www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 3, 2015

ဂုဏ်ယူအပြုံး


ဂုဏ်ယူအပြုံး

ကျော်မင်းသိမ်း (ကျိုက်လတ်)

သွားနှင့်ဦးပေါ့ သားရေ... ဦးဒီစာကို ရေးနေတဲ့အချိန် ဦးတို့က တာဝန်ကျရာ နေရာမှာ ထမ်းဆောင်နေနိုင် ပေမယ့် သားကတော့ ငြိမ်းချမ်းတဲ့ စွန့်လွှတ်စွန့်စား သူတို့ ပျော်စံရာ ဘုံဘဝကနေ ဂုဏ်ယူ အပြုံးနဲ့ ကြည့်နေမယ် ဆိုတာကို ယုံကြည် နေမိတယ် သား။
.
ဦးတို့နဲ့ မမျှော်လင့်ဘဲ ခွဲခွာသွားပြီ ဆိုတာကို သားရဲ့ ဖေဖေ ဦးဆီ ဖုန်းဆက်တဲ့ အချိန် သတင်းကြားလိုက် ရတော့ ဦးနဲ့တကွ စစ်သည်တွေရဲ့ ရင်ထဲမှာ ဖော်မပြတတ်တဲ့ ခံစားမှု ဖြစ်သွား ကြတယ်သား။ သားရဲ့ ဖေဖေဆို ပိုခံစားရမှာပေါ့ သား ရယ်....
.
သားဖေဖေ ဦးဆီ ပထမတစ်ခါ ဖုန်းဆက်တုန်းက သားရဲ့ မေမေ (ဆရာမ) ဆုံးသွားလို့ သားရှေ့တန်းကနေ ခွင့်ပြန်ရောက် နေတယ်ဆိုတာ သိလိုက်ရတော့ သားမေမေ နဲ့တောင် မတွေ့လိုက်ရတဲ့ သားကို ကိုယ်ချင်းစာနာ မိပါတယ် သား။ ဒါပေမဲ့ သားရဲ့ မေမေကလည်း သစ်တောဝန်ထမ်း တစ်ဦး ဆိုတော့ သူ့သားကို ရှေ့တန်းကနေ ခွင့်ပေး လိုက်တယ်လို့ လာသမျှ မိတ်ဆွေတွေကို ဂုဏ်ယူစွာနဲ့ ပြောနေမယ့် အသံကို ဦး စိတ်ထဲမှာ ယခုထိ ကြားယောင် နေမိတယ်။ သားတို့မှာက မောင်နှမ နှစ်ယောက်တည်း မဟုတ်လား။ သားက အငယ်၊ မမကြီးက အကြီးလေ။ သားငယ် ဆိုတော့ သားကအိမ်မှာ ဗိုလ် ပေါ့။ သားမူလတန်း၊ တတိယတန်း၊ စတုတ္ထတန်း တုန်းက သားမေမေ ဗဟိုဝန်ထမ်း တက္ကသိုလ်မှာ တက်နေတဲ့ အချိန် သားလက်ရေး နဲ့ ရေးထားတဲ့ မညီမညာ စာလုံးလေး တွေနဲ့ လှနေတဲ့ စာလေးကို သားမေမေဆီ ပို့ပေးဖို့ ပြောခဲ့တဲ့သားရဲ့ ငယ်မူဘဝ အသံလေးကို ဦး ကြားယောင် နေမိတယ် သား....
.
ဦးတို့ အရာရှိငယ် ဘဝနဲ့ ပျဉ်းမနားမှာ တပ်သစ် တည်ဆောက်ရေး လုပ်ငန်းတွေ စတင် လုပ်ဆောင်နေတဲ့ အချိန် သားဖေဖေက ဝန်ထမ်းကောင်း တစ်ယောက် ပီသစွာနဲ့ ဦးတို့ တပ် တည်ဆောက်ရေး တွေမှာ ကူညီ ခဲ့တယ်လေ... အဲဒီတော့ သားတို့ မိသားစုနဲ့ ဦးတို့ တပ်မတော်သား တွေ ရင်းနှီးပြီးသား... တို့မိသားစုနဲ့ ဆွေမျိုးတွေ ဖြစ်သွားတာပေါ့။ အဲ့ဒီမှာပဲ သားဖေဖေနဲ့ မေမေက သားကို ကြီးလာရင် သူကိုယ်တိုင် တပ်မတော်မှာ တာဝန် မထမ်းဆောင်နိုင်ခဲ့ ပေမယ့် သားကို တပ်မတော် သားကောင်း တစ်ယောက် ဖြစ်စေရမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုစုပျိုးထောင် ပေးခဲ့တာ သား စစ်တက္ကသိုလ် ဆင်းတဲ့ အထိပဲပေါ့ သား ...
.
ဦးလည်း တာဝန်ကျရာ နေရာတွေကို ပြောင်းရွှေ့ရင်း နဲ့ မြိတ်ကို ရောက်တဲ့အခါ သား ဖေဖေနဲ့ အဆက်အသွယ် ရပြီး သားက ဦးတို့ ကွပ်ကဲမှုအောက် တပ်မှာ ဗိုလ်ကြီးဘဝနဲ့ တာဝန်ထမ်းဆောင် နေတယ်။ ပြည်ပဘွဲ့တောင် ရယူပြီးပြီ ဆိုပြီး သားဖေဖေ က ဂုဏ်ယူစွာနဲ့ ပြောပြခဲ့လို့ သားနဲ့ ဦးမြိတ်မှာ တစ်ခါဆုံခဲ့တော့ ငယ်ငယ်တုန်းက ဦးတို့ ထိန်းကျောင်း ခဲ့တဲ့ ကလေး အခု တပ်မတော်သားကြီး ဖြစ်နေတာ သိရတော့ ဦး အင်မတန်ပဲ ဝမ်းသာဂုဏ်ယူ မိခဲ့တယ် သား။ ဒီလိုနဲ့ ဦးလည်း တာဝန်ကျရာ နေရာ အသီးသီးကို ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရင်း သားတို့နဲ့ ဝေးကွာခဲ့ ရပြန်တယ်...
.
၁၈-၂-၂ဝ၁၅ နေ့မှာတော့ သားဖေဖေ ဦးဆီ ဖုန်းဆက်ပြန်တယ် သားရေ.....
.
သားတစ်ယောက် သားချစ်တဲ့ ရဲဘော်တွေနဲ့အ တူ လောက်ကိုင်ဒေသ မှာ ပြောင်မြောက်စွာ တာဝန် ထမ်းဆောင်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူ ခဲ့တယ်ဆိုတာကို ဦးနားနဲ့ ကြားလိုက်ရတဲ့ အချိန်မှာ ဦးလည်း ပုထုဇဉ်လူသား ပီပီ ခံစားလိုက်ရတယ် သား.... သားနဲ့ အတူ တိုက်ပွဲဝင်ခဲ့တဲ့ စစ်သည်အပေါင်း ကိုလည်း ရင်ထဲက လှိုက်ဖိုစွာနဲ့ အကြိမ်ကြိမ် အခါခါ ပြောမပြ လောက်အောင် လေးစားဂုဏ်ယူ မိခဲ့ပါတယ် သားရေ.....
.
ဦးအနေနဲ့သားရဲ့ ဖေဖေကိုလည်း ကိုယ်ချင်းစာမိ ပါတယ် သား.... သားရဲ့ မေမေ သားတို့နဲ့ ခွဲခွာပြီး ၄၂ ရက် ပြည့်တဲ့နေ့ မှာပဲ သားကလည်း ခွဲခွာသွားပြန်ပြီ ဆိုတဲ့ သားဖေဖေရဲ့ ရင်ထဲ၊ အသည်းထဲက ပေါ်ထွက်လာတဲ့ စကားသံကို ကြားလိုက်ရတဲ့ အခါ ဦးလည်း ထပ်တူထပ်မျှ ခံစား လိုက်ရတယ်သား။ ဒါပေမဲ့ သားရဲ့ ဖေဖေ ဖုန်းထဲမှာ နောက်ဆုံး ပြောခဲ့တဲ့ စကားကတော့ ''သူငယ်ချင်း မင်းလည်း ရှေ့တန်းမှာ တာဝန်ထမ်းဆောင် နေရတာ သတိအမြဲရှိ ပါလို့ ... '' ပြောတဲ့ အသံကြားလိုက် ရတဲ့အချိန်မှာ ဦး မင်းဖေဖေရဲ့ မျက်နှာကို မြင်ယောင် နေမိတယ်။
.
သားရဲ့ ဖေဖေ ပြုံးနေမယ် ဆိုတာကိုလေ.....သားဖေဖေ က အမြဲတမ်း စကားပြောရင် အပြုံးလေးနဲ့ ပြောတတ်တယ်လေ။ ဒါပေမဲ့ ဒီတစ်ခါပြုံးတဲ့ အပြုံးကတော့ သားကောင်း တစ်ယောက် အတွက် ဂုဏ်ယူတဲ့ အပြုံး၊ ဂုဏ်ယူအပြုံးပဲ ဖြစ်လိမ့်မယ် သား။ သားဖေဖေရဲ့ သူငယ်ချင်း အပေါ် ထားရှိတဲ့ ရဲဘော်ရဲဘက်စိတ်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ် တွေရှိတဲ့ မိဘတွေကနေ မွေးဖွားပေးခဲ့တဲ့ သားကောင်း ရတနာတွေဟာ ရှေ့တန်း တစ်နေရာမှာ အရိုးကွဲအက် လောက်အောင် အေးတဲ့ အအေးဒဏ် တွေကို ကြံ့ကြံ့ခံရင်း သတိရှိစွာနဲ့ တာဝန်တွေ ကျေပွန်စွာ ထမ်းဆောင်နေတယ် သူငယ်ချင်းလို့ ဦးပြန်ပြော လိုက်တယ် သား။
.
သားကောင်းရတနာ များရဲ့ မိဘစိတ်ဓာတ် များကို ဂုဏ်ပြုရင်း တိုင်းပြည်အတွက် အသက်ပေးလှူ သွားသော ဗိုလ်ကြီး ညီညီစိုးစံ နှင့် တိုက်ပွဲဝင် စစ်သည် အပေါင်းအား အလေးပြုလျက် ......
.
#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger