www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 24, 2015

ဝါဆိုဝါခေါင် ငါးကိုရှောင်


ဝါဆိုဝါခေါင် ငါးကိုရှောင်

နွယ်ဦးမွန် (ကျုံဒါး)

မြန်မာ့ ပင်လယ်ပြင်၌ ငါးများရှားပါး လာရခြင်းသည် အကြောင်း အမျိုးမျိုးရှိပြီး လူတို့၏ ပယောဂ များကြောင့် ငါးရှားခြင်းမှာ တစ်ကြောင်း အပါအဝင် ဖြစ်သည်။ ငါးများကို အလွန်အကျွံ ဖမ်းယူခြင်း နှင့် ငါးဖမ်းရာတွင် သုံးစွဲသော ပိုက်စိပ် များကြောင့်လည်း တစ်စ တစ်စနှင့် ငါးများ ရှားပါးမှုကို ဖြစ်စေပါသည်။

အထူးသဖြင့် ရှေးတံငါကြီး များသည် အရွယ်မရောက် သောငါးများကို ဖမ်းယူခြင်း မပြုကြပါ။ တံငါ စည်းကမ်းကို လိုက်နာ ကြသည်။ မိုးဦးကျသည့် ဝါဆို၊ ဝါခေါင်လ တို့တွင် ငါးသလောက်များ ဥချသည်။ ဝါဆို၊ ဝါခေါင်လ တို့၌ ငါးသလောက် ဖမ်းခြင်းကို ရှောင်ကြသည်။ ဥငါးများ ဖြစ်သည့် ငါးသလောက် အမများကို ဖမ်းလျှင် ငါးမျိုး သုဉ်းမည်ကို စိုးရိမ် သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ''ဝါဆို ဝါခေါင် ငါးကိုရှောင်'' ဟုစကားကို ထားရှိခဲ့ပါသည်။ ငါးသလောက် ရာသီဖြစ်သော သီတင်းကျွတ် လပြည့်ကျော်လျှင် တံငါအခေါ် (တောကျွတ်ရေ) ဟုခေါ်၍ ငါးသလောက် တိုးသော ရေကို ရောက်လျှင် မြစ်တွင်း၌ လည်းကောင်း၊ ပင်လယ်ဝ၌ လည်းကောင်း၊ ငါးသလောက် ပိုက်ကို ချကြသည်။ ထိုအချိန် ၌ တံငါများ၏ ပိုက်များ အတွင်း၌ ငါးသလောက် အုပ်နှင့် တွေ့ပြီးလျှင် ပိုက်တစ်ဖုံလုံး မြုပ်သည်ဟု သိရသည်။ တံငါများသည် ချည်ပိုက် များ၏ နေရာတွင် တက်ထရွန်၊ နိုင်လွန်ပိုက် များကို အစားထိုး လာကြသည်။ နိုင်လွန်ပိုက်၊ တက်ထရွန် ပိုက်များသည် ချည်ပိုက်ထက် စာလျှင် ခိုင်ခံ့သည်။ ငါးတိုးခြင်း၏ အားကို ခံနိုင်ရည် ရှိသည်။ ချည်ပိုက်ထက် စာလျှင် ပေါက်ထွက်ခြင်း၊ ပြတ်ထွက်ခြင်း၊ နည်းသည်။ ပိုက်တွင် တိုးဝင်သည့် ငါး ၈ဝ ရာခိုင်နှုန်းကို မိအောင် ဖမ်းယူ နိုင်သည့် စွမ်းရည်ရှိသည်။

ထို့အပြင် ထိုပိုက်ထက် ငါးပိုမိသော ပိုက်မှာ သုံးထပ်ကွင်း စိပ်ပိုက် ဖြစ်သည်။ ထိုပိုက်သည် ငါးဖမ်းရာတွင် သုံးထပ်ပိုက် ကွင်းကျဲထက် ပိုသေချာသည်။ ပိုက်ထဲ၌ မိသော ငါးများသည် လုံးဝ လွတ်သည် မရှိပေ။ ငါးကြီး၊ ငါးသေး အားလုံးကို ဖမ်းယူသည်။ တစ်ပိဿာကျော် ငါးကြီးမှ နှစ်ကျပ်ခွဲသား ငါးလေးအထိ ဖမ်းနိုင်သည်။ ထိုပိုက်များ ကြောင့် ငါးများ ရှားပါး လာသကဲ့သို့ မျိုးသုဉ်း နိုင်လေသည်။

လက်ရှိ အသုံးပြု နေသော ပိုက်အမျိုးအစား မှာ ရေလား၊ ငါးလား ဟုခေါ်သော ပိုက်ဖြစ်သည်။ ''ရေလား၊ ငါးလား'' ဟု ခေါ်သည်မှာ ရေထဲ၌ ရှိသမျှ ငါးအားလုံးကို ဖမ်းယူနိုင်သော ပိုက်ဟူ၍ အဓိပ္ပာယ် ရသည်။ ပိုက်ကွင်း၏ အကျယ်မှာ လက်မပြူ (လက်မ တစ်ခုပြူစာ) မျှသာရှိသည်။ ကွန်ပိုက်နှင့် တွေ့လျှင် ငါးဟူသမျှ အကုန် ဖမ်းမိသည်။ ထို့ကြောင့် ရှေးတံငါကြီးများ ထားခဲ့သော စည်းကမ်းများ ဖြစ်သည့် ငါးများ ဥချသော သားပေါက်ရာသီ များကိုလည်း မရှောင် တော့ပေ။ ငါးများကို စည်းမဲ့ကမ်းမဲ့ ဖမ်းခြင်းမှ ကာကွယ် ထားသည့် တရားဥပဒေ များကိုလည်း မလိုက်နာ သောကြောင့် ပင်လယ်နှင့် မြစ်အတွင်း၌ ရှိသော ငါးမျိုးစုံ တို့သည် တစ်နေ့တခြား တဖြည်းဖြည်း ဆုတ်ယုတ် နည်းပါး လာလျက် ရှိသည်။

အထူးသဖြင့် အဖိုးတန်ငါး ဖြစ်သော နိုင်ငံခြား ဈေးကွက်ဝင် ငါးသလောက်သည် အလွန် ရှားပါးနေပြီး ကြာလျှင် မျိုးသုဉ်းမည့် အနေအထားသို့ မရောက်ရ လေအောင် မြန်မာ့ရေ သယံဇာတ များကို ဝိုင်းဝန်း ထိန်းသိမ်းရန် လိုအပ်လျက် ရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger