www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 6, 2015

အင်ဒိုနီးရှားတောမီး နှစ် ၂၀ အတွင်း အဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်


အင်ဒိုနီးရှားတောမီး နှစ် ၂၀ အတွင်း အဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်

နှစ်စဉ်နှစ်တိုင်း လိုလိုကြုံတွေ့ နေရတဲ့ အင်ဒိုနီးရှား တောမီးက ဒီနှစ်မှာ အဆိုးရွားဆုံး အဆင့်ကို ရောက်ရှိနေပြီး အခုဆိုရင် နိုင်ငံရဲ့ အကြီးဆုံးကျွန်းကြီး ဖြစ်တဲ့ စူမားတြားကျွန်းကြီး တစ်ခုလုံးကို တောမီးက ဝါးမျို နေပါပြီ။ မီးခိုးမြူတွေ ကလဲ အိမ်နီးချင်းနိုင်ငံ တွေဖြစ်ကြတဲ့ မလေးရှားနဲ့ စင်ကာပူ တို့ထိ ဖုံးလွှမ်းနေတဲ့ အတွက် သုံးနိုင်ငံ စလုံးက လူတွေ အတိဒုက္ခ ရောက်နေပြီး တောမီး မှတ်တမ်းမှာ အခုနှစ် အင်ဒိုနီးရှား တောမီးဟာ အဆိုးရွားဆုံး ဖြစ်လာနိုင်တယ် လို့ နာဆာက ထုတ်ပြန်ကြေညာ ထားပါတယ်။

လွန်ခဲ့တဲ့နှစ်ပတ် ကတည်းက စူမားတြား ကျွန်းဆွယ် ရီအောင်ပြည်နယ် မှာ လောင်နေတဲ့ တောမီးကို မငြှိမ်းသတ် နိုင်သေးပါဘူး။ မီးခိုးမြူတွေကို ရှူမိလို့ လူထောင်ပေါင်း များစွာ နေထိုင်မကောင်း ဖြစ်နေကြ ပါတယ်။ ကျောင်းတွေကိုလဲ ပိတ်ထားရပြီး လေယာဉ်ခရီးစဉ် တွေကိုလဲ ဖျက်သိမ်း ထားရပါတယ်။ မျက်နှာကို တစ်ခုခုနဲ့ မဖုံးအုပ်ဘဲ ဘယ်သူမှ အသက်မရှူနိုင် ကြပါဘူး။

စက်တင်ဘာ ၂၉ ရက် ကတည်းက ရီအောင်ပြည်နယ် ရဲ့မြို့တော် ပီကန်ဘာရူ ကနေ တစ်ပြည်နယ် လုံးကို အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာထား ပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှူး ရုံးခန်းရှေ့မှာ စုရုံးရောက်ရှိ နေတဲ့ လူရာထောင်ချီ တို့ကလဲ မိုးရွာသွန်း ပါစေလို့ ငိုကြွေး ဆုတောင်း ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ မီးတောက် မီးလျှံကြီး တွေက ဆက်လက်ကြီးထွား လာနေပြီး ဘော်နီယို ကျွန်းစု ဘက်ကိုပါ မီးကူးနေပြီ ဖြစ်ပါတယ်။

မီးတောက်ကြီးတွေ ပေါ်ကို လေယာဉ်တွေနဲ့ ရေဗုံးတွေ ကြဲချနေပြီး Cloud Seeding လို့ခေါ်တဲ့ တိမ်တွေ ဖြစ်လာအောင် ဓာတုပစ္စည်းနဲ့ ပြုလုပ်တဲ့ နည်းကိုလဲ သက်ဆိုင်ရာက အသုံးပြု နေပါတယ်။ အောက်တိုဘာ ၃ ရက် ကတော့ ဂျကာတာ အစိုးရဟာ တောင်ပိုင်း စူမားတြား တောမီးကို ငြှိမ်းသတ်ဖို့ စစ်တပ် အင်အားကို စတင်အသုံးပြု ခဲ့ပြီး အဲဒီ တစ်ရက်တည်း မှာ စစ်သည် အင်အား ၁ဝဝဝ ကျော်ကို စေလွှတ်ခဲ့ ပါတယ်။

အင်ဒိုနီးရှား အစိုးရက တစ်ဖက်မှာ တောမီးကို ငြှိမ်းသတ်နိုင်ဖို့ အပြင်းအထန် ကြိုးစား နေရသလို တစ်ဖက်မှာလဲ အိမ်နီးချင်း နိုင်ငံတွေရဲ့ ဖိအားပေးမှုကို ကြံ့ကြံ့ခံ နေရပြီး ဆေးရုံဆေးခန်း တွေမှာလဲ မီးခိုးမြူတွေ ရှူမိလို့ အသက်ရှူကျပ်ပြီး ရောက်လာတဲ့ လူနာဦးရေ ၂၂၅ဝဝ ရှိနှင့်နေပြီ ဖြစ်ပါတယ်။ တောင်ပိုင်း စူမားတြား တစ်နေရာ တည်းမှာ လူပေါင်း တစ်သိန်းကျော်ကို အသက်ရှူ နိုင်အောင် ရှေးဦး သူနာပြုစု ပေးခဲ့ရပြီး ဖြစ်ပါတယ်။

ဒီမီးခိုးမြူ တွေကြောင့် အောက်တိုဘာ ၃ ရက်မှာ စတင် ကျင်းပမယ့် စင်ကာပူနိုင်ငံ Grand Prix ကားပြိုင်ပွဲ ကိုလဲ ဖျက်သိမ်းခဲ့ရ ပါတယ်။ မလေးရှားနိုင်ငံ မှာ ကျောင်းတွေ ပိတ်လို့ နေရပ်ကို ပြန်ကြတဲ့ ကျောင်းသား ကျောင်းသူ ၁ ဒသမ ၅ သန်းထက် မနည်း ရှိနေပြီ ဖြစ်ပါတယ်။

အင်ဒိုနီးရှား တောမီးဟာ ဒီနှစ်မှ လောင်တာ မဟုတ်ပါဘူး။ နှစ်စဉ်နှစ်တိုင်း ဆိုသလို အစဉ်အလာ မပြတ် လောင်ကျွမ်း နေခြင်း ဖြစ်ပါတယ်။ အဓိကတရားခံ ကတော့ ဆီအုန်းပင် စိုက်ပျိုးရေး သမားတွေရဲ့ ရိတ်သိမ်းပြီး စားအုန်းပင်ဟောင်း တွေကို တောကြို အုံကြားထဲ ယူသွားပြီး သက်ဆိုင် ရာ အာဏာပိုင်တွေ မသိအောင် မီးရှို့ဖျက်ဆီး ရာက စတင်တာ ချည်းပဲ ဖြစ်ပါတယ်။ နှစ်တိုင်း ဖြစ်နေတဲ့ ပြဿနာကို အင်ဒိုနီးရှား အစိုးရက ထိရောက် စွာ တားဆီးနိုင်ခြင်း မရှိတဲ့အပြင် ဒီနှစ်မှာဆိုရင် မှတ်တမ်း တစ်လျှောက်မှာ အဆိုးရွားဆုံး တောမီးလို့တောင် သတ်မှတ် ရတော့မယ့် ဒီတောမီးက ပြင်းထန်ကြီးမား လာနေပါတယ်။

အင်ဒိုနီးရှားရဲ့ ကာလီမန်တန်ကျွန်း ဒါမှမဟုတ် စူမားတြားကျွန်း ကို နွေရာသီမှာ သွားရောက် လည်ပတ်ကြည့်မယ် ဆိုရင် စိုက်ပျိုးရေး လုပ်ငန်းတွေ အတွက် မြေနေရာ ရှင်းလင်းဖို့ တောင်ယာမီးရှို့ ကြတာ၊ အမဲလိုက်ဖို့ တောမီးရှို့ ကြတာတွေဟာ လုပ်ရိုးလုပ်စဉ် ပါလားဆိုတာ သဘောပေါက် သွားမှာဖြစ်ပြီး အပျော်တမ်း တောမီးရှို့တဲ့ ဓလေ့တောင် ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့်လဲ နှစ်စဉ်နှစ်တိုင်း ဆိုသလို အင်ဒိုနီးရှား တောမီးက ရိုးရာမပျက် လောင်ကျွမ်းနေခြင်း ဖြစ်ပြီး မလေးရှားနဲ့ စင်ကာပူ တို့လို တောမီးရဲ့ဒဏ်ကို တိုက်ရိုက်ခံရတဲ့ နိုင်ငံတွေက အကြီးအကျယ် ကန့်ကွက်လေ့ ရှိပါတယ်။ ဒီမီးခိုးမြူ တွေကြောင့် ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု ကျဆင်းပြီး ကျောင်းတွေ၊ ဈေးတွေ၊ ရုံးတွေ ပိတ်ထားရပြီးတော့ လူထု ကျန်းမာရေး ထိခိုက်တဲ့ကိစ္စမို့ အစိုးရ အဖွဲ့တွေ သည်းမခံနိုင်တာ သဘာဝကျ နေပါတယ်။

လက်ရှိ လောင်ကျွမ်းနေတဲ့ တောမီးဟာ နှစ်ပေါင်း များစွာမှာ အကြာဆုံး တောမီးဖြစ်နေပြီး လက်ရှိ ဖြစ်ပွားနေတဲ့ အယ်လ်နီညို ဖြစ်စဉ်ကြောင့်လဲ ခြောက်သွေ့ မှု အခြေအနေကို ပိုပြီးဆိုးရွား နေစေတာ ဖြစ်ပါတယ်။ အယ်လ်နီညို ဖြစ်စဉ် ဆိုတော့လဲ မိုးရွာဖို့က မရှိသေးပါဘူး။ အင်ဒိုနီးရှား နိုင်ငံဟာ ဒီတောမီးကို လူအားနဲ့ပဲ ငြှိမ်းသတ်ရမှာ ဖြစ်ပါတယ်။ ဒီလောက်အထိ ဆိုးရွားတဲ့ တောမီးမျိုး အင်ဒိုနီးရှား နိုင်ငံမှာ ၁၉၉၇ ခုနှစ်က တစ်ကြိမ် လောင်ကျွမ်းခဲ့ပြီး ၂ဝ၁၅ ခုနှစ် တောမီးကလဲ ၁၉၉၇ ခုနှစ်က တောမီး ထက်တော့ မလျော့တော့ ဘူးလို့ နာဆာ က ပြောပါတယ်။

အခုဆိုရင် အင်ဒိုနီးရှား အစိုးရက စစ်သည်၊ ရဲတပ်ဖွဲ့ဝင် တွေနဲ့ အခြား အမှုထမ်းတွေ အနည်းဆုံး တစ်သိန်း လောက်ကို စူမားတြားနဲ့ ကာလီမန်တန်ကျွန်း တွေပေါ် စေလွှတ် ထားပါတယ်။ ရေဗုံးတွေကြဲ၊ တိမ်အတုတွေ လုပ်ပြီး အပြင်းအထန် ကြိုးစားနေ ပေမယ့် နောက်ထပ် တစ်လအတွင်း မိုးရွာဖို့ မရှိဘူးလို့ သိရပါတယ်။ ဒီတောမီးကြောင့် ကမ္ဘာ့လေထုထဲကို ဖန်လုံအိမ် ဓာတ်ငွေ့တန်သန်း ၆ဝဝ ထက်မနည်း ရောက်ရှိသွားပြီး ဖြစ်တဲ့အတွက် ကမ္ဘာ့ ရာသီဥတု ကိုလဲ ထိခိုက်ပြောင်းလဲ စေတော့မှာ ဖြစ်ကြောင်း နာဆာ က ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ ကတည်းက အင်ဒိုနီးရှား တောမီးပြဿနာ စတင်ရတဲ့ အကြောင်းရင်းက ဆီအုန်းပင် စိုက်ပျိုးရေး သမားတွေ လက်လွတ်စပယ် မီးရှို့ကြတာ ဖြစ်ပြီး အမဲလိုက်ဖို့နဲ့ အပျော်တမ်း သဘော တောမီးရှို့ကြလို့ ဖြစ်တာကို သိရပြီးတဲ့ နောက် အနောက်နိုင်ငံ တွေကလဲ အင်ဒိုနီးရှားကို တောမီးအရေး ကိစ္စ စနစ်တကျ ဖြေရှင်း ဆောင်ရွက်ဖို့ တိုက်တွန်း လာတယ် ဆိုတာကို လေ့လာရေးသား တင်ပြလိုက်ရ ပါတယ်။

ရတနာပုံနေ့စဉ် ၊ စာ(၃၂)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger