www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 10, 2015

အင်းလေးဒေသရှိ ရွှေအင်းတိန် သမိုင်းဝင်ဘုရား များအား ရှေးမူလက်ရာမပျက် ပြင်ဆင်ထိန်းသိမ်းမှု ပြုလုပ်မည်



ညောင်ရွှေ ၊ ၁ဝ-၁ဝ-၂ဝ၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ရှေးဟောင်း သမိုင်းဝင် ရွှေအင်းတိန် ဘုရားပရိဝုဏ် အတွင်းတွင် ဘုရား အဆူပေါင်း ၁ဝ၅၄ ဆူရှိသည့် အနက်မှ ၃၇၂ ဆူအား ရှေးမူလက်ရာ မပျက် ပြင်ဆင် ထိန်းသိမ်းမှု ပြုလုပ်ခဲ့ပြီး ဖြစ်ရာ ပြင်ဆင်ရန် ကျန်ရှိနေသည့် ဘုရား ၁ဝ ဆူအား ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပြင်ဆင်မည် ဖြစ်ကြောင်း သိရသည်။

ရွှေအင်းတိန် ဘုရား စေတီတော် များသည် မွေတော်ကက္ကူ ဘုရားများနှင့် သဏ္ဌာန်ချင်း ဆင်တူသည်။ အဆိုပါ စေတီဘုရား အနီး တစ်ဝိုက်တွင် အင်းတိန် လှေဆိပ်၊ ပန်းချီပြခန်းများ၊ အမှတ်တရ လက်ဆောင် ပစ္စည်းဆိုင်များ၊ ရွှေအင်းတိန် ဈေးများ ရှိပြီး အဆိုပါ ရှေးဟောင်း ဘုရားများသို့ နိုင်ငံခြားခရီးသွား ဧည့်သည်များ လာရောက် လေ့လာ လည်ပတ်မှု များပြား သောကြောင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ကွယ် မသွားစေရန် ရှေးမြန်မာမှု လက်ရာမပျက် ပြန်လည်ပြုပြင် လုပ်ကိုင် ဆောင်ရွက်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

သမိုင်းဝင် ရွှေအင်းတိန် စေတီတော်များ ကို အနော်ရထာ မင်းကြီး လက်ထက်တွင် ပထမအကြိမ် ပြုပြင်ခဲ့ပြီး ထိုအချိန်၌ပင် ဘုရားအား ထပ်ဆင့်တည် ထား၍ ဝတ္တကမြေ၊ မိုးအရံ အစောင့်ကျွန် များကို လှူဒါန်းခဲ့သည်။

အရံစေတီပေါင်း ၁ဝ၅၄ ဆူရှိပြီး ဘုရား စောင်းတန်းကြီး တွင် ပါဝင် တည်ဆောက် ထားသော တိုင်လုံး အရေအတွက်မှာ ၄ဝ၃ လုံးရှိကြောင်း သိရသည်။ အရှည်မှာ ၃ ဒသမ ၃ ဖာလုံရှိကြောင်း သိရသည်။ ထို့ကြောင့် ရှေးမူလက်ရာ မပျက်ပြင်ဆင် ထိန်းသိမ်းရန် ကျန်ရှိသည့် ဘုရားများမှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်း ပြင်ဆင် ထိန်းသိမ်းရန် ကျန်ရှိသည့် ၁ဝ ဆူအား ပြန်လည် ပြင်ဆင်ခြင်းများ ထပ်မံ ပြုလုပ်သွားမည် ဖြစ်သည်။

ထိုသို့ ရှေးဟောင်း ဘုရားများ ဖြစ်သဖြင့် ရေရှည်ကြံ့ခိုင်မှု ရှိစေရန် ရှေးမူမပျက် ပြင်ဆင်မည် ဖြစ်ပြီး မူလအတိုင်းသာ ထားရှိ ပြုပြင်သွားမည် ဖြစ်ကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger