www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 19, 2015

ကျန်းမာရေး ဆေးစစ်ခြင်း


ကျန်းမာရေး ဆေးစစ်ခြင်း

ဒေါက်တာလွင်သန့် (ဆေး-၂)

ကျန်းမာရေး ဆေးစစ်ခြင်း ဆိုတာက ရောဂါလက္ခဏာ မရှိလည်း ဆရာဝန်နဲ့ ပုံမှန်ပြသ စစ်ဆေးမှု ခံယူတာပဲ ဖြစ်တယ်။ ဒါမှရောဂါ ရှိ၊မရှိ သိရှိနိုင်မှာပါ။ ဆေးစစ်ခြင်းကြောင့် ထူးခြားမှု တစ်ခုခု တွေ့ရှိနိုင် ပါတယ်။ ဥပမာ- သွေးပေါင်ချိန် တိုင်းရင် သွေးပေါင်ချိန် မြင့်တက်သလို သွေးတိုးရောဂါ စတင်တဲ့ အခြေအနေ သိခွင့်ရတယ်။ သွေးအတွင်း သကြားဓာတ် ပမာဏကို တိုင်းရုံနဲ့ ဆီးချို၊ သွေးချို ရှိ၊ မရှိ သိနိုင်တယ်။ သွေးထဲ ကိုလက်စထရော မြင့်တက်ခြင်း ရှိ၊ မရှိ သိခွင့် ရနိုင်ပါတယ်။

ရောဂါအမျိုးအစား သိခွင့်ရလို့ နေ့စဉ် ပြုလုပ်နေတဲ့ ဘဝနေထိုင်မှု ပုံစံကို ဆန်းစစ်ပြီး လိုအပ်ရင် အနည်းငယ် ပြောင်းလဲ နေထိုင် လို့ရပါတယ်။ ဥပမာအချို၊ အငန်၊ အဆီများ တဲ့ရောဂါမျိုး ကိုသိရရင် ဒါတွေကို လျှော့စားရမယ်။ 

ကိုယ်လက် လှုပ်ရှားမှု မရှိရင် သွေးပေါင်ချိန်၊ သွေးတွင်း သကြားဓာတ်၊ အဆီဓာတ်တွေ များတတ်လို့ ပုံမှန် ပြန်ဖြစ်အောင် ပြန်ထိန်းနိုင်တဲ့ အနေနဲ့ ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်း လုပ်ရင် အကျိုးရှိနိုင် ပါတယ်။

သွေးတိုး၊ ဆီးချို ဖြစ်မလာအောင် ကာကွယ် နိုင်တယ်။ တချို့ရောဂါ တွေက ရောဂါပျိုးစမှာ လက္ခဏာ မပြဘဲ ရောဂါရင့်တဲ့ အထိတောင် လက္ခဏာ မပြတာတွေ ရှိလို့ ဆရာဝန်နဲ့ ပြသ စစ်ဆေးမှ ရောဂါရှိမှန်း သိရတာလည်း ရှိပါ တယ်။ လူအများစုက နေမကောင်းဖြစ်မှ ဆရာဝန်နဲ့ ပြတယ်။ နေကောင်းရင် ပြသစစ်ဆေးခြင်း မပြုတဲ့ အလေ့အထ ကြောင့် ရောဂါနုစဉ်မှာ ကြိုတင် ကုသသင့်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးရ တတ်တယ်။ မိသားစု မျိုးရိုး ရှိတဲ့ သွေးတိုး၊ ဆီးချို၊ ရင်ကျပ်ရောဂါ ရှိရင် ပိုဂရုစိုက်ရမယ်။

မိမိ ကျန်းမာရေးကို ကိုယ်တိုင် စမ်းသပ်ခြင်း က အခြေခံကျပါတယ်။ အမျိုးသမီးများ မိမိ ရင်သားကို မိမိကသာ စမ်းသပ်ခြင်း၊ အမျိုးသားများ မိမိလိင်အင်္ဂါ စမ်းသပ်ခြင်း တို့ကို ကိုယ်တိုင် ဆောင်ရွက် နိုင်ပြီး ပုံမှန် မဟုတ်ရင်တော့ မိသားစု ဆရာဝန်နဲ့ ပြသသင့်တယ်။ တချို့က ဆရာဝန်နဲ့ ပြရမှာ ကြောက်သလို၊ ရှက်သလို ဖြစ်နေတုန်း ဆိုတော့ ကျန်းမာရေး စာအုပ်တွေ ဖတ်ပြီး တတ်ယောင်ကား ထင်တတ်၊ ကုသ တတ်တယ်။ ဆိုးကျိုးတွေ့ နိုင်ပါတယ်။

ခန္ဓာကိုယ် ကျန်းမာရေး ဆေးစစ်ရာမှာ မိသားစု ဆရာဝန်နဲ့ ပြရမယ်။ လိုအပ်ရင် အထူးကု ဆရာဝန်နဲ့ ပြသလို့ လမ်းညွှန်မှု ခံယူရမယ်။ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့ မဟုတ်ဘဲ စိတ် ကျန်းမာရေး၊ ခံတွင်းနဲ့ သွား ကျန်းမာရေး တို့လည်း အရေးကြီးတယ်။ ဆေးလိပ်၊ အရက် ဖြတ်ရမယ်။ အိပ်ရေးဝအောင် အိပ်သင့်တယ်။ အမြင်အာရုံ၊ သွားနဲ့ခံတွင်း စတဲ့ အသက်အရွယ် ကိုက်ညီမှု ရှိ၊ မရှိ ပုံမှန်စစ်ဆေးမှု ခံယူသင့်တယ်။ ပုံသေလမ်းညွှန် ချမှတ် စစ်ဆေးခြင်းကို အသက်အရွယ် တိုင်း အမျိုးသား၊ အမျိုးသမီး မရွေး စစ်ဆေးသင့်တယ်။ ပုံသေ လမ်းညွှန် ချမှတ် စစ်ဆေးခြင်းကို တတ်ကျွမ်း နားလည်တဲ့ ဆရာဝန်နဲ့ ပြသသင့်တယ်။

စမ်းသပ်ချက် ပြုလုပ် ရာမှာလည်း လက်နဲ့ စမ်းသပ်နည်း အပြင် စက်ကိရိယာနဲ့ စမ်းသပ်နည်းလည်း ပါဝင်တယ်။ တချို့က လို၊ မလို မစဉ်းစားဘဲ စီတီစကင်၊ အမ်အာအိုင် ( CT Scan MRI ) အထိ ရိုက်ယူ စစ်ဆေးတတ် ကြတယ်။ ပြောရရင် ငွေကုန်ကြေးကျ များပြီး အကျိုးမရှိတဲ့ အပြင် ဓာတ်ရောင်ခြည် သင့်နိုင်တဲ့ အပိုဆုတောင် ရနိုင်တယ်။ မိသားစု ဆရာဝန်က မညွှန်ကြားဘဲ မိမိသဘောနဲ့ မိမိ စစ်ဆေးခြင်းက လက်နက် မပါဘဲ တောလည် ထွက်ခြင်းနဲ့ တူနေတယ်။ ရောဂါ တွေ့ခဲ့ရင်လည်း ကြုံကြိုက်လို့ တွေ့တာမျိုး ဖြစ်ပြီး ကုန်ကျစရိတ် များလှတယ်။ တချို့အလုပ် ဌာနက လိုအပ်ချက် အရ တစ်နှစ်တစ်ခါ ဆေးစစ် ရတဲ့အခါ မိမိရောဂါရှိ၊ မရှိ ကြိုတင်သိရှိ သွားပြီး ကျန်းမာရေးနဲ့ ညီအောင် ကျင့်ကြံ နေထိုင်သွားလို့ ရောဂါဖြစ်ပွားမှု ကနေ ကာကွယ် နိုင်ကြပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger