www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 11, 2015

စည်းကမ်းလိုက်နာ ဘေးကင်းကွာ လူသာပဓာန


စည်းကမ်းလိုက်နာ ဘေးကင်းကွာ လူသာပဓာန

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တိုင်းဒေသကြီး များနှင့် ပြည်နယ်များတွင် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ အတွင်း ယာဉ် မတော်တဆမှု ၁၃၅ဝ ဖြစ်ပွားခဲ့ရာ ဒဏ်ရာရသူ ၂၁၇၁ ဦးနှင့် သေဆုံးသူ ၃၈၆ ဦး ရှိခဲ့ခြင်းကြောင့် နေ့စဉ်ပျမ်းမျှ ဒဏ်ရာရရှိသူ ၇၂ ဦးနှင့် သေဆုံးသူ ၁၂ ဦးရှိကြောင်း တွေ့ရသည်။

ယာဉ်မတော်တဆ ဖြစ်ရသည့် အကြောင်းရင်း များအား ဆန်းစစ်ရာတွင် မဆင်မခြင် မောင်းနှင်မှုကြောင့် အများဆုံးဖြစ်ပြီး အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် ဒုတိယ အများဆုံး ဖြစ်ကြောင်း သိရသည်။ တခြား အကြောင်းရင်း များမှာ စက်ကိရိယာ ချွတ်ယွင်းမှု၊ ရာသီဥတုနှင့် လမ်းမကောင်းခြင်း၊ လမ်းအသုံးပြု သူများနှင့် ခြေကျင်လျှောက် သူများ လမ်းစည်းကမ်း မလိုက်နာမှုတို့ ဖြစ်ကြောင်း သိရသည်။

ယာဉ်မတော်တဆ မှုများ မဖြစ်ပွားစေရန် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကြိုတင် ကာကွယ်သည့် လုပ်ငန်းများကို ပြည်ထဲရေး ဝန်ကြီးဌာနက ဆောင်ရွက် နေသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ခရိုင် အဆင့်နှင့် မြို့နယ်အဆင့် များတွင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်လျက် ရှိသည်။ ထို့ပြင် အပြည်ပြည် ဆိုင်ရာ ယာဉ်ထိန်းသိမ်း နည်းစနစ်တွင် ပါဝင်သည့် ပညာပေး နည်းစနစ်၊ အင်ဂျင်နီယာ နည်းစနစ်၊ ကြပ်မတ်ကွပ်ကဲ စစ်ဆေး အရေးယူခြင်း ဆိုင်ရာ နည်းစနစ် များနှင့် ဆောင်ရွက်လျက် ရှိသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး စနစ်အတွက် ယာဉ်စည်းကမ်း နှင့် လမ်းစည်းကမ်း များကို ကျောင်းသင်ခန်းစာ များတွင် ထည့်သွင်း သင်ကြားပေးရန် ''စည်းကမ်းလိုက်နာ ဘေးကင်းကွာ'' ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကျောင်းသုံး စာအုပ်များ ပြုစုထုတ်ဝေ၍ အခြေခံပညာ ဦးစီးဌာန နှင့် ပူးပေါင်းကာ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းများသို့ ဆရာကိုင် စာအုပ်နှင့် ကျောင်းသားကိုင် စာအုပ်များကို ၂ဝ၁၁ ခုနှစ်မှစ၍ ဖြန့်ဝေပေး ထားကြောင်း သိရသည်။

ထို့ပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ များနှင့် အသိပညာ ပေးရေးဆိုင်ရာ ဟောပြောပွဲ များကို နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး များနှင့် ပြည်နယ် အသီးသီး တို့တွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည်။ ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်း အသိပညာပေး ကြေညာချက်များ ကို မီဒီယာများက တစ်ဆင့် ထုတ်လွှင့်ဖော်ပြ ပေးခြင်းနှင့် ပညာပေး ဆိုင်းဘုတ်များ စိုက်ထူခြင်း တို့ကိုလည်း ဆောင်ရွက်လျက် ရှိသည်။ မြန်မာနိုင်ငံတွင် ၂ဝဝဝ ပြည့်နှစ်က မော်တော်ယာဉ် စီးရေ ၄၃၆၂၇၉ သာ ရှိခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် မှတ်ပုံတင် သက်တမ်း ကြာမြင့်သော ယာဉ်များအား ပယ်ဖျက်ရေးနှင့် အစားထိုးယာဉ် တင်သွင်းရေးကို ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၁ဝ ရက်တွင် ထုတ်ပြန်၍ မှတ်ပုံတင် သက်တမ်းနှစ် ၄ဝ၊ ၃ဝ နှင့် ၂ဝ ရှိသော ယာဉ်များ အပ်နှံရေးကို အဆင့်ဆင့် ဆောင်ရွက်ပေး ခဲ့ပြီး ယခုချိန်တွင် ပြည်တွင်း စက်မှုဇုန်ထုတ် မော်တော်ယာဉ် များကိုပါ ဆောင်ရွက် ပေးလျက် ရှိသည်။ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာအထိ မော်တော်ယာဉ် အစားထိုး တင်သွင်းခွင့် စီမံချက် အပါအဝင် တခြား တင်သွင်း ခွင့်ပြုသော ဥပဒေ စည်းကမ်းနှင့် အညီ ပြည်ပမှ တင်သွင်းသော မော်တော်ယာဉ် စီးရေ စုစုပေါင်း ၅ဝ၁၅၃၁ စီး ရှိကြောင်း သိရသဖြင့် တစ်နှစ်လျှင် ပျမ်းမျှယာဉ်စီးရေ တစ်သိန်းကျော် တိုးတက် လာခဲ့သည်။

ယခုနှစ် နိုဝင်ဘာအတွင်း ယာဉ် မတော်တဆမှု အများဆုံး ဖြစ်သော ဒေသများမှာ လူဦးရေ စည်ကားပြီး မော်တော်ယာဉ် သုံးစွဲမှု များပြားသော မြို့ကြီးများ ဖြစ်ကြောင်း တွေ့ရပေရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေး အစီအစဉ်များ ထိရောက်မှု ရှိစေရေး အလေးထား ဆောင်ရွက်ကြရန် မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger