ရန်ကုန် ၊ ၁၄-၉-၂၀၁၅
မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် များဖြင့် ထိုင်းနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ လည်ပတ်မည့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များနှင့် အိန္ဒိယနိုင်ငံမှ တရုတ်နိုင်ငံသို့ လည်ပတ်မည့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံ သို့ ဝင်ရောက် လည်ပတ် နေကြကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန သတင်းများ အရ သိရသည်။
ယခုနှစ် မိုးရာသီတွင် ခရီးသွားရာသီ မဟုတ်သော်လည်း နယ်စပ် ဝင်ပေါက်များမှ နိုင်ငံတကာ ခရီးသွား ဧည့်သည်များ အဆက်မပြတ် ဝင်ရောက် လည်ပတ်နေခဲ့ ကြရာ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၏ကြီးကြပ်မှု၊ ခရီးသွား ကုမ္ပဏီများ၏ စီစဉ် ဆောင်ရွက်မှု များဖြင့် နယ်စပ် ၀င်ပေါက် ၊ ထွက်ပေါက် များမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ၊ မော်တော်ယာဉ်များ၊ မော်တော် ဆိုင်ကယ်စီး ခရီးစဉ်များဖြင့် ဝင်ရောက် လည်ပတ်လျက် ရှိရာ Shwe Sin Yeik Ngyein International Co.,Ltd ၏ စီစဉ် ဆောင်ရွက်မှုဖြင့် သြစတြေးလျ နိုင်ငံသား ဧည့်သည် နှစ်ဦးသည် မော်တော် ဆိုင်ကယ် နှစ်စီးဖြင့် မြဝတီမြို့မှ လည်ပတ် ခဲ့ကြပြီး မင်္ဂလာရှုခင်း ခရီးသွားကုမ္ပဏီ၏ စီစဉ် ဆောင်ရွက်မှုဖြင့် အိန္ဒိယနိုင်ငံသူ သုံးဦးတို့သည် မော်တော်ယာဉ် တစ်စီးဖြင့် တမူးမြို့မှ ဝင်ရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။
မော်တော်ဆိုင်ကယ် နှစ်စီးဖြင့် မြဝတီမြို့မှ ဝင်ရောက် လည်ပတ် ခဲ့ကြသည့် သြစတြေးလျ နိုင်ငံသား ဧည့်သည် နှစ်ဦးသည် ကျိုက်ထီးရိုး၊ ရန်ကုန်၊ နေပြည်တော်၊ အင်းလေး၊ ပင်းတယ၊ အင်းဝ၊ မင်းကွန်း၊ မန္တလေး၊ ပုပ္ပား၊ ပုဂံ၊ မုံရွာ၊ ကလေး မြို့တို့သို့ သွားရောက် လည်ပတ် ခဲ့ကြပြီး တမူးမြို့မှ အိန္ဒိယနိုင်ငံသို့ ထွက်ခွာ သွားခဲ့ကြသည်။
ထို့အတူ မော်တော်ယာဉ် တစ်စီးဖြင့် တမူးမြို့မှ ဝင်ရောက် လာကြသည့် အိန္ဒိယနိုင်ငံသူ သုံးဦးသည် ကလေး- ဂန့်ဂေါ- မုံရွာစစ်ကိုင်း- မန္တလေး- ပြင်ဦးလွင် - နောင်ချို- ကျောက်မဲ- သီပေါ - လားရှိုး-သိန်းနီ-ကွတ်ခိုင်မြို့တို့ သို့ သွားရောက် လည်ပတ်ကာ ထို့မှတစ်ဆင့် မူဆယ်မြို့မှ တရုတ်နိုင်ငံသို့ ထွက်ခဲ့သွား ခဲ့ကြောင်း သိရသည်။
မိုးရာသီ ကာလသည် ခရီးသွားရာသီ မဟုတ်သော်လည်း ယခုနှစ် မိုးရာသီတွင် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များသည် တစ်ဦးချင်း သော်လည်းကောင်း၊ အစုအဖွဲ့ဖြင့် သော်လည်းကောင်း၊ ပြည်ပ မော်တော်ယာဉ်များ၊ မော်တော် ဆိုင်ကယ်စီး ခရီးစဉ်များဖြင့် အဆက်မပြတ် လာရောက် လည်ပတ်မှုများ ရှိနေကြောင်း သိရသည်။ (၃၃၆)
ရတနာပုံနေ့စဉ် ၊ စာ(၄)
#Yadanarpondaily






No comments:
Post a Comment