www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 10, 2015

နိုင်ငံတကာ အာကာသစခန်းကို နာဆာ စွန့်ခွာဖွယ်ရှိ


International Space Station - ISS

ဝါရှင်တန် ၊ ၁၀-၁၂-၂၀၁၅

အာကာသစူးစမ်း လေ့လာရေး လောကတွင် ဦးဆောင်ဦးရွက် ပြုနေသော နာဆာသည် မကြာမီ နိုင်ငံတကာ အာကာသစခန်း (ISS) မှ နုတ်ထွက်တော့မည် ဖြစ်ပြီး လကမ္ဘာ ခရီးစဉ်ကိုသာ အာရုံစိုက် လုပ်ကိုင်တော့မည် ဖြစ်သည့်အတွက် နိုင်ငံတကာ အာကာသစခန်း တွင် လုပ်ငန်းတာဝန် ထမ်းဆောင်ရန် နောက်ထပ်လူသစ် ရွေးချယ်ခြင်း မရှိတော့ဘဲ ငွေကြေး ပံ့ပိုးမှုကိုလည်း အစောဆုံး ၂၀၂၄ ခုနှစ် ၊ နောက်အကျဆုံး ၂၀၁၈ ခုနှစ်အတွင်း အပြီးသတ် ပိတ်သိမ်း တော့မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ISS ကို စွန့်ခွာရန် စီစဉ်ရသည်မှာ ငွေကြေး အခက်အခဲ ကြောင့်ဖြစ်ကြောင်း ၊ ISS နှင့် လကမ္ဘာခရီးစဉ် နှစ်မျိုးလုံးအတွက် အမေရိကန် ပြည်ထောင်စု အနေဖြင့် အကုန်အကျ မခံနိုင်ကြောင်း ၊ သို့ဖြစ်၍ ယခု ISS သို့ အာကာသ သိပ္ပံပညာရှင် များကို ပို့ဆောင်ပေးလျက် ရှိသော ပုဂ္ဂလိက ကုမ္ပဏီများက လကမ္ဘာပေါ်သို့ ဆွဲငင်အား သုညဖြစ်ပေါ်သော နေရာတွင် ISS ကဲ့သို့ အာကာသ တစ်ထောက်နား စခန်းကို တည်ဆောက် ပေးရန် ကမ်းလှမ်းထားကြောင်း သိရသည်။

" နိုင်ငံတကာ အာကာသစခန်း ပုံစံလိုပဲ ဒီ လပေါ်က စမ်းသပ်ခန်းမှာလဲ ကမ္ဘာပေါ်က ဘယ်သူမဆို ဘယ်လို ပစ္စည်းမျိုးကို မဆို ဆွဲငင်အားမဲ့ ရပ်ဝန်းမှာ ဘယ်လို အကျိုးသက်ရောက် ပြောင်းလဲမှုတွေ ဖြစ်လာနိုင်မလဲ ဆိုတာ စမ်းသပ်နိုင်ပါတယ် " ဟု သုတေသီတစ်ဦးက ပြောပြသည်။

စင်စစ်တွင် နာဆာသည် နိုင်ငံတကာ စခန်းကိစ္စထက် ကြီးမားသော အပြောင်းအလဲ များကို ပြုလုပ်ရန် အစီအစဉ်ရှိနေသည့် တွေ့ဆုံ ဆွေးနွေးမှုများကို မြင်တွေ့ နေရကြောင်း၊ ဥပမာအားဖြင့် အင်္ဂါဂြိုဟ် ခရီးစဉ်သည် အကွာအဝေး ရှည်လျားလွန်းသည့် အတွက် ကုန်ကျစရိတ်အားဖြင့် အလွန် များလာနိုင်ကြောင်း ၄င်းတို့က ထောက်ပြ ဝေဖန်နေ သကဲ့သို့ လကမ္ဘာပေါ်ရှိ ဆွဲငင်အား ရပ်ဝန်း၌ သုတေသနစခန်း တစ်ခု တည်ဆောက်ကာ ကမ္ဘာမှ စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပေးပို့ စမ်းသပ်သော အရာများကို စမ်းသပ်ပေးမည်ဟု လူသိရှင်ကြား ထုတ်ပြန် ကြေညာထားသည်။

" နာဆာရဲ့ ဒီ ဆုံးဖြတ်ချက် ဟာ အာကာသ စူးစမ်းလေ့လာရေး ရဲ့ အနာဂတ် တစ်ခုလုံးကို တစ်မျိုးတစ်ဖုံ ဖြစ်သွားစေနိုင် ပါတယ် ၊ ဒါ့ပြင် အမေရိကန်က နောက်ဆုတ် သွားခဲ့တဲ့ အတွက် နိုင်ငံတကာ အာကာသစခန်း ကို ဆက်လက်ပြီး အာကာသထဲမှာ ဘေးမသီ ရန်မခ ပျံသန်းနိုင်အောင် ကုန်ကျစရိတ် တွေကိုလဲ တခြားနိုင်ငံတွေက ဆက်လက် ထည့်ဝင်နိုင်ပါ့မလား ဆိုတာကလဲ အဖြေရှာ ရအုံးမယ့် မေးခွန်း ဖြစ်ပါတယ် " ဟု လေ့လာ စောင့်ကြည့်သူ များက ပြောကြားထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger