www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 6, 2015

မြန်မာနိုင်ငံရှိ ယဉ်ကျေးမှုမှတ်တမ်းဆိုင်ရာ အမွေအနှစ် ခြောက်ခုကို ကနဦး Tentative List အဖြစ် ယူနက်စကို သို့တင်ပြထား




မန္တလေး ၊ ၆-၁၀-၂၀၁၅

ယဉ်ကျေးမှုဆိုင်ရာ မှတ်တမ်း အမွေအနှစ်များ (UNESCO Memory of the World International and Register) တင်သွင်းခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ ယဉ်ကျေးမှု မှတ်တမ်းဆိုင်ရာ အမွေအနှစ် ခြောက်ခုကို ကနဦး Tentative အဖြစ် UNESCO သို့တင်ပြ ထားကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အမွေအနှစ် ခြောက်ခုမှာ ကုသိုလ်တော် ဘုရား ကျောက်စာ နှင့် ကျောက်စာတိုက်များ၊ မြစေတီ ကျောက်စာ၊ ဓမ္မစေတီမင်း မွန်ကျောက်စာ၊ ကျန်စစ်သားမင်း နန်းတည် ကျောက်စာ၊ အာနန္ဒစန္ဒြ ကျောက်စာနှင့် ခင်ဘကုန်း ရွှေပေလွှာ တို့ဖြစ်ပြီး ၄င်းတို့အနက် ကုသိုလ်တော် ဘုရား (အပေါ်ပုံ) ကျောက်စာနှင့် ကျောက်စာတိုက် များကို Draft Nomination အဖြစ်တင်ပြ ခဲ့ကြောင်း ၄င်းကို ထပ်မံပြင်ဆင် ဖြည့်စွက်၍ UNESCO Memory of the World သို့ Nomination တင်သွင်းခဲ့ရာ ၂ဝ၁၃ ခုနှစ်တွင် စာရင်းဝင် ခဲ့သည်။

အလားတူ ကျန်ရှိနေသော မြစေတီ ကျောက်စာ၊ ဓမ္မစေတီမင်း မွန်ကျောက်စာ၊ ကျန်စစ်သားမင်း နန်းတည် ကျောက်စာ၊ အာနန္ဒစန္ဒြ ကျောက်စာ၊ ခင်ဘကုန်း ရွှေပေလွှာ တို့ကိုလည်း ယဉ်ကျေးမှု မှတ်တမ်း အမွေအနှစ် အဖြစ် စာရင်းဝင်ရေး ဆက်လက် တင်သွင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

UNESCO Memory of the World အစီအစဉ်ကို ၁၉၉၂ ခုနှစ်က စတင်ဖွဲ့စည်း ခဲ့သည်။ ၄င်း အစီအစဉ်၏ ရည်ရွယ်ချက်မှာ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်များ သည် လူသား အားလုံးနှင့် သက်ဆိုင် သောကြောင့် ၄င်းအမွေအနှစ် များကို ပြုပြင် ထိန်းသိမ်းရန် ၊ ကာကွယ် စောင့်ရှောက်၍ ဒေသအလိုက် နိုင်ငံအလိုက်နှင့် နိုင်ငံတကာ ဆိုင်ရာ အဆင့်များတွင် မှတ်တမ်း အမွေအနှစ် များကို သိမြင် အလေးထားမှု မြှင့်တင်ရန်၊ အပြန်အလှန် နားလည် အလေးထားရန်နှင့် ၄င်းတို့အတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး၊ အကူအညီ ပံ့ပိုးပေးရေး တို့ကို ဆောင်ရွက်ရန် ဖြစ်သည်။

UNESCO အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် Nomination တင်သွင်းရာတွင် (၂)နှစ်လျှင် မှတ်တမ်း အမွေအနှစ် နှစ်ခုထိ တင်သွင်းနိုင်ကြောင်း သတ်မှတ် ထားသည်။ ၁၉၉၂ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်ထိ နိုင်ငံပေါင်း ၁ဝ၂ နိုင်ငံမှ မှတ်တမ်း အမွေအနှစ်၂၉၉ ခုကို UNESCO Memory of the World မှ Register အဖြစ် သတ်မှတ်ပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၁ ခုနှစ်က အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့၌ ကျင်းပခဲ့သော 2nd Regional Trading Workshop on the UNESCO Memory of the World အလုပ်ရုံ ဆွေးနွေးပွဲတွင် အဆိုပါ အမွေအနှစ် ခြောက်ခုကို တင်ပြခဲ့ခြင်း ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။ (၁၈ဝ)

ရတနာပုံနေ့စဉ် ၊ စာ(၅)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger