www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 13, 2015

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ငလျင်လှုပ်ခတ် နိုင်ခြေရှိသည့် မြေပုံ ရေးဆွဲလျက်ရှိ



ရန်ကုန် ၊ ၁၃-၁ဝ-၂ဝ၁၅

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် ငလျင်လှုပ်ခတ် နိုင်ခြေရှိသည့် မြေပုံကို ရေးဆွဲလျက် ရှိပြီး ယခုအချိန်တွင် ရန်ကုန်၊ မန္တလေးနှင့် တခြားသော မြို့ကြီးများ အတွက် ငလျင် ဖြစ်နိုင်ခြေ မြေပုံကို ရေးဆွဲပြီးစီး သွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ သိရသည်။

မြန်မာနိုင်ငံ၌ အင်အားပြင်းသော မြေငလျင် လှုပ်ခတ် ခဲ့သည်မှာ နှစ်ပေါင်း ၈ဝ ကျော် ကြာမြင့်ပြီ ဖြစ်သဖြင့် စစ်ကိုင်း ငလျင်ကြော ပေါ်ရှိ ဒေသများ ဖြစ်သော နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ မိတ္ထီလာ၊ ဝန်းသို၊ ဖြူး၊ ဆွာနှင့် ပဲခူးမြို့ အပါအဝင် မြို့ကြီးများမှာ အင်အားပြင်း မြေငလျင် တစ်ဖန် ပြန်လည်လှုပ်ခတ် နိုင်သည့် အခြေအနေ ရှိကြောင်း မြေငလျင် ကျွမ်းကျင် ပညာရှင်များက သတိပေး ပြောကြားသည်။

မြန်မာနိုင်ငံ၏ အဓိက ငလျင်ကြောကြီး များဖြစ်သော ရခိုင်ငလျင်ကြော၊ စစ်ကိုင်း ငလျင်ကြော၊ ကျောက်ကြမ်း ငလျင်ကြော၊ သံလွင် ငလျင်ကြော နှင့် ဟူးကောင်း ငလျင်ကြော ဟူ၍ ငလျင်ကြော ငါးခုရှိပြီး သဘာဝ ဘေးအန္တရာယ် အနေဖြင့် ပျက်စီးဆုံးရှုံးမှု များပြားသည့် နေရာမှာ စစ်ကိုင်းငလျင်ကြော ဖြစ်ကြောင်း မြေငလျင် ကော်မတီ မှတ်တမ်းများ အရ သိရသည်။

နီပေါနိုင်ငံ၌ ပြင်းအားမြင့် ငလျင်ကြီး လှုပ်ခတ်ခဲ့ကာ နှစ်ပေါင်း ၈ဝ ကျော်အကြာ ယခုနှစ် ဧပြီ ၂၅ ရက်တွင် အင်အား ရစ်ခ်ျစတာစကေး ၇ ဒသမ ၈ အဆင့်ရှိ ဧရာမငလျင်ကြီး လှုပ်ခတ် ခဲ့ကြောင်း၊ ၁၉၃ဝ ပြည့်နှစ် ပဲခူး ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး နောက်နှစ်ပေါင်း ၈ဝ ကျော်အကြာ လက်ရှိ အချိန်သည် ပဲခူးမြို့ အပါအဝင် မြို့ကြီးတချို့၌ အင်အားပြင်း မြေငလျင် လှုပ်ခတ်နိုင်သည့် အန္တရာယ် ရှိသဖြင့် သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကိုင်း ပြတ်ရွေ့သည် မြောက်ဘက် ပူတာအို၊ မြစ်ကြီးနား၊ တကောင်းမှ ဧရာဝတီ မြစ်ကြောင်း အတိုင်း ပဲခူးရိုးမ အရှေ့ခြမ်းနှင့် သုံးခွမြို့ အနီးမှ ဖြတ်သန်း သွားပြီး မြန်မာနိုင်ငံ အတွင်း ကီလိုမီတာ ၁ဝဝဝ ခန့် ရှည်လျားသည့် ပြတ်ရွေ့တစ်ခု ဖြစ်ကာ ငလျင်လှုပ်ခတ် နိုင်သည့် အဆစ်အပိုင်း ၁ဝ ခုရှိကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ သိရသည်။

ယင်းသို့ မြေငလျင် အန္တရာယ်မှာ အချိန်အခါမရွေး ကျရောက် နိုင်သည့်အတွက် ရန်ကုန်မြို့ အပါအဝင် ဒေသ အသီးသီး၌ အဆောက်အအုံများ ဆောက်လုပ်ရာတွင် စံချိန်စံညွှန်း သတ်မှတ်ချက် နှင့်အညီ ငလျင်ဒဏ်ခံနိုင်ရည် ရှိစေရန် တည်ဆောက် သင့်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger