ရန်ကုန် ၊ ၂၃-၇-၂၀၁၅
ရန်ကုန်တက္ကသိုလ် ဝင်ခွင့်အတွက် ဘာသာရပ် အလိုက် အနိမ့်ဆုံး စုစုပေါင်း ရမှတ်များကို ပြီးခဲ့သည့် နှစ်က ခေါ်ယူသည့် ရမှတ်များထက် ဘာသာရပ် အလိုက် ၁ဝ မှတ်မှ အမှတ် ၂ဝ ခန့် လျှော့ချ ခေါ်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ဝင်ခွင့်အမှတ် လျှော့ချမည့် အစီအစဉ်ကို မန္တလေး တက္ကသိုလ်မှ အဆိုတင်သွင်း ခြင်းဖြစ်ပြီး ရန်ကုန် တက္ကသိုလ် အနေဖြင့် မန္တလေး တက္ကသိုလ်နှင့် အမှတ်ညီအောင် ဝင်ခွင့်အမှတ် လျှော့ချခြင်း ဖြစ်သည်။ ပြီးခဲ့သည့် နှစ်များက ရန်ကုန်တက္ကသိုလ် ၌ တစ်နှစ်လျှင် ဝင်ခွင့်ရရှိသူ များအနက် ကျောင်းသား၊ ကျောင်းသူ ၇ဝဝ ဦးခန့် တက်ရောက် နေပြီး ယခုနှစ်တွင် အမှတ်လျှော့မည့် အတွက် ကျောင်းသား၊ ကျောင်းသူ ၈ဝဝ ဦးခန့် တက်ရောက် နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် ရန်ကုန်တက္ကသိုလ် ဝင်ခွင့်အတွက် တက္ကသိုလ်ဝင် စာမေးပွဲ အနိမ့်ဆုံး စုစုပေါင်း ရမှတ်ကို သက်ဆိုင်ရာ ဘာသာရပ် အလိုက် ၃၈ဝ မှ ၄၉၅ မှတ်အထိ သတ်မှတ်ထားပြီး ယခုနှစ်တွင် ဘာသာရပ် အလိုက် ၁ဝ မှတ် မှ အမှတ် ၂ဝ ခန့် လျှော့ချ ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်တက္ကသိုလ် ၌ ဘာသာရပ် တစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူ ၅ဝ ဦးနှုန်းဖြင့် စုစုပေါင်း ၁၁ဝဝ ဦး အများဆုံး လက်ခံ သွားမည်ဖြစ်ပြီး စာကြည့်တိုက် နှင့် သုတပညာ ဘာသာရပ်ကို ယခုနှစ်တွင် ထပ်မံဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ (၄၄၇)
မြ၀တီနေ့စဉ် ၊ စာ(၅)
#Themyawadydaily






No comments:
Post a Comment