www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 12, 2015

ဆေးထိုးမှား၍ ပျက်စီးသွားသော သစ်မွှေးမျိုးစုံကို ပြန်လည်ပြုပြင်ရာတွင် မူလအခြေအနေ ရောက်ရန် အချိန် ငါးနှစ်ခန့် ကြာမြင့်မည်ဟု သိရ



မန္တလေး ၊ ၁၂-၃-၂၀၁၅

မြန်မာ့ သစ်မွှေးသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး မျိုးစိတ်အဖြစ် မှတ်တမ်းဝင် ခဲ့ပြီးနောက် ဈေးကွက် ကို ဦးဆောင်နိုင်ရေး အတွက် စီးပွားဖြစ် ထုတ်လုပ် နိုင်သော်လည်း ၄င်း အခြေအနေသို့ မရောက်ရှိဘဲ မသန်စွမ်း ဖြစ်သွားသော အစေ့များကို ပြုပြင်မှုသာ အားယူ လုပ်ဆောင် နေရသည်ဟု သစ်မွှေး ဝါသနာရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ထိုသို့ ပြုပြင်ရာတွင် ဆေးထိုးမှား၍ ပျက်စီးသွားသော သစ်မွှေးမျိုးစုံ ကို ပြန်လည်ပြုပြင် ရာတွင် မူလ အခြေအနေ ရောက်ရှိရန် အချိန်လေး၊ ငါးနှစ်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း၊ သစ်မွှေး ဖြစ်မလာဘဲ ရောဂါဝင် သွားသော ပျိုးပင်များကို ကုသရေး လုပ်ဆောင် နေရသဖြင့် ဈေးကွက် အတွင်းသို့ ရောက်ရှိရန် အချိန်များစွာ လိုအပ်မည် ဖြစ်ကြောင်း အတွင်းရေးမှူး တစ်ဦးက ပြောပြသည်။

သဘာဝ သစ်မွှေးသည် ကမ္ဘာ့ ဈေးကွက်တွင် တစ်ကီလိုဂရမ် လျှင် အမေရိကန်ဒေါ်လာ ငါးသောင်းမှ ခြောက်သောင်းအထိ ပေါက်ဈေးရှိခဲ့ပြီး မှောင်ခို ဈေးကွက် အားကောင်းခဲ့ သဖြင့် ယခုအခါ အရည်အသွေး မြင့်မားသော သစ်မွှေးများ ရှားပါးသွားပြီ ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော လေးနှစ်ခန့်က မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် သစ်မွှေး စိုက်ပျိုးမှု အားကောင်းခဲ့ သော်လည်း ပြည်ပမှ နည်းမျိုးစုံဖြင့် ဝင်ရောက် လာသော တရားမဝင် ဆေးထိုးမှု များကြောင့် ပျက်စီးမှုများ ကြုံတွေ့ ခဲ့ရပြီး ဈေးကွက်သို့ မဝင်ရောက်မီ အားနည်းလျက် ရှိကြောင်း ၄င်းက ''သစ်မွှေးကို စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ဖို့ အတွက် မျိုးထိန်းသိမ်းတဲ့ လုပ်ငန်းကို အဓိက လုပ်နေရတယ်။ ဆေးထိုးတာကို ပြန်ကုစား ရတာလဲ လေးနှစ် ငါးနှစ် ကြာတယ်'' ဟု ဆက်လက် ပြောပြသည်။

သစ်မွှေး ဝါသနာရှင် အသင်းမှာ ကချင်ပြည်နယ် ၏ လိုအပ်ချက် အရ ဖွဲ့စည်းတည်ထောင် ထားသော အသင်းဖြစ်ပြီး မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ သစ်မွှေး စိုက်ပျိုးလိုသူ များနှင့် ဝါသနာရှင်များ အတွက် လိုအပ်သော နည်းပညာနှင့် သတင်း အချက်အလက် ပံ့ပိုးကြသည့် အသင်း ဖြစ်ကြောင်း သိရသည်။ 

ဆေးထိုးမှား၍ ပျက်စီးသွားသော သစ်မွှေးပင်များ ကို ကုစားရာတွင် စိန်ခေါ်မှု များစွာ ကြုံတွေ့ရပြီး ကုစားမှု အောင်မြင်ရန် အတွက် ဂရုစိုက်မှုများ လိုအပ်ကြောင်း သိရသည်။

သစ်မွှေးပင်ကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ် နိုင်ရန်အတွက် အချိန်ခုနစ်နှစ်ခန့် ကြာမြင့်ပြီး မြန်မာနိုင်ငံ၏ နေရာ အနှံ့အပြားတွင် စိုက်ပျိုးနိုင်ကြောင်း သိရသည်။ ထို့ပြင် စိုက်ပျိုးသူများ အနေဖြင့် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ မသုံးသင့်ဘဲ သစ်မွှေး၏ သဘာဝကို နားလည်ရန် လိုအပ်ကြောင်း သိရသည်။ သစ်မွှေးကို ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း၊ ချင်း၊ ကယား၊ ကရင်၊ ရခိုင်၊ ကချင်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး တို့တွင် တွေ့ရှိရကြောင်း သိရသည်။ (၁၇၂)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger