www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 15, 2015

ရန်ကုန်စတော့အိတ်ချိန်း မဖွင့်လှစ်မီကာလအတွင်း အများပြည်သူအား လေ့လာခွင့်ပြု သွားမည်



ရန်ကုန် ၊ ၁၅-၇-၂၀၁၅

ရန်ကုန် စတော့အိတ်ချိန်း မဖွင့်လှစ်မီ ကာလအတွင်း အများပြည်သူ များအား လေ့လာ နိုင်အောင် ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ရန်ကုန် စတော့အိတ်ချိန်း သည် မြန်မာ နိုင်ငံတွင် ပထမဆုံး အနေဖြင့် စတင် လုပ်ကိုင်ခြင်း ဖြစ်ပြီး အဆောက်အအုံ ပြင်ဆင်မှု များမှာ ယခု လကုန်ပိုင်းတွင် ပြီးစီးနိုင်မည် ဖြစ်ကြောင်း၊ အများ ပြည်သူများအား လေ့လာခွင့် အစီအစဉ် တွင် သြဂုတ်လမှ အောက်တိုဘာလ အတွင်း တစ်ပတ် တစ်ရက် သတ်မှတ်ပြီး အများပြည်သူ များအား သတ်မှတ် အချိန်အတွင်း ဝင်ရောက် လေ့လာနိုင်အောင် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ အချိန်တွင် စတော့အိတ်ချိန်း ၏ ငွေပေးချေ စာရင်း ရှင်းလင်းမှု ဘဏ်အဖြစ် ပြည်တွင်းဘဏ် တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ် ကို ဧပြီလကုန် ပိုင်းက ရွေးချယ် ခဲ့ကြောင်း၊ ထို့အပြင် ရန်ကုန် စတော့အိတ်ချိန်း တွင် ဝန်ဆောင်မှု ပေးမည့် Service Provider လုပ်ငန်း အမျိုးအစား လေးခုအတွက် လျှောက်လွှာ ၅၇ စောင်ကို လက်ခံရရှိ ခဲ့ပြီး စိစစ် ရွေးချယ်လျက် ရှိကြောင်း၊ ရန်ကုန်စတော့ အိတ်ချိန်းနှင့် ပတ်သတ်ပြီး ပထမဆုံး အနေဖြင့် စာနယ်ဇင်း ရှင်းလင်းပွဲကို သြဂုတ်လမှ အောက်တိုဘာလ အတွင်း ပြုလုပ်ရန်လည်း စီစဉ်ထားပြီး နောက်ပိုင်းတွင် စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရ အဖွဲ့အစည်း များမှ တာဝန်ရှိ သူများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များအား ခေါ်ယူ ရှင်းပြမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း လည်း သိရသည်။

ရန်ကုန်စတော့ အိတ်ချိန်းသို့ ဝင်ရောက်ခွင့် ရရှိရေး အတွက် မြန်မာ့လယ်ယာ စီးပွား အများပိုင် ကော်ပိုရေးရှင်း (MAPCO) ၊ FMI ၊ AGD ဘဏ်တို့မှလည်း တရားဝင် ထုတ်ဖော် ကြေညာ ထားကြောင်း၊ ရန်ကုန်စတော့ အိတ်ချိန်းကို တည်ထောင်နိုင်ရန် မြန်မာ့ စီးပွားရေးဘဏ် က ၅၁ ရာခိုင်နှုန်း၊ တိုကျို စတော့အိတ်ချိန်း က ၁၈ ဒသမ ၇၅ ရာခိုင်နှုန်းနှင့် ဂျပန်ဒိုင်ဝါ သုတေသန က ၃ဝ ဒသမ ၂၅ ရာခိုင်နှုန်း ထည့်ဝင် ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger