www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, March 22, 2015

သွားနှင့်ခံတွင်း ကျန်းမာရေး


သွားနှင့်ခံတွင်း ကျန်းမာရေး

''အာရောဂျံ ပရမံလာဘံ'' '' ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ဖြစ်သည်'' ဟု ဗုဒ္ဓဘုရား ဟောကြား တော်မူခဲ့သည်။ လူအများစု အနေဖြင့် စိတ်ရွှင်လန်း ချမ်းမြေ့၍ ကိုယ်ခန္ဓာ ကျန်းမာမှသာ ဆောင်ရွက်ဖွယ် ကိစ္စမှန်သမျှကို အောင်မြင်အောင် ဆောင်ရွက် နိုင်မည်ဖြစ်သည်။ ထို့ကြောင့် လူ့ဘဝတွင် ပြုံးပျော်ရွှင်လန်း ချမ်းမြေ့စွာ နေထိုင်ရေး အတွက် ကျန်းမာခြင်း ဟူသော လာဘ်ကြီးတစ်ပါး ပြည့်စုံရန် လိုသည်။

ကျန်းမာရေးသည် လူတစ်ဦးချင်း၊ တစ်ယောက်ချင်းသာ သက်ဆိုင်သည် မဟုတ်ပေ။ တစ်နိုင်ငံလုံး နှင့်လည်း သက်ဆိုင်သည်။ လူမှုဘဝ သာယာဝ ပြော၍ ဘက်စုံဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီးကို ဖော်ဆောင်ရာတွင် ကျန်းမာ ကြံ့ခိုင်သော လူသား အရင်းအမြစ် များသည် အဓိက အင်အား ဖြစ်သည်။

ကျန်းမာရေးဟု ဆိုရာတွင် သွားနှင့်ခံတွင်း ကျန်းမာခြင်း သည်လည်း ခန္ဓာကိုယ် ကျန်းမာခြင်း အတွက် အဓိက အရေးကြီးသော ကဏ္ဍတစ်ခု ဖြစ်သည်။ ယခုအခါ သုတေသန ပညာရှင်များ၏ စမ်းသပ်လေ့လာ တွေ့ရှိချက်များ အရ သွားနှင့်ခံတွင်း ရောဂါများသည် အခြားသော ရောဂါများနှင့် ဆက်နွှယ်နေပြီး အခြားရောဂါ များကို ဖြစ်ပွားစေသော အရင်းအမြစ်များ ဖြစ်နေကြောင်း လေ့လာ တွေ့ရှိရသည်။

သွားနှင့်ခံတွင်း ရောဂါဝေဒနာ ခံစားရလျှင် ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများ သာမက စိတ်ပိုင်းဆိုင်ရာ လည်း ပြင်းထန်စွာ ခံစားရကြောင်း လေ့လာတွေ့ရှိ ရသည်။ ထို့ပြင် သွားရောဂါတွင် သွားဖုံးရောဂါ ကို ဖြစ်ပွားစေသော ပိုးမွှားများသည် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ လမစေ့မီ မွေးဖွားခြင်း၊ ပေါင်ချိန် မပြည့်သော ကလေးမွေးခြင်းစသည့် ကျန်းမာရေး ပြဿနာ များနှင့် ဆက်စပ်လျက် ရှိကြောင်းလည်း လေ့လာတွေ့ရှိ ရသည်။

ကမ္ဘာ့ လူဦးရေ၏ ၉ဝ ရာခိုင်နှုန်းသည် ၄င်းတို့၏ ဘဝသက်တမ်း များတွင် သွားနှင့်ခံတွင်း ရောဂါ တစ်ခုခု ဖြစ်ပွားဖူးကြောင်း လေ့လာတွေ့ရှိ ရပြီး သွားနှင့်ခံတွင်း ရောဂါဟု ဆိုရာတွင် လူအများ ဖြစ်ပွား လေ့ရှိသော သွားပိုးစားခြင်း ( Dental Caries) နှင့် သွားဖုံးရောဂါများ ( Periodontal Diseases ) မှသည် လူသားများ၏ အသက်အန္တရာယ် ကိုပါ ထိပါးနေသည့် ခံတွင်းကင်ဆာ ရောဂါအထိ ရောဂါမျိုးစုံလင် လှသည်။

သွားပိုးစား ရောဂါနှင့် သွားဖုံးရောဂါ များသည် လူသားအများစု ခံစားရသော သွားနှင့်ခံတွင်း ရောဂါများ ဖြစ်ကြပြီး ရောဂါဖြစ်ပွား ရခြင်း၏ အကြောင်းရင်းမှာ ပုံမှန်၊ စနစ်မှန် သွားမတိုက်ခြင်း ကြောင့် ဖြစ်သည်။ သွားပုံမှန် မတိုက်ခြင်းကြောင့် သွားနှင့် သွားဖုံးများ အကြားတွင် အစာညပ်ခြင်း၊ အစာအောင်းခြင်း၊ သွားချေးတက်ခြင်း၊ အစာဟောင်း များမှ အချဉ်ပေါက်ပြီး အက်စစ်ဓာတ် ထွက်ကာ သွားပိုးစားခြင်း၊ သွားအပေါက် ဖြစ်ပေါ်ခြင်း၊ သွားဖုံးရောဂါ များနှင့် သွားအမြစ် ဝန်းကျင် ရောင်ရမ်း ရောဂါဝင်ခြင်း များ ဖြစ်ပွားခံစား ကြရသည်။

သို့ဖြစ်ရာ သွားနှင့်ခံတွင်း ရောဂါကင်း စေရန် အစဉ်ဂရုပြု ၍ သွားပုံမှန် တိုက်ခြင်း၊ ခံတွင်း သန့်ရှင်းခြင်းဖြင့် ကျန်းမာခြင်း ဆုလာဘ်ကို ဆောင်ကြဉ်း ပေးကြရမည် ဖြစ်ပြီး နိုင်ငံသားတိုင်း အနေဖြင့် ကျန်းမာရေးကို ဘဝ တစ်လျှောက်လုံး အလေးထား စောင့်ရှောက် ကြရမည် ဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger