www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 3, 2015

မြစ်ဝကျွန်းပေါ်ဒေသ များတွင် ရေသယံဇာတ ခရုများ သိသာစွာ လျော့နည်းလာ





ရန်ကုန် ၊ ၃-၃-၂၀၁၅

မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေ ဒေသများတွင် ခရုဈေးကွက် ဖြစ်ပေါ် လာခဲ့သည်မှာ နှစ် ၂ဝ ကျော်မျှသာ ရှိသေးသည်။ ပထမဆုံး ဈေးကွက်ဝင် ဖြစ်လာသည့် ခရုများမှာ ''မရွတ်ခရု'' များဖြစ်သည်။ အဆိုပါ ခရုများကို ''ခရုဖင်လိမ်'' ဟူ၍ လည်းကောင်း၊ ''စေတီပုံခရု'' ဟူ၍ လည်းကောင်း ဒေသအလိုက် အမည် အမျိုးမျိုး ပြောင်းလဲခေါ်ဝေါ် ကြသည်။ အဆိုပါ မရွတ်ခရု များမှာ ပြည်ပ ဈေးကွက်ဝင် ကုန်ပစ္စည်းများ ဖြစ်လာသဖြင့် ဒီရေတောကြီး များနှင့် ရွှံ့နွံအိုင်စပ်၊ မြစ်ချောင်း ကမ်းခြေ ဒေသများတွင် အလကား ကောက်ယူ ရရှိနေသည့် ''မရွတ်ခရု'' များမှ ဝင်ငွေတိုးတက် ရရှိခဲ့ ကြသည်။

သို့သော် မရွတ်ခရု များမှာ လေး၊ ငါး၊ ခြောက်နှစ်ခန့် အကြာ သက္ကရာဇ် ၂ဝဝ၇ နှစ်ခန့်တွင် ဈေးကွက်တစ်ခု အနေဖြင့် လုပ်ကိုင် ဆောင်ရွက်၍ မရနိုင် လောက်အောင် ရှားပါးသွား ခဲ့သဖြင့် ဈေးကွက် ပျောက်ကွယ် သွားခဲ့သည်။ 

ထိုအချိန်မှ စ၍ ကမ်းခြေဒေသ များတွင် မရွတ်ခရု များကို မတွေ့ရ တော့ပေ။ မရွတ်ခရု များမှာ ဖမ်းဆီး ရောင်းချမှု များပြားလွန်း သဖြင့် စားကျက် ပြောင်းရွှေ့ သွားခဲ့လေသလား၊ မျိုးသုဉ်း လျော့ပါး သွားခဲ့ လေသလား ဟူသည့် မသေမချာ၊ မရေမရာ အတွေးများ နှင့်ပင် မရွတ်ခရုများ ကမ်းခြေဒေသ များမှ ပျောက်ကွယ် သွားခဲ့သည်။ မရွတ်ခရု ဈေးကွက် ကွယ်ပျောက် သွားသည်နှင့် ကြက်ဥခရု၊ ဂုမ္ဘာန်ခရု နှင့် ခုံးခရုများ ပြည်ပ ဈေးကွက်ဝင် ကုန်ပစ္စည်း ဖြစ်လာခဲ့ ပြန်သည်။

ကြက်ဥခရု နှင့် ဂုမ္ဘာန်ခရု များမှာ အချိန်တို အတွင်းမှာပင် ဈေးကွက်မှ ပျောက်သွားခဲ့ပြီး ခုံးခရု ဈေးကွက် တစ်ခုတည်းသာ တွင်ကျယ်စွာ လုပ်ကိုင် ဆောင်ရွက် နေခဲ့သည်။ ခုံးခရုများမှာ ကမ်းခြေ သဲသောင်များ အောက်တွင် ငုပ်လျှိုး နေကြသဖြင့် ခရုရှာဖွေ သူများမှာ ကမ်းခြေ သဲသောင်များကို တူးဆွရှာဖွေ ယူကြရသည်။ မြစ်ဝကျွန်းပေါ် ပင်လယ် ကမ်းခြေဒေသ များတွင် ဆူနာမီ ဒီရေလှိုင်း ရိုက်ခတ်ပြီး နှစ်လခန့် အကြာတွင် သဲသောင်ပြင် အောက်၌ ငုပ်လျှိုး နေကြသည့် ခုံးခရု များမှာ သဲသောင်ပြင် ပေါ်သို့ တက်လာခဲ့ ကြသည်။ 

ဘိုကလေးမြို့နယ် ပင်လယ် ကမ်းခြေဒေသရှိ သောင်တာ၊ ကျွဲဖြူကျေးရွာ နှင့် အေရာ ကျေးရွာကြားရှိ ငါးမိုင်ခန့် ရှည်လျားသည့် သဲသောင်ပြင် ပေါ်တွင် ခုံးခရုများ အံ့ဖွယ် ကောင်းလောက်အောင် ပေါ်ထွက် လာခဲ့သည်။ ငါးမိုင်ခန့် ဧရိယာ အတွင်းမှာ နေရာလွတ် မရှိအောင် ခုံးခရုတွေ ပေါ်တက်နေပြီး ထုထည်မှာ တစ်ပေခန့် ရှိသည်။ ကျွဲဖြူ၊ သောင်တာ နှင့် အေရာ ကျေးရွာများ ၏ သဲသောင် ကမ်းခြေ တစ်ခွင်မှာ ခရု ပင်လယ်ပြင်ကြီး သဖွယ် တွေ့မြင် နေရသည်။ ထို့ကြောင့် ခရုများကို ကောက်ယူ ကျုံးထည့်ရုံ မျှနှင့် အလွယ်တကူ ရရှိလာ ခဲ့ကြသည်။ ထိုအချိန် မှာ မြစ်ဝကျွန်းပေါ် ပင်လယ်ပြင် တစ်ခွင်တွင် မည်သည့် နေရာမှာမျှ ခရုရှာ၍ မရတော့ဘဲ အဆိုပါ နေရာတစ်နေရာ တည်းမှာပင် ခုံးခရု ပင်လယ်ပြင်ကြီး ဖြစ်နေခဲ့သည်။ ခရု ပင်လယ်ပြင်ဖြစ်နေသည် မှာလည်း ခုံးခရု တစ်မျိုးတည်းသာ ဖြစ်သည်။

ထိုအချိန်တွင် ခရု ပြည်ပဝယ်လက် များကလည်း အဝယ်သွက် နေသဖြင့် မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေ ဒေသအသီးသီး မှ နေ့စဉ် စက်လှေအစီး သုံးရာကျော် အထိ လာရောက် ကောက်ယူ နေသဖြင့် ဈေးသည်များနှင့် ပွဲဈေးတန်းကြီး သဖွယ် စည်ကားနေခဲ့သည်။ သို့သော် ခရုများမှာ သုံးလေးလ အတွင်းမှာပင် သဲသောင်ပြင် အောက်သို့ ပြန်လည် ငုပ်လျှိုး သွားခဲ့ကြသဖြင့် ယခင်က ကဲ့သို့ပင် ကမ်းခြေ သဲသောင်များကို တူးဆွရှာဖွေ ယူကြရသည်။ ထို့နောက် ကမ်းခြေဒေသ များတွင် ခုံးခရုများ တဖြည်းဖြည်း ရှားပါးလာကာ ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်းတွင် ဈေးကွက်၏ လိုအပ်ချက်ကို ပြည့်မီအောင် မရရှိနိုင်တော့ သဖြင့် ခုံးခရု ဈေးကွက် ပျောက်ကွယ် သွားခဲ့ရ ပြန်သည်။ ခုံးခရုများမှာ ဖမ်းဆီး ရောင်းချမှု များပြား လွန်းသဖြင့် စားကျက် ပြောင်းရွှေ့ သွားခဲ့ လေသလား၊ မျိုးသုဉ်း လျော့ပါးသွားခဲ့ လေသလား ဟူသည့် မသေမချာ၊ မရေမရာ အတွေးများနှင့် ပင် ဈေးကွက် ပျောက်ကွယ် သွားခဲ့သည်။

ခုံးခရု ဈေးကွက် ပျောက်ကွယ် သွားပြီး မကြာမီ နန်ဒလိုင်ခရု ဈေးကွက် ထပ်မံဖြစ်ပေါ် လာခဲ့ပြန်သည်။ နန်ဒလိုင်ခရု များမှာ ယခင်က ဈေးကွက်ဝင် ခရုများထက် ဈေးနှုန်း ပိုမို ရရှိနေသဖြင့် ခရုလုပ်ငန်းနှင့် ချမ်းသာသွား သူများပင် ရှိလာခဲ့သည်။ ထို့ကြောင့် ၂ဝ၁ဝ ပြည့်နှစ် ခန့်တွင် လုပ်ကိုင်သူ သိသိသာသာ များပြား လာသဖြင့် ရှေးယခင် ခရုများ ကဲ့သို့ပင် စားကျက် ပြောင်းရွှေ့ သွားခဲ့လေ သလား။ မျိုးသုဉ်း ပျောက်ကွယ် သွားခဲ့လေ သလားမသိ။ ယခုနှစ် ပင်လယ်ရေ လုပ်ငန်း ရာသီတွင် ဖမ်းဆီးရမိမှု မရှိတော့ သဖြင့် လုပ်ကိုင် ဆောင်ရွက် နိုင်ခြင်း မရှိတော့ဘဲ ဈေးကွက် ပျောက်ကွယ် သွားခဲ့ ရပြန်သည်။

မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေ ဒေသများတွင် ခရုတစ်မျိုး ဈေးကွက် ပျောက်သွားလျှင် နောက်ထပ် ခရုတစ်မျိုး ဈေးကွက် ဝင်လာလေ့ ရှိသဖြင့် နန်ဒလိုင် ခရုများ စားကျက် ပြောင်းသွားသည် ဖြစ်စေ၊ မျိုးသုဉ်း လျော့ပါး သွားသည်ဖြစ်စေ၊ နောက်ထပ် ခရု တစ်မျိုးမျိုး ဈေးကွက်ဝင် ဖြစ်လာ ဦးမည်ဟု ခန့်မှန်း နေကြသည်။ ဤသို့ဆိုလျှင် နောက်ထပ် ဈေးကွက်ဝင် လာမည့် ခရုများမှာလည်း ယခင် ဈေးကွက်ဝင် ခရုများ ကဲ့သို့ပင် ဖမ်းဆီး ရောင်းချမှု များပြားလွန်း သဖြင့် စားကျက် ပြောင်းရွှေ့ သွားခဲ့ လေသလား၊ မျိုးသုဉ်း လျော့ပါး သွားခဲ့ လေသလား ဟူသည့် မသေမချာ၊ မရေမရာ အတွေးများ နှင့်ပင် လျော့ပါး ပျောက်ကွယ် သွားဦးမည် ဖြစ်သည်။

ထို့ကြောင့် မြန်မာ့ ပင်လယ်ပြင်မှ ရေထွက်ကုန် ပစ္စည်းများ ပြည်ပ ဈေးကွက်ဝင် ဖြစ်လာခဲ့သည်မှာ ကောင်းကျိုး ချမ်းသာ ဖြစ်စေသော်လည်း မြန်မာ့ ပင်လယ်ပြင်မှ ရေသယံဇာတ များ တဖြည်းဖြည်း လျော့ပါး ပျောက်ကွယ် သွားမည့် အရေးကို လည်း ထည့်သွင်း စဉ်းစားကြ ရမည် ဖြစ်ကြောင်း သိရှိရသည်။ (၃၃၆)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger