www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 16, 2015

ဂျပန်နိုင်ငံ၌ကျင်းပမည့် ပန်းချီအနုပညာဖလှယ်ပွဲတွင် မြန်မာပန်းချီဆရာ ၇ ဦးပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း သိရ


ပြပွဲကျင်းပမည် Tokyo Metropolitan Art Museum

ရန်ကုန် ၊ ၁၆-၁၀-၂၀၁၅

ဂျပန်နိုင်ငံတွင် ကျင်းပမည့် (၁၅) ကြိမ်မြောက် ပန်းချီအနုပညာ ဖလှယ်ပွဲတွင် မြန်မာ ပန်းချီဆရာ ခုနစ်ဦး ပါဝင်ပြသရန် ဖိတ်ခေါ် ထားကြောင်း သိရသည်။

အဆိုပါပွဲကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်မှ ၁ဝ ရက်ထိ ဂျပန်နိုင်ငံ တိုကျို မြို့ရှိ ထင်ရှားသော Tokyo Metropolitan Art Museum ၌ ကျင်းပမည် ဖြစ်ပြီး အရှေ့တောင် အာရှနိုင်ငံများ အပါအဝင် အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ ကိုရီးယား စသည့်နိုင်ငံ များမှ အနုပညာရှင် များလည်း ပါဝင်ပြသ ကြမည်ဖြစ်သည်။

့The 15th International Calligraphy and Painting Exchange Exhibition အမည်ဖြင့် ပြသမည့် အဆိုပါပွဲတွင် မြန်မာနိုင်ငံမှ ပန်းချီ ဆရာကြီး ဦးလွန်းကြွယ်၊ ပန်းချီ စိုးမိုး ၊ ပန်းချီ တင်ဝင်း (ဗိဿနိုး) ပန်းချီသားကြီး၊ ပန်းချီ ခင်ဇော်လတ် ၊ ပန်းချီ လွန်းဖေ နှင့် ပန်းချီ မွန်သက် တို့က ပါဝင်ပြသ ကြမည်ဖြစ်ပြီး ထို ပန်းချီ အနုပညာရှင်များကို ဂျပန်နိုင်ငံရှိ Japan International Calligraphy and Painting Exchange Association မှ ဥက္ကဋ္ဌ ဖြစ်သူ Fukuda Shusen က ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

''ကျွန်တော်တို့တွေ ဒီဘက်နှစ် တွေမှာ ပြည်တွင်းပြပွဲ တွေထက် ပြည်ပက အလုပ်ရုံ ဆွေးနွေးပွဲတွေ ၊ အနုပညာ ဖလှယ်ပွဲတွေ လုပ်ဖြစ်တဲ့အခါ နိုင်ငံတကာက ပန်းချီဆရာ တွေနဲ့ ပိုပြီးထိတွေ့ခွင့် ရတယ်။ သူတို့ကလဲ မြန်မာ့ပန်းချီကို ပိုပိုပြီး စိတ်ဝင်စား လာတယ်။ ကိုယ်တွေရဲ့ အနုပညာ ဖန်တီးမှု တွေကိုလဲ ယုံကြည်တဲ့အခါ အခုလိုမျိုး ပြပွဲကိုဝင်ပြဖို့ ပြခန်းပိုင်ရှင် တွေကိုယ်တိုင်က ကမ်းလှမ်းတာပါ။ အခုပြမယ့် ပြပွဲဆို လွန်ခဲ့တဲ့ သုံးနှစ်က ကြိုပြီး စီစဉ်ထားတဲ့ ပွဲကြီးပါ။ ကျွန်တော်ကတော့ ဒီပြပွဲမှာ လွန်ခဲ့တဲ့ သုံးနှစ်က ဆွဲခဲ့တဲ့ပန်းချီကို ပြန်ပြဖို့ စိတ်ကူး ထားတယ် '' ဟု ပန်းချီ သားကြီး က ပြောပြသည်။

ပြပွဲတွင် ပန်းချီဆရာ တစ်ဦးလျှင် ခြောက်ပေ ပတ်လည်ထက် မကြီးသော ပန်းချီကား ငါးကားစီပါဝင် ပြသ နိုင်မည်ဖြစ်ပြီး အကြောင်းအရာ ၊ ရေးဟန်ပိုင်း ဆိုင်ရာကို ကန့်သတ် ထားခြင်းမရှိဘဲ နှစ်သက်ရာ အလိုက် ပြသနိုင်ကြောင်း၊ သွားရောက် ပြသမည့် ပန်းချီကား များကိုလည်း ယခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် နောက်ဆုံးထားကာ ဂျပန်နိုင်ငံသို့ ပေးပို့ရမည် ဖြစ်ပြီး ယခုကဲ့သို့ အဆိုပါ အဖွဲ့က ပြသရန် ဖိတ်ကြားမှုမှာ ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၄)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger