လေးတွဲ့သွားသော ခြေလှမ်းများ
မဒါလေး
ဘဝအတွက် အရေး အကြီးဆုံးသော အရာများ၊ အဓိက ကျသော အရာများကို မေ့ထား၍ ရမည်ဆိုလျှင် (သို့မဟုတ်) လျစ်လျူရှု ထား၍ ရခဲ့မည် ဆိုလျှင် မျက်ရည် ဆိုသည်မှာ အဓိပ္ပာယ် မဲ့သော၊ အနှောင်အဖွဲ့မှ ကင်းလွတ် နိုင်သော အရာ တစ်ခုသာ ဖြစ်နေ ပေလိမ့်မည်။
ကျောင်းဖွင့်စ နေ့ဖြစ်သဖြင့် ကျောင်းဝင်း တစ်ခု လုံး ကျောင်းသား၊ ကျောင်းသူ များ အပြင် မိဘများ နှင့်ပါ စည်ကား နေသည်။ အချို့ထိုင်ခုံ နေရာ လာဦးသော မိဘများ၊ အချို့ အတန်း ကောင်းကောင်း ပြောင်းချင်သော မိဘများ၊ အချို့ သူငယ်ချင်း ဟောင်းနား ထိုင်စေလိုသည့် မိဘများဖြင့် အမျိုးမျိုးသော အကြောင်း များကြောင့် မိဘများ သာမန်ချိန် ထက်ပိုကာ စောရောက် နေကြ သည်။ ဆရာ၊ ဆရာမ များကလည်း မမော မပန်း နိုင်စွာဖြင့် မိဘ တစ်ယောက်ချင်း စီ၏ အလိုမကျ မှုများ၊ လိုအပ်ချက် များကို ပြန်လည် ဖြေရှင်းပေး နေရသည်။
''မေမေ နေ့လယ်ကျရင် ထမင်းလာခွံ့ ပါလား'' သားငယ်၏ ထင်မှတ် မထားသည့် စကားကြောင့် အနည်းငယ် တွေဝေ သွားသည်။ အနည်းငယ် ငေးတတ်သည့် သားအတွက် နောက်ဆုံး အတန်း မထိုင်ရရန် ရှေ့နားတွင် နေရာချပေး လိုက်သည်။ ထမင်းချိုင့် နှင့် ရေဘူးပါသော ခြင်းကို အတန်း အနောက်တွင် နေရာချကာ သားကို ပြနေစဉ် ပြောလိုက်ခြင်း ဖြစ်သည်။ အခြားမိဘ များလည်း ရှိသဖြင့် မည်သို့ ပြန်ပြော ရမည်ကို ရုတ်တရက် စဉ်းစားမရ ဖြစ်သွားသည်။ ''ဒီနေ့တစ်နေ့ တည်းပါ လာခွံ့ပါလား'' သား၏ စကားသံ များသည် ကျွန်မ နားထဲတွင် တုန်ဟည်း သွားသည်။ ရင်ထဲမှ နာကျင်စွာ အန်ထွက် လာသော မျက်ရည်များ မျက်ဝန်းပေါ် မရောက်မီပင် အာရုံပြောင်းကာ မျက်နှာလွှဲ လိုက်သည်။ သားလက်ကို ဆွဲကာ မုန့်ဈေးတန်း ရှိရာဘက်သို့ ခေါ်လာခဲ့သည်။ သားစိတ်ကြိုက် မုန့်များကို ဝယ်ပေး လိုက်သည်။ ကလေး ဖြစ်သဖြင့် ခဏတော့ အာရုံပြောင်း သွားသည်။ ကလေး မေ့လောက်သော အချိန်တွင် ''သားရယ် မေမေလဲ လာကျွေးချင် တာပေါ့။ ဒါပေမဲ့ မေမေက အလုပ်သွား ရအုံးမယ်။ သားသား ကျောင်းတက်ဖို့၊ ပညာတတ်ကြီး ဖြစ်ဖို့ မေမေ အလုပ်လုပ် ရအုံးမယ်''။ ဘာမျှ ပြန်မပြောဘဲ ခဏငြိမ် သွားသည်။ နောက်မှ ''ဒါဆို ညနေတော့ မေမေကိုယ်တိုင် လာကြို ပါလား''။ ဒါကိုတော့ ကျွန်မ လက်ခံ လိုက်သည်။ ညနေရုံးမှ ခွင့်နေ့ တစ်ဝက်ယူရန် ခွင့်တောင်းလျှင် ရနိုင်သည်။ အမေတစ်ခု၊ သားတစ်ခုသာ ရှိသော ဤသား အတွက် ကျွန်မ သည်လောက်တော့ လုပ်ပေးရမည်။ လုပ်ပေး နိုင်အောင်လည်း ကြိုးစားရမည်။
ဘဝတစ်ခုကို ကြိုးစား ရုန်းကန်ရင်း ယခု အခြေအနေထိ ရောက်ခဲ့ပြီ။ သားအတွက် ကျွန်မလုပ်ပေး နိုင်သည့် အကောင်းဆုံး အရာမှာ ပညာရေးသာ ဖြစ်သဖြင့် သားကို ကျောင်း ကောင်းကောင်း ထားနိုင်ရေး။ ပညာ သင်ချိန်တွင် အဆင်ပြေ စေရေးအတွက် ကျွန်မ အားကုန်ထုတ် ကြိုးစား ခဲ့သည်။ သာမန် လခစား ဝန်ထမ်းဘဝ ဆိုသော်လည်း မိမိတတ်ထား သောပညာကို ပြန်လည် အသုံးချနိုင် သဖြင့် လူတန်းစေ့ နေနိုင်သော အခြေအနေ တစ်ခုတွင် ရှိနေနိုင် ခဲ့သည်။ ပညာ၏ တန်ဖိုးကို ကိုယ်တိုင် သိမြင်ခဲ့ ရသဖြင့် သားကိုလည်း ပညာတတ် တစ်ယောက် ဖြစ်စေလို သည်မှာ ကျွန်မ၏ ဆန္ဒဖြစ်သည်။ တစ်ဖက်တွင် အောင်မြင်လျှင် တစ်ဖက်
တွင် ဆုံးရှုံး တတ်သည် ဆိုသကဲ့သို့ပင် လုပ်ငန်းပိုင်းမှာ ဘဝ ရပ်တည်မှု အတွက် အထောက်အကူ ဖြစ်ခဲ့ သော်လည်း သားနှင့် ကျွန်မကြားတွင် သံယောဇဉ်များ အနည်းငယ် ခြားသွားခဲ့သည်။ သို့သော် ကြီးလာလျှင် နားလည် လာမှာပါ ဆိုသည့် ကျွန်မ၏ ခံယူချက် တစ်ခုဖြင့်သာ ယနေ့ထိ ရပ်တည် လာခဲ့သည်မှာ ယခုဆိုလျှင် ဆယ်နှစ် ရှိခဲ့ပြီ။
အနည်းငယ် ပျော်သွားသော သားမျက်နှာကို ကြည့်ကာ ကျွန်မ ရင်ထဲမှ အပူများလည်း ပြေလျော့ သွားရသည်။ သားကို ကိုယ်တိုင် ဂရုမစိုက်နိုင် သဖြင့် ဆရာ၊ ဆရာမများ ဂရုစိုက်မှု အားကောင်းသည် ဟု နာမည်ရသော ပုဂ္ဂလိက ကျောင်းတစ်ကျောင်း တွင် အပ်နှံထားသည်။ အသွားအပြန်၊ အကြိုအပို့ မလုပ်နိုင်သဖြင့် ကျောင်းကားဖြင့်သာ သွားခိုင်းရသည်။ ညနေပိုင်း ကျူရှင်ပို့သည့် အလုပ်ကိုသာ ကိုယ်တိုင် လုပ်ပေး နိုင်သည်။ သို့အတွက် ထို အမျိုးမျိုးသော စရိတ်များ လုံလောက်ရန် ကျွန်မသည် အလုပ်ပြီးရင်း အလုပ်ကိုသာ ကြိုးစားလုပ် နေမိတော့သည်။
အားလပ်ရက် မရှိအောင်ပင် အလုပ်များသော ကျွန်မကို တစ်ခါတစ်ရံ သားငယ်၏ ချစ်စဖွယ် အပြစ်တင်သံ များက လှောင်ပြောင် နေကြသည်။ သို့သော် ရယ်နေရုံမှ တစ်ပါး ကျွန်မ အခြား မတတ်နိုင်ခဲ့၊ မဖြည့်ဆည်းပေး
နိုင်ခဲ့ပါ။ နာရီကို ကြည့်လိုက်တော့ ရှစ်နာရီခွဲပြီ ဖြစ်သည်။ ကိုးနာရီ အလုပ်ချိန်မီအောင် သွားရဦးမည် ဖြစ်သဖြင့် သားကို ဆရာမထံ အပ်ကာ စာသင်ခန်းမှ လှမ်းထွက် လိုက်သည်။ ထိုသို့ လှမ်းထွက်မည် ပြုစဉ် ''ညနေ မေမေ လာကြိုနော်၊ ကိုယ်တိုင် လာကြိုနော်'' သားငယ်၏ စိတ်မချသည့် အမူအရာနှင့် အသံကို ကြားလိုက် ရချိန်တွင် ရင်ထဲ၌ ဆို့နင့်လာသော အရာများက စကားလုံးများ ကိုဆွံ့အ စေခဲ့ပြီ။ မည်သည့် စကားမျှပြန် မပြောနိုင်ဘဲ ခေါင်းအသာ ညိတ်ပြကာ လှည့်ထွက် ခဲ့သည်။
စိတ်က အလုပ်သို့ ရောက်နေသည့်တိုင် ခြေလှမ်းများက ကျောင်းရှေ့မှ မရွေ့ဟု ခံစားရသည်။ ကျွန်မ ခေါင်းပေါ်တွင် အလွန် လေးလံသည့် အရာတစ်ခု တင်ထားပြီး လမ်းလျှောက် နေရသကဲ့သို့ ဖြစ်နေသည်။ ဤသို့ ဖြစ်နေ၍ မဖြစ်သေး၊ ရုံးကို အချိန်မီ ရောက်အောင် သွားရမည်။ ပြီးလျှင် ယနေ့ နေ့တစ်ဝက် ခွင့်ယူမည် ဖြစ်သဖြင့် မနက်ပိုင်း ကတည်းက အလုပ်များကို လက်စသတ် ထားရန် လိုအပ်သည်။ ဆိုင်ကယ်ကို အရှိန် နည်းနည်းတင် လိုက်သည်။ ကိုယ်က မြန်ချင်သည် ဆိုမှ ပိုနှေးနေသည်။ မီးပွိုင့် တစ်နေရာ အရောက် ရှေ့တွင်ကားများ တန်းစီပိတ် နေသည်။ ဆိုင်ကယ်မှာ ကားတန်းနှစ်တန်း အလယ်ရောက် နေသဖြင့် ကျွန်မကွေ့ မည့်ဘက်သို့ ကပ်လိုက်သည်။ ရှေ့မှ ကားတစ်စီး တစ်ဖက်လမ်းသို့ ခေါင်းထိုးကူး သွားသဖြင့် လွတ်နေသော နေရာတွင် ဝင်ယူလိုက်သည်။ နောက်မှ ကားကလည်း ဟွန်းအဆက်မပြတ် တီးနေသည်။ တစ်ဖက် မျက်နှာချင်းဆိုင် လာသော ယာဉ်ကြောဘက်မှ ကျော်တက်ရန်လည်း မဖြစ်နိုင်၊ ရှေ့မှကား ကလည်း နှေးနေသဖြင့် သည်းခံကာ ဖြည်းဖြည်းချင်း ရွှေ့နေရသည်။ မီးပွိုင့်ကို ကျော်ကာ အကွေ့တွင် နောက်က ဟွန်းတီးသော ကားပေါ်မှ လက်တစ်ချောင်း ထောင်ကာ ဆဲရေး သွားသည်။ ရုတ်တရက် မကြုံဖူးသည့် အဖြစ်နှင့် ကြုံလိုက်သဖြင့် ဒေါသလည်း ထွက်ကာ ထူပူ သွားသည်။ အကယ်၍ လူတို့သာ တစ်ယောက်၏ ခံစားချက်ကို တစ်ယောက်က နားလည် နိုင်မည်ဆိုလျှင်၊ တစ်ယောက်၏ ရင်တွင်းတွင် ဖြစ်ပေါ် ခံစားနေ ရသမျှကို အခြား တစ်ယောက်က သိမြင်နိုင်ခဲ့ မည်ဆိုပါလျှင် ယနေ့ ထိုကားပေါ်မှ လူသည် ကျွန်မကို ထိုသို့သော အပြုအမူ မျိုးကို ယခုကဲ့သို့ အခြေအနေတွင် လုပ်လိမ့်မည် မဟုတ်ဟုသာ ဖြေသိမ့်ရင်း ညနေ ကျွန်မသားကို ကျောင်းမှ သွားကြို ရပေဦးမည်။
#Yadanarpondaily

No comments:
Post a Comment