မုံရွာ ၊ ၆-၁၀-၂၀၁၅
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၏ အရှေ့ဘက် နယ်နိမိတ် စည်းတွင် ရွှေမြင်တင် သက်ရင့် သဲကျောက်တန်း ကြီးများ တည်ရှိသည်။ အဆိုပါ တောင်တန်းကြီး အနီး၌ နေထိုင်သော ကျေးလက် ဒေသများသည် ရှေးယခင် ကတည်းက နေအိမ် အသုံးအဆောင် ကျောက်ဆစ် ပစ္စည်းများကို ထုတ်လုပ် ရောင်းချခြင်းဖြင့် နေထိုင် ရပ်တည်လာခဲ့ ကြသည်။
ယခုအခါ ပြည်ပဈေးကွက် များမှ တင်သွင်းလာသည့် ခေတ်မီ နေအိမ် အသုံးအဆောင်များ နေ့စဉ် ဝင်ရောက် လာခြင်းကြောင့် နေအိမ် အသုံးအဆောင် ကျောက်ဆစ် ပစ္စည်းများ သုံးစွဲသူ နည်းပါးလာ၍ အရောင်းအဝယ် အေးကာ ပျောက်ကွယ်လု နီးပါး ဖြစ်နေရကြောင်း ခတ္တက္ကန် ကျေးရွာ နေ ကျောက်ဆစ် ပညာရှင်ကြီး တစ်ဦးက ပြောပြသည်။
''မိတ်ကပ်ဘူး သုံးစွဲသူ များပြားလာပြီး သနပ်ခါး ကျောက်ပျဉ်ဟာ အရောင်းနှေး လာသလို လက်လှည့် ငရုတ်မှုန့် ကြိတ်စက်တွေ ပေါ်လာတော့ ကျောက်ငရုတ်ဆုံ တွေဟာ အရောင်းထိုင်း လာပြန်ပါတယ် '' ဟု ၄င်းက ဆက်လက် ပြောပြသည်။
ယခင်က မြန်မာ့ထုံးတမ်း ဓလေ့များအရ အိမ်ထောင်ခွဲ မိသားစုများသည် နေအိမ်သုံး ကျောက်ဆစ် ပစ္စည်းများ ဖြစ်သည့် ငရုတ်ဆုံ၊ သနပ်ခါး ကျောက်ပျဉ် ၊ ကျောက်ဆစ် မီးသွေးဖို နှင့် ဓားသွေးကျောက် များကို မဖြစ်မနေ ဝယ်ယူစုဆောင်း လေ့ ရှိကြသည်။ ယခုအခါ ပြည်ပ ဈေးကွက်မှ တင်သွင်းလာသည့် ငရုတ်မှုန့် ကြိတ်စက် ၊ ဓားသွေးစက် နှင့် အသင့်သုံး သနပ်ခါးဘူးများ အပြင် လျှပ်စစ်မီးဖိုများ ဝင်ရောက် လာမှုများကြောင့် မုံရွာဒေသ ထွက်နေအိမ်သုံး ကျောက်ဆစ် ပစ္စည်းများ အရောင်းအဝယ် အေးသွားခြင်း ဖြစ်သည်။
အဆိုပါ ရွှေမြင်တင် တောင်ရိုး တစ်လျှောက်ရှိ ကျေးရွာပေါင်း ၁၈ ရွာ၌ နေအိမ်သုံး ကျောက်ဆစ်ပစ္စည်း ထုတ်လုပ်သူ ၃၂ ဦးခန့် တည်ရှိခဲ့ရာ လွန်ခဲ့သော ငါးနှစ်တာ ကာလမှ စတင်၍ နေအိမ်သုံး ကျောက်ဆစ် ပစ္စည်းများ သုံးစွဲသူ အလွန် နည်းပါးသည့် အတွက် ကျောက်ဆစ် လုပ်ငန်းရှင်များ တွက်ခြေမကိုက် ဖြစ်ကာ လုပ်ငန်းများ ရပ်နားထားရ သူများရှိကြောင်း လုပ်ငန်းရှင် တစ်ဦးက ပြောပြ၍ သိရသည်။ (၁၅၄)
ရတနာပုံနေ့စဉ် ၊ စာ(၁၁)
#Yadanarpondaily






No comments:
Post a Comment