www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 19, 2015

အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်


အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်

မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံ များသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက် နေကြရာတွင် ယနေ့ခေတ် လူသားများ အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်ပြီး အနာဂတ် မျိုးဆက် များ၏ စွမ်းဆောင်ရည် ကိုလည်း မလျော့ပါး စေသည့် ဖွံ့ဖြိုး တိုးတက်မှု များကို ဖော်ဆောင် နေကြရသည်။

ပစ္စုပ္ပန်နှင့် အနာဂတ် အတွက် ရေရှည်အကျိုး ဖြစ်ထွန်းစေရန်မှာ ကမ္ဘာကြီး ပူနွေးလာမှု၊ ရာသီဥတု ဖောက်ပြန်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု တို့ကို ဖြစ်ပေါ်စေသော ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု ကို လျှော့ချရန်နှင့် တစ်ချိန်တည်း မှာပင် ပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိစေပြီး တစ်ဦးချင်း ဝင်ငွေ မြင့်မားရေးတို့ အတွက် အစိမ်းရောင် စီးပွားရေး လုပ်ငန်းများကို အကောင်အထည် ဖော်ရမည် ဖြစ်သည်။

ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတု ဖောက်ပြန်မှုများ လျော့နည်း စေရန် ကမ္ဘာ့နိုင်ငံများ၏ ကြိုးပမ်းမှုများမှာ ၁၉၉၂ ခုနှစ်တွင် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး မြို့၌ ကမ္ဘာမြေ ထိပ်သီး ညီလာခံ  ကျင်းပ၍ ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်ကို ချမှတ်ခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်တွင် ကမ္ဘာ့ ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက်များ ချမှတ်ရာ၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ထည့်သွင်းခဲ့သည်။ ၂ဝဝ၂ ခုနှစ်တွင် တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက်စ်ဘတ် မြို့၌ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုဆိုင်ရာ ကမ္ဘာ့ထိပ်သီး ညီလာခံ ကျင်းပ၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များ ချမှတ်ခဲ့သည်။ ၂ဝ၁၂ ခုနှစ်တွင် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး မြို့၌ ကမ္ဘာမြေ ကယ်တင်ရေး ထိပ်သီး ညီလာခံ RIO+20 ကျင်းပ၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ ချမှတ် ခဲ့ကြသည်။

မြန်မာနိုင်ငံသည် ရေမြေနှင့် သစ်တော သယံဇာတ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သည့် အားလျော်စွာ မြေ သယံဇာတကို အကျိုးရှိအောင် စနစ်တကျ စီမံခန့်ခွဲ အသုံးချခြင်းဖြင့် အစိမ်းရောင် စီးပွားရေးကို အကောင် အထည်ဖော် နိုင်ကြောင်း ပညာရှင်များ လေ့လာသုံးသပ် ထားကြသည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာ ဝန်ကြီးဌာနက ဆောင်ရွက်နေသည့် သစ်တော ပြုန်းတီးနေသော မြေနေရာများတွင် သစ်တော စိုက်ခင်းများ တည်ထောင်ခြင်း၊ သီးနှံစိုက်ခင်း ရောနှော စိုက်ခင်းများ တည်ထောင်ခြင်း နှင့် အစုအဖွဲ့ပိုင် သစ်တောများ တည်ထောင် ခြင်းတို့သည် မြေပြိုခြင်းကို ကာကွယ်၍ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် ရေးကို အထောက်အကူ ပြုပြီး ဒေသခံ ပြည်သူများ အတွက်ပါ အကျိုးစီးပွား ဖြစ်ထွန်းစေသည့် အစိမ်းရောင် စီးပွားရေး လုပ်ငန်းများပင် ဖြစ်သည်။

စိုက်ပျိုးရေး လုပ်ငန်းများတွင် ဓာတ်မြေသြဇာကို အသုံးပြုမည့် အစား သဘာဝ မြေသြဇာ အသုံးပြုခြင်း၊ ဓာတု ပိုးသတ်ဆေးများ အသုံးပြုမည့် အစား ပတ်ဝန်းကျင် ထိခိုက်မှု မရှိသည့် အပင်နှင့် အကိုင်းအခက် အရွက်များမှ ထုတ်ယူရရှိသော သဘာဝ မြေသြဇာကို အသုံးပြုခြင်းဖြင့် ပတ်ဝန်းကျင်နှင့် စားသုံးသူများ အတွက် အန္တရာယ်ကင်း စေနိုင်သဖြင့် စားသုံးသီးနှံများ ဈေးကွက် ပိုမိုရရှိနိုင်သည်။ ကုန်ထုတ် လုပ်ငန်းများနှင့် ဝန်ဆောင်မှု လုပ်ငန်း များတွင် ရုပ်ကြွင်း လောင်စာများ အသုံးပြုမည့် အစား ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်များ အသုံးပြုခြင်း နှင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် သဘာဝ အလင်းရောင်နှင့် သဘာဝ စွမ်းအင် လုံလောက်စွာ ရရှိစေရန် ပုံစံထုတ် ဆောက်လုပ်ခြင်း၊ မြို့ပြများတွင် ပန်းခြံနှင့် ဥယျာဉ်များ တည်ထောင်ခြင်း စသည်တို့ မှာလည်း အစိမ်းရောင် စီးပွားရေး လုပ်ငန်းများပင် ဖြစ်သည်။

သို့ဖြစ်၍ ရာသီဥတု ဖောက်ပြန်မှုနှင့် လွန်ကဲမှု တို့ကြောင့် လူသားတို့ ရင်ဆိုင်ကြုံတွေ့ နေကြရသော သဘာဝ ဘေးအန္တရာယ် လျော့နည်းစေရန် ကာဗွန် ထုတ်လွှတ်မှု လျော့နည်းသော အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား ပြည်သူများ အတူတကွ ပူးပေါင်းကြိုးပမ်း ဖော်ဆောင်ကြ ပါရန် မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger