www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 11, 2015

ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် မှ အထင်ကရ " ထီးပွင့်ကန် "





ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် မှ အထင်ကရ " ထီးပွင့်ကန် "

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီမော့ဆိုမြို့နယ် ငွေတောင် ကျေးရွာအုပ်စု အတွင်းရှိ ကယားပြည်နယ် ၏ အထင်ကရ အပန်းဖြေ လေ့လာစရာ သဘာဝ ရေကန်တစ်ခု ဖြစ်သည့် ထီးပွင့်ကန် ၏ ကန်ပတ်လည်၌ ကျောက်စီ မြေထိန်းနံရံ ပြုလုပ်ခြင်း၊ ကွန်ကရစ် ကမ္ပည်း ကျောက်စာတိုင် စိုက်ထူခြင်း၊ ရေကန်ဘေး တစ်ဝိုက်တွင် အမိုးပါ ထိုင်ခုံများ တည်ဆောက်ခြင်း၊ နားနေဆောင် ဇရပ် ဆောက်လုပ်ခြင်း စသည်ဖြင့် ဘက်စုံ အလှဆင် ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ် ထားကြောင်း သိရသည်။

အဆိုပါ ထီးပွင့်ကန်သည် အလျား ၂၂၇ ပေ၊ အနံ ၁၁၅ ပေရှိပြီး မီးတောင်ဟောင်း ၏ ထိပ်ဝတစ်ခု ဖြစ်ကာ ကန်ရေပြင် ပေါ်သို့ ထီးပွင့်သဏ္ဌာန် သဲနုန်းမြေများ ထိုးထွက်လာလေ့ ရှိသဖြင့် ထူးခြားမှု တစ်ခုအဖြစ် လည်းကောင်း၊ ဒွေးမယ်နော် ကိန္နရီ ညီအစ်မ ခုနစ်ဖော်တို့ ရေကစားရာ ရေကန်ဖြစ်သည် ဟူသော ရှေးစကားအရ လည်းကောင်း ထိုရေကန်သည် အပန်းဖြေ လေ့လာစရာ နေရာတစ်ခု အဖြစ် ထင်ရှား ကျော်ကြားလျက် ရှိသည်။

ထို ထီးပွင့်ကန် အနီး ကပ်လျက်တွင် သဘာဝ အတိုင်း ရေများ ထွက်နေပြီး ဒွေးမယ်နော် နှင့် သုဓနု မင်းသားတို့ သစ္စာပြု ကြသည့် သစ္စာကန် ခေါ် ရေကန်တစ်ခု နှင့် နတ်ရေတွင်း တစ်ခုတို့လည်း ထူးခြားစွာ တည်ရှိလျက် ရှိသည်။ ထီးပွင့်ကန် သည် လေ့လာ အပန်းဖြေစရာ နေရာတစ်ခု ဖြစ်နေသည့် အပြင် ထီးပွင့်ကန် အနီးရှိ သစ္စာကန် သဘာဝ ရေထွက်ပေါက်မှ ၁၂ ရာသီ ထွက်ပေါ်လျက် ရှိသော ရေသည် အနီးရှိ ထီးပွင့်ကန် ကျေးရွာအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေး အတွက် ရေဖူလုံစွာ ပေးဝေနိုင်သော ကန်တစ်ကန် ဖြစ်သည်။

ယခုအခါ ထီးပွင့်ကန် အား ဘက်စုံ အလှဆင် ပြုပြင်ထိန်းသိမ်း မှုများ ပြုလုပ်ခြင်း၊ ယင်းကန်အနီးရှိ ထီးပွင့်ကန် တောင်တန်း သာသနာပြု ဘုန်းတော်ကြီး ကျောင်း၌ စေတီပုထိုးနှင့် သာသနိက အဆောက်အအုံများ တိုးချဲ့ ဆောက်လုပ် နေခြင်းတို့အပြင် ငွေတောင်ကျေးရွာ အတွင်းရှိ လွိုင်ကော်- မော်ချီး လမ်းမှ ကန်ခုနစ်ဆင့် အထိ ထီးပွင့်ကန် အနီးမှ ဖြတ်သန်းလျက် ကတ္တရာလမ်း ဖောက်လုပ် ပြီးစီးပြီ ဖြစ်သည်။

ထီးပွင့်ကန်နှင့် ကန်ခုနစ်ဆင့် တို့သည် သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် သာယာတင့်ဆန်း လှပသည့် ရေကန်ငယ်များ ဖြစ်ကြပြီး ယခင်က သွားရောက် လေ့လာသူ နည်းပါးခဲ့ပြီး ယခုအခါ မော်တော်ကား လမ်းလည်း ဖောက်လုပ် ထားပြီးသဖြင့် အပန်းဖြေ လေ့လာသူများ လွယ်ကူစွာ လာရောက် အပန်းဖြေနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ (မင်းလွင်)

မြ၀တီနေ့စဉ် ၊ စာ(၂၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger