www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 13, 2015

အင်္ဂလိပ်အက္ခရာ နံပါတ်ပြောင်းလဲရန် ကျန်ရှိသည့် ယာဉ်များကို သက်တမ်းလွန်ယာဉ် အဖြစ်သတ်မှတ်ကာ ဒဏ်ရိုက်အရေးယူမည်



ရန်ကုန် ၊ ၁၃-၈-၂၀၁၅

မြန်မာနိုင်ငံ၌ မော်တော်ယာဉ် များကို မြန်မာအက္ခရာ နံပါတ်ပြားများမှ အင်္ဂလိပ် အက္ခရာ ဖောင်းကြွ နံပါတ်ပြားများကို လွန်ခဲ့သည့် နှစ်နှစ်မှ စတင်ပြောင်းလဲ တပ်ဆင်ပေးခဲ့ရာ ယခုအချိန်တွင် အင်္ဂလိပ် အက္ခရာ ဖောင်းကြွ နံပါတ်ပြားများ ပြောင်းလဲရန် ကျန်ရှိနေ သေးသည့် ယာဉ်များကို သက်တမ်းလွန် ယာဉ်များအဖြစ် သတ်မှတ်ကာ ဒဏ်ရိုက် အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''၂ဝ၁၃ ခုနှစ် ကတည်းက မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ မော်တော်ယာဉ် တွေကို မြန်မာအက္ခရာ နံပါတ်ပြား တွေကနေ အင်္ဂလိပ် အက္ခရာ နံပါတ်ပြားတွေကို ပြောင်းလဲပေးခဲ့ တာပါ။ အမှန်ဆိုရင် ဒီအချိန်မှာ မော်တော်ယာဉ်တွေ အားလုံးက အင်္ဂလိပ် အက္ခရာ ဖောင်းကြွ နံပါတ်ပြားတွေနဲ့ပဲ ဖြစ်နေရမှာပါ။ ဒါပေမဲ့ မော်တော်ယာဉ် အနည်းစုက မလဲလှယ်ဘဲ ထားတာကို တွေ့ရတယ်။ ဒါကြောင့် အဲဒီနံပါတ်ပြား မလဲတဲ့ မော်တော်ယာဉ် တွေကို ကညန က ဒဏ်ရိုက်ဖို့ စီစဉ်တာပါ'' ဟု ၄င်းက ပြောသည်။

လက်ရှိတွင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ မြန်မာအက္ခရာ နံပါတ်ပြား တပ်ဆင်ထားသည့် မော်တော်ယာဉ် များအား အင်္ဂလိပ်အက္ခရာ ဖောင်းကြွ နံပါတ်ပြားများ လာရောက် လဲလှယ်သည့် အခါတွင် မော်တော်ယာဉ် ၏ လိုင်စင် သက်တမ်းကို စစ်ဆေး၍ လိုင်စင်သက်တမ်း မကုန်ဆုံး သေးပါက အင်္ဂလိပ် ဖောင်းကြွ နံပါတ်ပြားကို လဲပေးမည် ဖြစ်သည်။ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် လာရောက် လဲလှယ်မှု ပြုလုပ်ခြင်း မရှိသည့် မြန်မာအက္ခရာ နံပါတ်ပြား တပ်ဆင်ထားသော ယာဉ်များကို အချိန်ကာလ တစ်ခုအထိ စောင့်ကြည့်မည် ဖြစ်ပြီး အဆိုပါကာလ ကျော်လွန်၍ လဲလှယ်ခြင်း မရှိပါက ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သက်တမ်းလွန် ယာဉ်များအဖြစ် သတ်မှတ်ကာ ဒဏ်ရိုက်မည် ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger