင်းလင်း တင်ပြမှု အပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က မွေးမြူရေး အပိုင်းတွင် လွှတ်ကျောင်း မွေးမြူသည့် စနစ်အစား စနစ်တကျခြံလှောင် မွေးမွေးမြူသည့် စနစ်ဖြင့် မွေးမြူသွားရန်၊ စိုက်ပျိုးရေး အပိုင်းတွင် Organic Farm ကို စနစ်တကျ အကောင် အထည်ဖော် ဆောင်ရွက်ရန်၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို စီးပွားရေးအရ မဟုတ်ဘဲ တပ်တွင်းရှိ မိသားစုများ၏ သက်သာ ချောင်ချိရေး အတွက်သာမက နိုင်ငံ့ဝန်ထမ်းများ အတွက်လည်း စားသောက်ရေး အဆင်ပြေ စေရေးနှင့် ဒေသအတွင်း ဝမ်းစာဖူလုံရေး အတွက် အထောက်အကူပြု စေရေးကိုပါ ရည်ရွယ်၍လုပ်ဆောင်ရန်၊ စိုက်ပျိုးမွေးမြူရေး ဝါသနာပါသည့် အရာရှိ၊ စစ်သည်များအား သင်တန်းများ စေလွှတ် တက်ရောက်စေပြီး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် နှစ်ရှည်ပင်စိုက်ပျိုးရေး ကိုလည်း ထိရောက် အောင်မြင်အောင် တိုးချဲ့ဆောင်ရွက်ရန် တို့ကို မှာကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ်တွင် မွေးမြူထားသော DYL ဝက်မွေးမြူရေး ခြံများ၊ ဒေသကြက် မွေးမြူရေးခြံနှင့် ဥစားကြက် မွေးမြူရေးခြံ များကို လိုက်လံ ကြည့်ရှုကြရာတာဝန်ရှိသူများက ရှင်းလင်းပြသ ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် ကျိုင်းတုံတပ်နယ်ရှိ တပ်မတော်ဆေးရုံသို့ ရောက်ရှိကြပြီး ဆေးရုံ တပ်မှူးရုံးခန်းတွင် တပ်မှူးက ဆေးကုသမှုနှင့် တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ် ဆောင်ရွက်နေမှုကို Power Point ဖြင့် ရှင်းလင်း တင်ပြသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အဖြစ်များသော ရောဂါများကို ကုသမှုပိုင်းတွင် သေသေချာချာ ဆောင်ရွက်ရန် လိုသကဲ့သို့ တပ်ရင်း/တပ်ဖွဲ့ များတွင်လည်း ပညာပေးမှု အပိုင်းကို ထိရောက်စွာ ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးကုသမှုခံ ယူနေသော အရာရှိ၊ စစ်သည်များအား လိုက်လံ တွေ့ဆုံ၍ ကျန်းမာရေးနှင့် ဆေးကုသ နေမှုအခြေအနေ များမေးမြန်းပြီး အားပေးစကား ပြောကြားကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

ထို့ပြင် ဆေးကုသမှု ခံယူနေသော မိုင်းခုံတပ်ဦးကျောင်းမှ ကျောင်းထိုင်ဆရာတော် အား ဖူးမြော်၍ ကျန်းမာရေး အခြေအနေများ လျှောက်ထား မေးမြန်းကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ထို့အတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၏ ဇနီးဒေါ်ကြူကြူလှ နှင့်အဖွဲ့သည် အမျိုးသမီး ကုသဆောင်တွင် တက်ရောက်ကုသမှု ခံယူနေသော မိသားစုဝင်များနှင့် ဒေသခံပြည်သူ များအား လိုက်လံတွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ် ခဲ့ကြောင်း သိရှိရသည်။(၁၀၀)


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံမြို့ရှိ နယ်မြေခံတပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းရှိ သင်တန်းသားများအတွက် သုတရသစာအုပ်စာစောင် များနှင့် ရွှေဖီဦးလက်ဖက်ရည်ထုပ်များ ပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အားတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်အေး က တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံတွင် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူနေသော မိုင်းခုံတပ်ဦးကျောင်းမှ ကျောင်းထိုင်ဆရာတော်အား ကျန်းမာရေး အခြေအနေများ လျှောက်ထား မေးမြန်းကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ဇနီး ဒေါ်ကြူကြူလှ ကျိုင်းတုံတပ်နယ်ရှိ တပ်မတော်ဆေးရုံ အမျိုးသမီးကုသဆောင်တွင် ဆေးကုသမှုခံယူနေသူများကို အားပေးစကားပြောကြားပြီး လက်ဆောက်ပစ္စည်းများ ပေးအပ်စဉ် 

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger