www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 23, 2015

ခိုနားစရာအရိပ်


ခိုနားစရာအရိပ်

ကြယ်စင်စိုး (မန္တလေး)

နေက ချစ်ချစ်တောက် ပူလွန်းလှသည်။ ယနေ့ တစ်နေ့ခင်းလုံး သိသိသာသာ ကို ပူလွန်းခဲ့သည်။ ယမန်နေ့က ဗြုန်းစားကြီး မိုးတရစပ် ရွာချခဲ့သည်။ မျှော်လင့် မထားသည့် အချိန်တွင် သဲကြီးမဲကြီး ရွာချ လိုက်၍ အားလုံး ဝရုန်းသုန်းကား ဖြစ်ကုန်ကြသည်။ အထူးသဖြင့် ရိတ်သိမ်းပြီးသား စပါးများကို နေပူလှန်း ထားသည့် တောင်သူများ အလုပ်ရှုပ် ကုန်ကြသည်။ တောင်းကို ဆွဲကိုင် သူကကိုင်၊ မိုးကာနှင့် အုပ်သူကအုပ်၊ ထွန်ခြစ်နှင့် ပုံသူကပုံနှင့် ပျာပျာသလဲ ဖြစ်ကုန် ကြသည်။

မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ရွာသည့်မိုးက နာရီပြန် တစ်ချက်ကျော် ခန့်တွင် ချုပ်ငြိမ်း သွားခဲ့သည်။ မိုးရွာချိန် သိပ်မကြာပေ။ သို့သော်လည်း ထိုမကြာသော မိုးက မိုးရေများ သွန်ချသကဲ့သို့ ပါလာခဲ့သည်။ ညနေတိုင်း ရွာထဲရှိ ကာလသားများ ဘောလုံး ကစားကြသော ရွာထိပ်က ဘောလုံးကွင်း ထဲတွင် မိုးရေများက ဖွေးကာ ကျန်နေရစ် ခဲ့သည်။ ခြေမျက်စိ မြုပ်သည်ထိ ရေများက ဖုံးလွှမ်းနေသည်။ ယခုမူ နေက ပူလွန်းသဖြင့် ယမန်နေ့က ရွာထားသည့် မိုးရေ များကြောင့် လမ်းပေါ်တွင် ရွှံ့ဗွက်များ အိုင်နေသည်ပင် ခြောက်ကုန် ပြီဖြစ်သည်။ မန္တလေး - ပြင်ဦးလွင် ကားလမ်းပေါ်မှ ကျွန်တော် နေသော ရွာဘက်ဆီသို့ ဦးတည်ကာ ဖောက်လုပ် ထားသည့် မြေသား လမ်းလေး ပေါ်တွင်လည်း ကားကြီး၊ ကားငယ် အသွယ်သွယ် ခုတ်မောင်းမှု များကြောင့် ဖုန်လုံးများက မျက်စိထဲတွင် မြင်ကွင်းများ ပျောက်လောက် အောင်ထိ ဖြစ်နေသည်။

အမှတ်(၁၁) ဘတ်စ်ကားပေါ်မှ ခြေချမိလိုက် သည်နှင့် တစ်ပြိုင်နက် ကျွန်တော်နေသည့် ရွာလေးဆီသို့ ရောက်ရန် ဆယ်မိနစ် သာသာခန့် လမ်းလျှောက် ရဦးမည်။ လမ်းလျှောက် ရမည်ကို မကြောက် သော်လည်း ယခုကဲ့သို့ ပူလောင် နေသည့် နေရောင် အောက်တွင် ဖုန်တထောင်း ထောင်းထ နေသော လမ်းမကြီးပေါ် လျှောက်လှမ်း ရမည်ကို ဝန်လေး နေမိသည်။ ဘတ်စ်ကား ပေါ်တွင်လည်း ကျဉ်းကျဉ်းကျပ်ကျပ် စီးနင်းလိုက်ပါ လာရသဖြင့် ခန္ဓာကိုယ်လည်း ညောင်းညာ နေခဲ့ပြီ ဖြစ်သည်။ ယခုဆက်ပြီး ရွာကိုရောက်ရန် လမ်းလျှောက်ရ ပေဦးမည်။ ယခု အချိန်တွင် အတောင့်တ မိဆုံးက ရွာဘက်သို့ သွားမည့် ဆိုင်ကယ်တစ်စီး ဖြစ်စေ၊ ကားတစ်စီး ဖြစ်စေ  တွေ့လိုက် ချင်သည်။ သို့သော် တောင့်တ သကဲ့သို့ ဖြစ်မလာခဲ့ပေ။ ယခုကဲ့သို့ နေပူကျဲကျဲ ကြီးထဲတွင် မည်သူမျှ အပြင်ထွက် ကြမည်မဟုတ်။ မြေသယ်သော ဆယ်ဘီး ကားကြီးများ၊ အုတ် ၊ ထုံး ၊ ကျောက်သယ် ဆောင်လာ ကြသည့် ကားများ၊ ထော်လာဂျီ များသာလျှင် တစ်စီးပြီး တစ်စီး မောင်းနှင် သွားကြသည်ကို တွေ့ရသည်။

နေပူဒဏ်ကြောင့် ခြေလှမ်းများ ယခင်က ကဲ့သို့ မသွက်သည်ကို သတိထား မိသည်။ ဖြည်းဖြည်း ချင်းသာ လျှောက်လှမ်း နေရသည်။ ဆန့်ကျင်ဘက် အရပ်ဆီမှ မြေသယ် ကားကြီးများ တစ်စီးပြီး တစ်စီး မောင်းနှင် လာသည်ကို မြင်မိတိုင်း လမ်းပေါ်မှ ဘေးသို့ ရှောင်ပေး နေရသည် ကလည်း အကြိမ်ကြိမ် ဖြစ်သည်။ ထို ကားကြီးများနှင့် အတူ ဖုန်မှုန့်များက ပါလာသည်။ လမ်းဘေး တစ်ဖက် တစ်ချက်တွင် သစ်ပင်များ  အစီအရီ ပေါက်ရောက် နေသော်လည်း အရိပ်တို့က လမ်းမပေါ်သို့ ကျရောက် နေသည်မဟုတ် အခြား တစ်ဖက်ဆီ ထိုးဖြာ ကျနေသည်။

ချွေးပေါက်များက နဖူးမှတစ်ဆင့် ခန္ဓာကိုယ် ပေါ်သို့ ကျလာသည် ကို သတိထားမိပြီး ညာဘက် လက်ဖမိုးနှင့် တစ်ချက် သုတ်လိုက်ကာ ခပ်သွက်သွက် လျှောက်လှမ်း ကြည့်ရန် ကြိုးစားမိသည်။ သို့သော် မည်သို့မျှ လျှောက်၍မရ။ ယခုထက်ပိုပြီး မလျှောက်နိုင် တော့ပါ။ လွန်ခဲ့သည့် တစ်ပတ်ကျော် ခန့်က ယခုကဲ့သို့ အနေအထားတွင် လက်ထဲ၌ ထီးတစ်ချောင်း က ရှိနေခဲ့သည်။ ယခုအချိန် ထီးပါလာ ခဲ့လျှင် အနည်းငယ် သက်သာမှု ရှိဦးမည်ဟု စိတ်ထဲတွင် တွေးနေမိသည်။

ယခုမူ မည်သည့် အကာအကွယ်မျှ မပါ၍ အပူဒဏ်ကို ရင်ကော့ကာ ခံနေရသည်။ မည်သို့ဆိုစေ ယခု အချိန်တွင် အရိပ်ကောင်းကောင်း တစ်ခု၌ နားခိုလိုက် ချင်သည်။ ခလုတ်ထိမှ အမိတ ဆိုသကဲ့သို့ နေပူဒဏ်ကို တွေ့ကြုံရမှ အရိပ်တစ်ခု၏ တန်ဖိုးကို နားလည်မိသည်။ ယခင် က မည်သည့် နေရာသွားသွား လက်ထဲတွင် မိုးဒဏ်၊ နေဒဏ်ကို ကာကွယ်နိုင်ရန် အတွက် ထီးတစ်ချောင်း ကိုင်ဆောင် ထားခဲ့သော်လည်း ''ရှုပ်လိုက်တာ'' ဟုဆိုပြီး မကိုင်ဖြစ်ခဲ့ပေ။ ယခုမူ ထီး တစ်ချောင်းက ပေးမည့် အရိပ်ကို အာသာ ငမ်းငမ်းနှင့် မျှော်လင့်မိ သည်မှာ အမှန်ပင် ဖြစ်သည်။ နောင်တ ရမိသလို ဖြစ်နေခဲ့ မိသည်။ ထို ထီးတစ်ချောင်းက ပေးမည့် အရိပ်သည် ဘဝတစ်ခုလုံး အတွက် လုံခြုံမှု မဖြစ်နိုင် သော်လည်း ယခုကဲ့သို့ နေပူဒဏ်ကို အနည်းအကျဉ်း သက်သာမှု ဖြစ်စေသည်မှာ အသေအချာ ဖြစ်သည်။ လေဒဏ်၊ မိုးဒဏ်၊ နေဒဏ် များနှင့် ကြုံတွေ့ရပါမှ ခိုနားစရာ အရိပ်တစ်ခု၏ တန်ဖိုးကို ယခုမှ နားလည် သဘောပေါက် မိခဲ့သည်။ ခိုနားရန် အတွက် အရိပ်များ ကိုလည်း တောင့်တမိ ခဲ့သည်။

ဖြတ်သန်း လာခဲ့သည့် သက်တမ်း တစ်လျှောက်တွင် အရိပ်ပေါင်း များစွာကို ခိုနားခဲ့ ဖူးသည်။ အထူးသဖြင့် မိဘနှစ်ပါး၏ အရိပ်အာဝါသ အောက်တွင် အချိန်ကာလ ကြာမြင့် သည်ထိ ခိုနားခဲ့သည်။ မိဘနှစ်ပါး ၏ အရိပ်က ပေးသော အေးမြမှု ကိုလည်း ရရှိခံစားခဲ့ ရသည်။ သို့သော် ကာလတစ်ခု အရောက်တွင် မိဘနှစ်ပါး၏ အရိပ်အောက်မှ ကျောခိုင်းကာ ထွက်လာခဲ့ပြီ ဖြစ်သည်။ မိဘအရိပ်သည် အေးမြမှု ပေးမှန်းသိသိ နှင့် စွန့်ခွာ လာခဲ့ခြင်း ဖြစ်သည်။ သို့တိုင်အောင် မိဘအရိပ်မှ ထွက်ခွာ လာမှုအတွက် နောင်တရမှု ဖြစ်သလား၊ မဖြစ်ဘူးလား ဆိုသည်ကို မဝေခွဲ တတ်ပေ။ သေချာသည်မှာ ဘဝတွင် အဆင်မပြေမှု များကြုံရတိုင်း၊ စိတ်ပျက် အားငယ်ရမှု များနှင့် ရင်ဆိုင်ရတိုင်း မိဘနှစ်ပါး၏ အရိပ်အောက်ကို ပြန်လည် ခိုလှုံခွင့် ရချင်သည်။ သို့သော် ကိုယ်ကိုယ်တိုင် မရှိသင့်သည့် တလွဲမာန များကြောင့် မိဘနှစ်ပါး အရိပ်အောက်တွင် ပြန်လည် ခိုလှုံရန် မဝံ့မရဲ ဖြစ်နေသည်။ ဤ အသက်အရွယ် ရောက်မှ မိဘများ၏ အရိပ်အောက်တွင် ပြန်ခိုလှုံပါက မသင့်တော်ဟု ခံစားရ ပြန်သည်။ မည်သည့် အခြေအနေ ဖြစ်ပါစေ မိဘနှစ်ပါး၏ အရိပ်သည် အစဉ်အမြဲ လိုအပ်နေဆဲ ဖြစ်သည်။ အမြဲတစေ ခိုနား လိုက်ချင်သည်။

ခန္ဓာကိုယ်ပေါ်သို့ သစ်ပင်အရိပ် များက ထိုးကျလာခဲ့ ပြီဖြစ်သည်။ နေပြောက်မကျ လောက်အောင် လမ်းမတစ်ဖက် တစ်ချက်ဆီတွင် သစ်ပင်ကြီး ငယ်များက အုပ်ဆိုင်း နေသည်။ မန္တလေး- ပြင်ဦးလွင် ကားလမ်း ဘက်မှ အနောက် တည့်တည့်သို့ ဆင်းလာခဲ့ပြီး ပထမဆုံး တွေ့ရသော လမ်းခွဲ တစ်ခုသည် ရွာဆီသို့ ဦးတည်သော လမ်းဖြစ်သည်။ ရွာအဝင် လမ်းထိပ် ရောက်သည်နှင့် ဤအရိပ် များက ပေးသော အေးချမ်းမှုကို စတင်ခံစား လိုက်ရသည်။ အပူဒဏ်များ တဖြည်းဖြည်းနှင့် လျော့ပါးစပြု လာခဲ့ပြီဖြစ်ပြီး ခြေလှမ်းက ပိုမိုသွက်လာ ပြီဖြစ်သည်။ ကျွန်တော် တစ်ချက်ပြုံး မိပါသေးသည်။ ထိုအပြုံး၏ နောက်ကွယ်တွင် အတွေးတစ်ခု ကပ်ပါ လာခဲ့သည်။ ''လူတိုင်းအတွက် ခိုနားစရာ အရိပ်တစ်ခုဟာ အချိန်မရွေး လိုအပ်နေ သေးတာပဲ'' ဟူသည့် အတွေး ဖြစ်သည်။ ထို ခိုနားစရာ အရိပ်သည် ဘဝတစ်ခုလုံး အတွက်  လုံခြုံမှု၊ အေးမြမှုများ ပေးစွမ်း နိုင်မည့် အရိပ်တစ်ခု ဖြစ်ရန် အရေးကြီးကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။

ရတနာပုံနေ့စဉ် ၊ စာ(၈)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger