www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 11, 2015

အင်ဒိုနီးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၄၂ ဦးပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၁၁-၉-၂၀၁၅

အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်ကျွန်းတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၂၆ ဦးသည် စက်တင်ဘာ ၉ ရက် နံနက် ၁၁ နာရီ မိနစ်၂ဝ တွင် လည်းကောင်း၊ ၁၆ ဦးသည် ယမန်နေ့နံနက် ၁၁ နာရီ မိနစ် ၂ဝ တွင် လည်းကောင်း မလေးရှား လေကြောင်းလိုင်း လေယာဉ် ခရီးစဉ် အမှတ် MH 740 ဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိ လာကြောင်း သိရသည်။

ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသား ၄၂ ဦးအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယ တပ်ဖွဲ့မှူး ရဲမှူးကြီး နေမိုးသက် နှင့် တာဝန်ရှိ သူများက ကြိုဆိုကြသည်။

မြန်မာနိုင်ငံသား ၄၂ ဦးအနက် ၂၆ ဦးတို့အား IOM မှစီစဉ်ပေးသော မော်တော်ယာဉ် များဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်း ဘုရားလမ်းရှိ လူမှုဝန်ထမ်း အတတ် သင် သိပ္ပံကျောင်းသို့ လည်းကောင်း၊ ကျန် ၁၆ ဦးတို့အား ကြည့်မြင်တိုင် မြို့နယ် နတ်စင်လမ်း ရှိ သာဓုစာသင်တိုက် သီရိမင်္ဂလာ ကျောင်းသို့ လည်းကောင်း တာဝန်ရှိ သူများက ပို့ဆောင် နေရာချထား ပေးခဲ့ပြီး လူကုန်ကူး ခံရသူများ ဟုတ်/ မဟုတ် အမှတ်(၆) လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ ရန်ကုန်နှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့က တွေ့ဆုံမေးမြန်း မှုများ ဆောင်ရွက်လျက် ရှိသည်။

ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသား ၄၂ ဦးတွင် တနင်္သာရီတိုင်း ဒေသကြီးမှ ၃၂ ဦး၊ မွန်ပြည်နယ်မှ သုံးဦး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့မှ နှစ်ဦးစီ၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ တစ်ဦးတို့ ဖြစ်ကြောင်း သိရပြီး တွေ့ဆုံ မေးမြန်းမှုများ ပြီးစီးပါက သက်ဆိုင်ရာ နေရပ်များသို့ IOM အစီအစဉ်ဖြင့် ပြန်လည်ပို့ဆောင် သွားမည် ဖြစ်သည်။ ထို့ပြင် တစ်ဦးလျှင် အင်ဒိုနီးရှား ပါတိတ် ရှပ်တစ်ထည်၊ ဘောင်းဘီရှည် တစ်ထည်၊ ဖိနပ် တစ်ရန်နှင့် နေရပ်ပြန်သည့် နေ့တွင် ငွေကျပ် နှစ်သိန်းစီ ထောက်ပံ့ ပေးရန် IOM မှ စီစဉ် ထားရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger