www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, May 2, 2015

နွေရာသီတွင် ကျန်းမာရေးအတွက် အစားအစာ


နွေရာသီတွင် ကျန်းမာရေးအတွက် အစားအစာ

နွေရာသီတွင် လူ့ခန္ဓာကိုယ် အတွင်း၌ ရေဓာတ် အလွယ်တကူ ခန်းခြောက် နိုင်သောကြောင့် ခြစ်ခြစ်တောက် ပူသော နေဒဏ်အောက်တွင် ရေဓာတ် ပြန်လည် ဖြည့်တင်း နိုင်ရန် လိုအပ်သည်။

ချွေးထွက် များခြင်းကြောင့် ခန္ဓာကိုယ်တွင် ရေဓာတ်နှင့် ဆားဓာတ်များ ဆုံးရှုံးတတ်သည်။ လူတို့၏ ခန္ဓာကိုယ် အတွင်း၌ ထိုကဲ့သို့ ရေဓာတ်နှင့် ဆားဓာတ်များ ဆုံးရှုံးသော အခါ ကိုယ်ပူခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အစားအသောက် စားချင်စိတ်၊ သောက်ချင်စိတ် မရှိခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးပူခြင်း၊ အစာအိမ် နာခြင်း၊ သွေးပေါင်ကျခြင်း၊ ရင်တုန်ခြင်းတို့ ဖြစ်နိုင် သောကြောင့် အရည်များများ သောက်ရန် လိုအပ်သည်။

နွေရာသီတွင် ချွေးထွက်များပြီး ရေဓာတ် ခန်းခြောက် စေသော အစားအစာ များကို ရှောင်ရှား သင့်သည်။ ဥပမာအားဖြင့် ကော်ဖီသည် ရေဓာတ် ခန်းခြောက် လွယ်သောကြောင့် ကော်ဖီ ကြိုက်သူများ ကော်ဖီကို လျှော့သောက် သင့်သည်။ ထို့ပြင် ချောကလက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးနှင့် ပူစပ်သော အစားအစာ များမှာ ချွေးထွက်များ စေသောကြောင့် နွေရာသီတွင် အလွန်အကျွံ စားသုံးခြင်းမှ ရှောင်ကြဉ် သင့်သည်။

ထို့ကြောင့် နွေရာသီတွင် ရေဓာတ်များပြီး အရည်ရွှမ်းသော အသီးအနှံ များကို စားခြင်းအားဖြင့် ရေဓာတ် လျော့နည်းခြင်းမှ တားဆီးနိုင်မည်။ ဖရဲသီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ဆလတ်ရွက်၊ ဒိန်ချဉ်နှင့် နို့ထွက် ပစ္စည်းများကို စားသုံးပေးပါက ခန်းခြောက် သွားသော ရေဓာတ်ကို ဖြည့်တင်းပေးရာ ရောက်မည် ဖြစ်သည်။

နွေရာသီနှင့် အလိုက်ဖက်ဆုံး အသီးမှာ ဖရဲသီး ဖြစ်သည်။ ဖရဲသီးတွင် ရေဓာတ်များစွာ ပါဝင်သောကြောင့် ရေငတ်ပြေ စေပြီး အစာကြေလွယ် စေသည်။ အမျှင်ဓာတ် များစွာပါဝင်ပြီး ကယ်လိုရီ နည်းသောကြောင့် ကျန်းမာရေး အတွက် သင့်လျော်သည်။

ရေများများ သောက်ခြင်းသည် ခန္ဓာကိုယ်အတွင်း ရေဓာတ် ဖြည့်တင်း ထားနိုင်ရန် အတွက် အလွယ်ကူဆုံး၊ အရိုးရှင်းဆုံး နည်းလမ်း ဖြစ်သည်။ ခန္ဓာကိုယ်တွင် ရေအလုံ အလောက် ရှိနေလျှင် ကိုယ်အပူချိန်ကို ပုံမှန်ထိန်းညှိ ပေးနိုင်ရန် ပိုမိုလွယ်ကူ စေသည်။

သို့သော် ချွေးထွက် များလွန်းသူ များတွင် ခန္ဓာကိုယ်မှ ဆားဓာတ် ဆုံးရှုံးမှုများ သဖြင့် ဆားဓာတ် မပါသော ရေကို သောက်သုံးပါက ကြွက်သားများ နာကျင် တောင့်တင်းခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ဓာတ်ဆားရေ ကိုသာ အဓိကထား သောက်သုံး သင့်သည်။

သို့ဖြစ်ရာ နွေရာသီတွင် လူတို့၏ ခန္ဓာကိုယ်၌ ရေဓာတ်ခန်းခြောက်မှု များသောကြောင့် ရေဓာတ်ကို ပြန်လည် ဖြည့်တင်း ပေးမည့် အစားအစာ များကို စားသုံးခြင်းဖြင့် နွေ၏ အပူဒဏ်ကို ခံနိုင်ပြီး ကျန်းမာရေး အတွက်လည်း အထောက်အကူ ပြုနိုင်ကြောင်း အသိပေး ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger