www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 14, 2015

တောင်ကိုရီးယား နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် အတွက် EPS စာမေးပွဲအောင်မှတ် မြှင့်လိုက်၍ အောင်မြင်သူနည်းပါး


ရန်ကုန် ၊ ၁၄-၈-၂၀၁၅

တောင်ကိုရီးယား နိုင်ငံသို့ သွားရောက်၍ အလုပ် လုပ်ကိုင်ရန် EPS (Employment Permit System) စာမေးပွဲ အောင်မှတ်များကို တိုးမြှင့်ခဲ့ရာ အောင်မြင်သူ နည်းပါးသွား သဖြင့် လုပ်သားဦးရေ လျော့နည်း သွားကြောင်း ပြည်တွင်း အလုပ်အကိုင် ဝန်ဆောင်မှု ကုမ္ပဏီ များထံမှ သိရသည်။

ယခင်က အောင်မှတ်ကို အမှတ် ၈ဝ သတ်မှတ်ပေးထား ခဲ့သော်လည်း ယခုအခါ ၈၃ မှတ်သို့ တိုးမြှင့် သတ်မှတ်လိုက် သဖြင့် အောင်မြင်သူ နည်းပါးသွားပြီး (၈)ကြိမ်မြောက် စာမေးပွဲ၌ အောင်မြင်သူ ဦးရေမှာ ၁၃ဝဝ ဝန်းကျင်သာ ရှိကြောင်း၊ ယခင်က တစ်ကြိမ်လျှင် လူဦးရေ ၄ဝဝဝ ကျော်အထိ အောင်မြင် ခဲ့ပြီး အလုပ်အကိုင်ရရှိခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယား နိုင်ငံသို့ လုပ်သား စေလွှတ်ခြင်း လုပ်ငန်း ဆောင်ရွက်နေသူ ဦးမျိုးဇော်က ''မြန်မာနိုင်ငံမှာ EPS စာမေးပွဲ ကျင်းပလာတဲ့ (၈)ကြိမ် မြောက်မှာ ၈၃ မှတ်နဲ့ ဖြတ်ချလိုက်တဲ့ အတွက် အောင်မြင်တဲ့သူ အရမ်းနည်း သွားတယ်။ အရင်အကြိမ် တွေက အမှတ် ၈ဝ နဲ့ အောင်မှတ် ပေးတာ ဖြစ်ပါတယ် ... ''ဟု ပြောသည်။

တောင်ကိုရီးယား EPS (Employment Permit System) စာမေးပွဲသို့ နှစ်စဉ် ဝင်ရောက် ဖြေဆိုသူမှာ များပြားပြီး (၈)ကြိမ်မြောက် ကျင်းပခဲ့သည့်စာမေးပွဲတွင် ဖြေဆိုသူ ၁၄ဝဝဝ ကျော်ရှိကာ အောင်မြင်ခဲ့သူ မှာ ၁၃ဝဝ ကျော်သာ ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ တောင်ကိုရီးယား နိုင်ငံသို့ လုပ်သားစတင် စေလွှတ်သည့် အကြိမ်မှစ၍ လုပ်သား ၃ဝဝဝဝ ဝန်းကျင် စေလွှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယား နိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ရန် အတွက် မြန်မာကျပ်ငွေ ခြောက်သိန်း ဝန်းကျင်ခန့် ကုန်ကျမည် ဖြစ်ပြီး တောင်ကိုရီးယား တွင် အခြေခံလစာ ၁၂ သိန်းနှင့် အထက် ပြန်လည် ရရှိကြောင်း၊ လက်ရှိ အချိန်တွင် တောင်ကိုရီးယား နိုင်ငံသို့ အလုပ် သွားရောက် လုပ်ကိုင်ရန် မြန်မာလုပ်သား ခေါ်ယူမှုမှာ နည်းပါးလာကြောင်း ပြည်တွင်းရှိ အလုပ်အကိုင် ဝန်ဆောင်မှု ကုမ္ပဏီတချို့ မှ သိရသည်။

EPS အောင်မြင်၍ တောင်ကိုရီးယား နိုင်ငံသို့ သွားရောက် အလုပ်လုပ် ကိုင်သည့် လုပ်သားများ အနေဖြင့် ၄င်းတို့ သတ်မှတ်ထားသည့် သက်တမ်း လေးနှစ်နှင့် ၁ဝလ ပြည့်ပြီးပါက မြန်မာနိုင်ငံ၌ သုံးနှစ် ပြန်လည် အနားယူ ရကြောင်း၊ ပြန်လည် ရောက်ရှိလာသူ များမှာ တောင်ကိုရီးယား နိုင်ငံ၌ သုံးနှစ်တိတိ အလုပ် လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး နိုင်ငံရေး ခိုလှုံခြင်းမရှိသူ၊ ပြစ်မှု ကင်းရှင်းသူ ဖြစ်ပါက CBT (Computer Basic Test) စာမေးပွဲအား ဖြေဆိုနိုင်ပြီးအောင်မြင်ပါက သုံးနှစ် မပြည့်ခင် ပြန်လည် သွားရောက် အလုပ် လုပ်ကိုင်ခွင့် ရှိကြောင်း သိရသည်။

လင်းသူ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger